Healthy Life Ad
Health Tips

သွေးစုနာနှင့် အနာစိမ်းပေါက်နေလျှင်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

သွေးစုနာဆိုတာ ဆံချည်မျှင်အိတ်ထဲမှာ ဘက်တီးရီးယားပိုးတွေ စုပုံပြီး ရောင်ရမ်းမှုဖြစ်ရာက နာကျင်တဲ့ ပြည်တည်အနာဖြစ်လာတာ ဖြစ်ပါတယ်။ အစပိုင်းမှာနီမြန်းပြီး နာကျင်ရာက ပြည်တွေနဲ့ ပြည့်လာကာ တဖြည်းဖြည်းကြီးလာပြီး နာကျင်တတ်ပါတယ်။ နောက်ပိုင်းမှာ ပေါက်ထွက်သွားတတ်ပါတယ်။ အနာစိမ်းကလည်း အရေပြားအောက်မှာ ကူးစက်ပိုးတွေစုပြီး ဖြစ်လာတာပါ။ များသောအားဖြင့် အနာစိမ်းနဲ့ သွေးစုနာကို အိမ်မှာပျောက်အောင် လုပ်နိုင်ပေမယ့် အချွန်တစ်ခုခုနဲ့ ထိုးတာကိုတော့ မလုပ်သင့်ပါဘူး။ ကူးစက်ပိုးဝင်နိုင်ခြေ များပါတယ်။ အနာစိမ်းနဲ့ သွေးစုနာက အလွန်အမင်း နာကျင်တယ်ဆိုရင်၊ နှစ်ပတ်ကျော်ကြာတဲ့အထိ မပျောက်ရင်၊ အဖျားနဲ့တွဲဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

သွေးစုနာနှင့် အနာစိမ်းတို့၏ လက္ခဏာများ

သွေးစုနာက အများအားဖြင့် ပေါင်နဲ့တင်ပါးတွေမှာ ဖြစ်တတ်ပါတယ်။ သွေးစုနာဖြစ်တဲ့အခါ နာကျင်မှုနဲ့အတူ တစ်ခါတရံ ဖျားနာတာ၊ ညောင်းညာကိုက်ခဲတာတို့တောင် ဖြစ်တတ်ပါသေးတယ်။ အနာစိမ်းကတော့ အရေပြားဘယ်နေရာမှာမဆို ဖြစ်နိုင်ပြီး အဓိကအားဖြင့် လည်ပင်း၊ ချိုင်း၊ ပေါင်နဲ့တင်ပါးတွေမှာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အမွေးရှိပြီး ချွေးထွက်များတဲ့နေရာ၊ ပွတ်တိုက်မှုများတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ အနာစိမ်းဖြစ်ရင် ပဲစေ့အရွယ် နီမြန်းနာကျင်တဲ့ အဖုက စဖြစ်တတ်ပါတယ်။ ရက်အနည်းငယ်အတွင်း ပြည်တွေပြည့်ပြီး ရောင်ရမ်းနာကျင်တတ်ပါတယ်။

သွေးစုနာနဲ့ အနာစိမ်း ဘာကြောင့်ဖြစ်ရတာလဲ

အနာစိမ်းအများစုက Staphylococcus aureus ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် အဖြစ်များပါတယ်။ အရေပြားထိခိုက်ဒဏ်ရာရတဲ့ နေရာ၊ အင်းဆက် အကိုက်ခံရတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ

ကျန်းမာရေးကောင်းတဲ့သူတွေ အပါအဝင် လူတိုင်းအနာစိမ်း ဒါမှမဟုတ် သွေးစုနာဖြစ်နိုင်ခြေ ရှိပါတယ်။ စတပ်ပိုးရှိသူနဲ့ ထိတွေ့မှုများရင် ဖြစ်နိုင်ခြေများပါတယ်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်က ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ခက်ခဲလာပါတယ်။ အဲဒီအခါ အရေပြားမှာ ဘက်တီးရီးယားပိုးကပ်ငြိတာကို တွန်းလှန်နိုင်စွမ်း မရှိရာက ဖြစ်တတ်ပါတယ်။ တခြားအရေပြား ပြဿနာတွေရှိရင်လည်း အရေပြားရဲ့ ကာကွယ်နိုင်စွမ်းထိခိုက်ပြီး အနာစိမ်းနဲ့ သွေးစုနာဖြစ်လွယ်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ် ချို့တဲ့ရင်လည်း ဖြစ်နိုင်ခြေများပါတယ်။

အိမ်တွင်းအလွယ်ကုထုံးများ

သေးငယ်တဲ့ အနာစိမ်းအတွက် အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်ကုသပေးရင် အနာကျက်မြန်စေပါတယ်။

ရေနွေးဝတ်ကပ်ပေးပါ

အနာစိမ်း ဒါမှမဟုတ် သွေးစုနာပေါ်ကို ရေနွေးဝတ် တစ်နေ့မှာ အကြိမ်ရေများများ ကပ်ပေးပါ။ ဒီနည်းလမ်းဟာ အနာစိမ်းနဲ့ သွေးစုနာကို မြန်မြန်ပေါက်သွားစေပါတယ်။

လက်ဖြင့်မညှစ်ရ

လက်နဲ့ ညှစ်တာကြောင့် ပိုးဝင်ကူးစက်မှု ဖြစ်တတ်ပါတယ်။

လက်ကို စင်ကြယ်စွာ ဆေးကြောပါ

အနာစိမ်း ဒါမှမဟုတ် သွေးစုနာတွေကို မကိုင်တွယ်ခင် လက်ကို သေချာသန့်စင်အောင် ဆေးကြောပေးပါ။ အနာစိမ်း ဒါမှမဟုတ် သွေးစုနာ မကြာခဏ ပြန်ဖြစ်နေရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။

အခြားကုထုံး

ပိုးသတ်အာနိသင်ရှိတဲ့ လက်ဖက်ဆီ (Tea Tree Oil)ကို လိမ်းပေးရင် အနာကို အမြန်သက်သာစေပါတယ်။

ကာကွယ်မှု

အနာစိမ်း ဒါမှမဟုတ် သွေးစုနာ မဖြစ်စေဖို့ အောက်ပါနည်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ လက်ကို ပျော့ပျောင်းတဲ့ဆပ်ပြာနဲ့ ပုံမှန်ဆေးကြောပါ ဒါမှမဟုတ် အယ်လ်ကိုဟော အခြေခံလက်ဆေးဆပ်ပြာသုံးပါ လက်ကို ဂရုတစိုက် ဆေးကြောသန့်စင်တာက ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

အနာကို ဖုံးအုပ်ထားပါ

ပြတ်ရှရာ၊ ပွန်းပဲ့ရာစတဲ့ ဒဏ်ရာတွေကို သန့် စင်အောင်ထားပြီး ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ အုပ်ထားပါ။

ကိုယ်ပိုင်အသုံးအဆောင်များ သုံးပါ

တဘတ်၊ အိပ်ရာခင်း၊ ဘရိတ်ဓား၊ အဝတ်အစား၊ လက်သည်းညှပ် အစရှိတဲ့ အသုံးအဆောင်တွေကို ကိုယ်ပိုင်အသုံးအဆောင်တွေပဲ သုံးသင့်ပါတယ်။ သူများနဲ့ မျှဝေသုံးတာကို ရှောင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ

သေးငယ်တဲ့အနာဆိုရင် ကိုယ့်ဘာသာ ကုနိုင်ပေမယ့် နာကျင်မှုက ပိုဆိုးလာရင်၊ အလွန်အမင်း နာကျင်ကိုက်ခဲနေရင်၊ ဖျားတာနဲ့တွဲဖြစ်ရင်၊ အနာအရွယ်အစားက နှစ်လက်မကျော် ကြီးနေရင်နဲ့ နှစ်ပတ်အတွင်း အနာမကျက်ဘဲ မကြာခဏ ပြန်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။

Most Popular

Healthy Life Ad
To Top