Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်က ဖောလစ်အက်ဆစ် လိုအပ်နေသည့် လက္ခဏာ (၇) ရပ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အရွယ်ရောက်သူတိုင်း တစ်နေ့မှာ ဖောလစ်အက်ဆစ် ၄၀ဝ မိုက်ခရိုဂရမ် မှီဝဲသင့်တယ်လို့ အမေရိကန်ဆေးပညာတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင်ဘီ-၉ ဒါမှမဟုတ် ဖောလိတ်လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်ကို မှီဝဲတာက ခန္ဓာကိုယ်ရဲ့ ဒီအင်န်အေပြုပြင်တည်ဆောက်မှုနဲ့ သွေးနီဥထုတ်လုပ်မှုကို အားပေးပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်က ဖောလိတ်ဓာတ်ချို့တဲ့ရင် ကိုယ်တွင်းမှာ အောက်ဆီဂျင်အလုံအလောက် မရတဲ့အတွက် သွေးအားနည်းရောဂါ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် အောက်ပါလက္ခဏာတွေကလည်း သင့်ခန္ဓာကိုယ်က ဖောလစ်အက်ဆစ် လိုအပ်နေကြောင်း ပြသနေပါတယ်။


(၁) တွေးခေါ်နိုင်စွမ်းဆိုင်ရာ ပြဿနာရှိခြင်း

ဖောလစ်အက်ဆစ်က သင်ရဲ့ ဗဟိုအာရုံကြောစနစ်အတွက် အလွန်အရေးကြီးပါတယ်။ သင့်ခန္ဓာကိုယ်က ဖောလစ်အက်ဆစ်ချို့တဲ့ရင် စိတ်ဓာတ်ကျတာ၊ အာရုံစိုက်နိုင်စွမ်းမကောင်းတာ၊ သတိမေ့လွယ်တာတို့ ဖြစ်တတ်ပါတယ်။


(၂) တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ခြင်း

ဖောလစ်အက်ဆစ် ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ပြင်းထန်တဲ့ အခြေအနေတွေမှာ သင့်ဦးနှောက်က ရှိသင့်တာထက်ပိုပြီး အောက်ဆီဂျင်ရရှိမှု နည်းသွားတတ်ပါတယ်။ အဲဒီအခါ ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေ စတင်ရောင်ရမ်းပြီး ခေါင်းကိုက်တတ်ပါတယ်။ အလားတူ အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းတဲ့ ခြေထောက်နဲ့ ရင်ဘတ်တွေလည်း ကိုက်ခဲနာကျင်တဲ့ ဝေဒနာရတတ်ပါတယ်။


(၃) အသားအရေဖျော့တော့ခြင်း

အဆုတ်ကနေ ခန္ဓာကိုယ်တစ်သျှူးအားလုံးဆီ အောက်ဆီဂျင်ပို့ဆောင်ရေးမှာ သွေးနီဥထဲပါဝင်တဲ့ ဟေမိုဂလိုဘင်ဓာတ်က အရေးပါပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဖောလစ်အက်ဆစ်ချို့တဲ့တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင်လိုအပ်တဲ့ ပမာဏ ပေးပို့ပေးနိုင်မယ့် သွေးနီဥအလုံအလောက် မရှိတော့ပါဘူး။ အဲဒီအခါ ကြွက်သားအားနည်းတာ၊ နွမ်းနယ်တာ၊ ခြေလက်ထုံကျဉ်တာနဲ့ အသားအရေဖျော့တော့တာတို့ ဖြစ်တတ်ပါတယ်။


(၄) အသက်ရှူမဝခြင်း

ခန္ဓာကိုယ်မှာ သွေးနီဥနည်းတဲ့အခါ အောက်ဆီဂျင်အဆင့် လျော့နည်းရာက အသက်ရှူမဝ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာနဲ့အတူ နှလုံးခုန်နှုန်းမြန်ခြင်း၊ မူးဝေခြင်းနဲ့ ဖျော့တော့ပင်ပန်းခြင်းတို့အထိ ဖြစ်တတ်ပါတယ်။


(၅) အစာမကြေဝေဒနာများဖြစ်ခြင်း

ပျို့ချင်အန်ချင်စိတ်ပေါ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အစာစားပြီးတိုင်း ဝမ်းသွားနေခြင်းတွေက ဖောလစ်အက်ဆစ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။


(၆) ခံတွင်းအနာဖြစ်ခြင်း၊ လျှာရောင်ခြင်း

လျှာထိပ်နဲ့ အစွန်အဖျားတွေမှာ ရောင်ရမ်းတာ၊ နီမြန်းတာ၊ အရောင်တောက်နေတာတို့ဖြစ်ရင် ဖောလစ်အက်ဆစ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ အစာမျိုလိုက်တဲ့အခါ နာကျင်မှု ခံစားရတတ်သလို လျှာနာတာနဲ့ ဗိုက်အောင့်တာတွေလည်း ခံစားရတတ်ပါတယ်။


(၇) အရသာခံနိုင်စွမ်း လျော့နည်းခြင်း

ဖောလစ်အက်ဆစ် ချို့တဲ့မှုကြောင့် ပါးစပ်အနာဖြစ်တာအပြင် အစာကို အရသာခံနိုင်စွမ်းမှာ အခက်အခဲရှိတယ်လို့ တချို့လေ့လာမှုတွေအရ သိရပါတယ်။ အရသာခံအာရုံတွေက ဦးနှောက်ဆီကို သတင်းအချက်အလက် မပို့ပေးနိုင်လို့ပါပဲ။


ဖောလစ်အက်ဆစ် ပါဝင်မှုများသည့် အစာများ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ပဲနီလေး၊ ပဲစိမ်း စတဲ့ ပဲအမျိုးမျိုးတို့မှာ ဖောလစ်အက်စစ် ပါဝင်နေပါတယ်။ လိမ္မော်သီးလို ချဉ်တဲ့သစ်သီးဝလံတွေ၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ သင်္ဘောသီး၊ ကညွတ်၊ ဖရဲသီး၊ ခရမ်းချဉ်သီး စတာတွေမှာလည်း ဖောလစ်အက်စစ် ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top