Healthy Life Ad
Health Tips

အစာအိမ်ဘက်တီရီးယားပိုး H.pylori အကြောင်း

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အစာအိမ်အနာက စိတ်ဖိစီးမှုတစ်ခုတည်းကြောင့် ဖြစ်တတ်တာ မဟုတ်ဘူးဆိုတာ သင်သိပါရဲ့လား။ အခုနောက်ပိုင်းမှာ အစာ အစာအိမ်ဘက်တီးရီးယားပိုး (Helicobacter pylori) ပိုးကြောင့်လည်း အစာအိမ်အနာ ဖြစ်စေတယ်ဆိုတာ လူအတော်များများ သိလာကြပါပြီ။ ဒါကြောင့် အစာအိမ်ဘက်တီးရီးယားပိုး H.pylori နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အကြောင်းတွေကို ဒီနေ့မှာ မျှဝေပေးလိုက်ပါတယ်။

H.pylori ဆိုတာဘာလဲ

H.pylori ပိုးက အစာအိမ်ကို ရောင်စေပါတယ်၊ အစာအိမ်နဲ့ အူသိမ်မှာ အနာဖြစ်စေနိုင်ပါတယ်၊ အစာအိမ်ကင်ဆာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အခုနောက်ပိုင်းမှာ H.pylori ပိုးကြောင့် အစာအိမ်နာတာနဲ့ လေနာတာ အဖြစ်များလာပါတယ်။

H.pylori ရှိရင် ဘယ်လိုဝေဒနာတွေ ဖြစ်တတ်ပါသလဲ

H.pylori ပိုးကြောင့် အစာအိမ်အနာနဲ့ လေနာတာဖြစ်ရင် ဗိုက်နာခြင်း၊ လေတက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ ပျို့အန်ဖြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ကြာလာရင် အစားပျက်ရာက ကိုယ်အလေးချိန် လျော့ကျတာ၊ အားနည်းတာတွေ ဖြစ်လာတတ်ပါတယ်။

H.pylori ရှိ၊မရှိ ဘယ်လိုစစ်ဆေး သိရှိနိုင်သလဲ

(၁) အစာအိမ်မှန်ပြောင်းကြည့်ခြင်း

(၂) ဆေးဓာတ်မှန်ရိုက်ခြင်း

(၃) ဝမ်းမှပိုးစစ်ခြင်း

တခြားစစ်ဆေးနည်းတွေလည်း ရှိပေမယ့် ဒီနည်းတွေထဲက အစာအိမ်မှန်ပြောင်း ကြည့်တဲ့နည်းက အသုံးများပါတယ်။ ဒါက ပိုးရှိ၊ မရှိ သိနိုင်တဲ့အပြင် သံသယရှိတဲ့နေရာက အသားစကိုပါ ယူနိုင်တဲ့အတွက် အစာအိမ်အနာ၊ ကင်ဆာအစောပိုင်း အခြေအနေတွေကိုပါ တပါတည်း သိရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ အစာအိမ်အနာတွေက အကိုက်အခဲပျောက်ဆေး တာရှည်သုံးစွဲတာ၊ ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှု များတာတွေနဲ့ ဆက်စပ်ဖြစ်ပေါ်တတ်ပါသေးတယ်။ ဒါကြောင့် H.pylori ပိုးရှိ၊ မရှိ စစ်ဆေးကြည့်သင့်တာ ဖြစ်ပါတယ်။

H.pylori ရှိရင် ဘယ်လိုကုသမှု ခံယူသင့်ပါသလဲ

H.pylori ပိုးက အစာအိမ်အက်ဆစ် ချေဖျက်တဲ့ ဆေးတွေနဲ့ မပျောက်နိုင်ပါဘူး။ ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ဆေးကိုတော့ သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမှာ ဖြစ်ပါတယ်။

ဘာတွေ ဆင်ခြင်ရမလဲ

(၁) ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကို ဆင်ခြင်ရပါမယ်။

(၂) အပူအစပ်စာတွေစားခြင်း၊ လက်သုပ်ချဉ်နဲ့ မသန့်ရှင်းတဲ့ အသုပ်တွေစားခြင်းကို ဆင်ခြင်ရပါမယ်။

(၃) အစာမာမာ၊ ကြေညက်ခဲတဲ့ အစာ (ဥပမာ-ကောက်ညင်း)နဲ့ တာရှည်ခံအစားအသောက်တွေကို ဆင်ခြင်ရပါမယ်။

(၄) အကိုက်အခဲပျောက်ဆေးတွေကို မသောက်သင့်ပါဘူး။

(၅) ကော်ဖီ၊ လက်ဖက်ရည် ခပ်ပြင်းပြင်းသောက်ခြင်း/အလွန်အကျွံသောက်ခြင်းတို့ကို ဆင်ခြင်ရပါမယ်။

ဘာတွေ လိုက်နာရမလဲ

(၁) ဗိုက်နာချိန်မှာ နို့ပူပူသောက်လို့ရပါတယ်။

(၂) ဆန်ပြုတ်၊ မြူစွမ်ပူပူနဲ့ ပျော့ပျောင်းတာကို စားပေးပါ။

(၃) အစာစားပြီး လမ်းလျှောက်ပေးပါ။

(၄) ရေများများ သောက်ပေးပါ။

(၅) စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကကို တတ်နိုင်သမျှ လျှော့ချပါ။

Most Popular

Healthy Life Ad
To Top