Healthy Life Ad
Q & A

သင့်ခန္ဓာကိုယ်ကို ချစ်ခင်ကြင်နာပါ

—–၊ ပါမောက္ခဦးနေဝင်း (အရိုးအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။

A. ဆရာ့အတွေ့အကြုံအရ လူအများစုက ကိုယ့်ခန္ဓာကိုယ်ကို ဂရုမစိုက်ကြတာ များပါတယ်။ ခါးကို ကုန်းကုန်းကွကွနဲ့ အလုပ်တွေလုပ်တယ်၊ ခါးကိုဒဏ်ဖြစ်စေမယ့် အလုပ်တွေကို လုပ်တယ်၊ ကိုယ်နဲ့မနိုင်တဲ့ ဝန်အလေးကြီးတွေကို ထမ်းကြပါတယ်။ ဒါတွေက ကြာလာတဲ့အခါ ခါးမှာဒဏ်ဖြစ်လာတာကို တွေ့ရပါတယ်။ အများအားဖြင့် ခါးနာတဲ့သူတွေက အနေအထိုင်မမှန်လို့ ဖြစ်ကြတာ များပါတယ်။

လူရဲ့ ခန္ဓာကိုယ်အနေအထားအရ ကိုယ်ဟန်က နံရံနဲ့ ခန္ဓာကိုယ်ကို ကပ်လိုက်ရင် တင်ပါးက နံရံကိုထိနေရမယ်။ ခေါင်းက နံရံကိုကပ်နေရမယ်။ မတ်တပ်ရပ်တဲ့အခါ၊ လမ်းလျှောက်ပြီး သွားလာတဲ့အခါတွေမှာ အဲဒီလို ကိုယ်ဟန်(Posture) ဖြစ်နေရပါမယ်။ ဒီလိုမျိုး ခန္ဓာကိုယ်ကို ခပ်မတ်မတ်နေမှသာ အရိုး၊ အဆစ်၊ ကြွက်သားနဲ့ အရွတ်တွေအပေါ် ဒဏ်ပိတာ နည်းသွားနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ထိခိုက်မှု လျော့နည်းနိုင်ပါတယ်။

လူအများစုက ကြောက်တတ်တာကော၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်တာရောကြောင့် ခါးကိုကိုင်းပြီး ခပ်ရို့ရို့လေးနေတတ်၊ ထိုင်တတ်၊ သွားလာတတ်ကြတယ်။ တကယ်တော့ ကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နိုးရပါမယ်။ ကိုယ့်အလုပ်ကို ဂုဏ်ယူတတ်ရပါမယ်။ ဆရာဝန်ကြီး၊ အင်ဂျီနီယာကြီးဖြစ်မှ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ချည်းလည်း တည်ဆောက်လို့ မရပါဘူး။ ဘယ်သူမဆို သူ့နေရာနဲ့သူ အသုံးဝင်တာချည်းပါပဲ။ ဆရာတို့ဆိုရင်လည်း သန့်ရှင်းရေးသမားမရှိရင် အလုပ်ကောင်းကောင်းလုပ်လို့ မရနိုင်ပါဘူး။ သန့်ရှင်းရေးသမားကလည်း လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တာပါပဲ။ ဒါကြောင့် ကိုယ့်အလုပ်ကို သိမ်ငယ်ဖို့မလိုပါဘူး။ ဂုဏ်ယူကြပါလို့ ပြောချင်ပါတယ်။

“ကိုယ်ဟန်က နံရံနဲ့ခန္ဓာကိုယ်ကို ကပ်လိုက်ရင် တင်ပါးက နံရံကို ထိနေရမယ်။ ခေါင်းက နံရံကို ကပ်နေရမယ်။ မတ်တပ်ရပ်တဲ့အခါ၊ လမ်းလျှောက်ပြီး သွားလာတဲ့အခါတွေမှာ အဲဒီလို ကိုယ်ဟန်(Posture)ဖြစ်နေရပါမယ်။ ဒီလိုမျိုးခန္ဓာကိုယ်ကို ခပ်မတ်မတ်နေမှသာ အရိုး၊ အဆစ်၊ ကြွက်သားနဲ့ အရွတ်တွေအပေါ် ဒဏ်ပိတာ နည်းသွားနိုင်ပါတယ်” . . .

ခန္ဓာကိုယ်ကျန်းမာရေးအတွက် ရင်ကိုကော့ပြီး၊ ပခုံးတွေကိုမတ်ပြီး လမ်းလျှောက်ပါ၊ ခပ်မတ်မတ်ထိုင်ပါ၊ ဒါက လူကြီးတွေကို မခန့်လေးစားလုပ်တဲ့ သဘောမျိုး မဟုတ်ပါဘူး။ ခန္ဓာကိုယ်ဟန်ကို အနေအထားမှန်မှန်ထားပြီး သွားလာလှုပ်ရှားတာကြောင့် ပိုပြီး ကြည့်ကောင်းစေပါတယ်။ ခါးနာတာကိုလည်း သက်သာစေပါတယ်။ လူအများစုက ကွန်ပျူတာသုံးတဲ့အခါ ခါးကို နောက်မှာမှီပြီး ကိုယ်ကိုလိမ်ပြီး နေတတ်ကြတယ်။ ဒီလိုထိုင်တာကြာရင် ခါးရိုး၊ တင်ပဆုံရိုးတစ်ဝိုက်က အဆစ်၊ ကြွက်သားနဲ့ အရွတ်တွေပေါ်မှာ Strain (ဒဏ်) သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကြာလာရင် ခါးအာရုံကြောညပ်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဟန်အနေအထား မမှန်ရင်၊ အလေးအပင်မရင်၊ ကားကြာကြာစီးပြီး ခရီးသွားရရင် ခါးနာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူပါဘူး။ တချို့လူတွေက ကိုယ်လက်ကြံ့ခိုင်ရေး ကောင်းနေတော့ ခံနိုင်ရည်ရှိတတ်ပါတယ်။ တချို့လူတွေက တချို့ရောဂါတွေကို ပိုဖြစ်လွယ်တတ်ပါတယ်။ တချို့လူတွေဟာ ခါးပိုနာတတ်တယ်၊ တချို့လူတွေက ခေါင်းပိုကိုက်တတ်ပါတယ်။

Q. လူတွေက ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်စောင့်ရှောက်ဖို့နဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင် ပြောပေးပါဦး ဆရာ။

A. လူဆိုတာ မော်တော်ကားနဲ့တူပါတယ်။ မော်တော်ကားမှာ စက်ပိုင်းဆိုင်ရာတွေ အကုန်လုံးကောင်းဖို့ လိုပါတယ်။ မီးသီးမရှိရင် ညကားမောင်းလို့ မရသလို မိုးရွာလို့ ဝိုက်ပါမရှိရင်လည်း ကားမောင်းလို့ မရပါဘူး။ လူမှာလည်း အဲဒီအတိုင်းပါပဲ။ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အကုန်လုံးက သူ့ဟာနဲ့သူ အရေးကြီးနေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်နေရမယ်။ ခန္ဓာကိုယ်ကျန်းမာရေးကို အလေးပေးနေရမယ်။ ဒါကို တချို့လူတွေက မသိကြပါဘူး။ ခါးနာမှာကို မသိဘဲ အလေးအပင်တွေ မတာတို့၊ ကုန်းကုန်းကွကွ လုပ်တာတို့ လုပ်ကြတယ်။ တကယ်တော့ ခါးက သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်။ အလေးအပင်တွေကို မနိုင်ရင် သွားမ,မပါနဲ့။ ခါးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ မော်တော်ကားကိုလည်း ကြာရှည်ခံအောင် အမြဲလိုလို ပြုပြင်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ လုံးဝပျက်စီးပြီးမှ ပြုပြင်မယ်ဆိုရင် မလွယ်ပါဘူး။ ဒီသဘောအတိုင်းပါပဲ .. လူ့ခန္ဓာကိုယ်ကိုလည်း အမြဲဂရုစိုက် ထိန်းသိမ်းပေးနေဖို့လိုပါတယ်။ ဒါဆိုရင် ရောဂါဘယကင်းကင်းနဲ့ သက်တမ်းရှည်ရှည် နေရနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကို တန်ဖိုးထားပါ။ ကိုယ့်ခန္ဓာကိုယ်ကို ချစ်ခင်ကြင်နာပါ။ လူဆိုတာ သူ့နေရာနဲ့သူ ဂုဏ်ရှိနေတာပါပဲ။ ဒါကိုသိဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်ရပါမယ်။

Most Popular

Healthy Life Ad
To Top