Healthy Life Ad
Health Tips

တင်ပါးဆီလီကွန် ထည့်သွင်းကြသူများ ရှားပါးသွေးကင်ဆာတစ်မျိုး အဖြစ်များလာ

———၊ ကိုထက် ၊———

လေ့လာမှုစစ်တမ်းတွေအရ တင်ပါးကြီးပြီး လှစေဖို့ ဆီလီကွန်ထည့်သွင်းကြသူတွေဟာ ရှားပါးသွေးကင်ဆာတစ်မျိုး အဖြစ်များလာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လေ့လာမှုတွေအရ တင်ပါးကြီးအောင် ဆီလီကွန်ထည့်သွင်းကြသူတွေထဲမှာ ဆီလီကွန်ထည့်ပြီး တစ်နှစ်ခန့်အကြာမှာ ALCL လို့ခေါ်တဲ့ သွေးကင်ဆာတစ်မျိုးဖြစ်ပွားပြီး အဆုတ်အတွင်းမှာ အဖုအကျိတ်တွေ ဖြစ်ပေါ်လာတာကို တွေ့ရှိမှုတွေ များလာခဲ့တယ်လို့ ဆိုပါတယ်။

အစပိုင်းမှာ ရင်သားဆီလီကွန်ထည့်တာက ဒီသွေးကင်ဆာနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ လေ့လာမှုတွေ တွေ့ရှိလာပြီးနောက် တင်ပါးထဲထည့်ထားသူတွေဟာ ပိုပြီးအဖြစ်များလာတာကို တွေ့ရှိလာခဲ့တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ခွဲစိတ်ဆရာဝန်တွေက ၂၀၁၁ ခုနှစ်ခန့်ကစတင်ပြီး ရေးသားဖော်ပြလာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ ခန္ဓာကိုယ်ပြုပြင်ခွဲစိတ်ခြင်းဆိုင်ရာ အဖွဲ့အစည်းမှ ဒေါက်တာအယ်လန်ကလည်း လက်ရှိထည့်သွင်းနေကြတဲ့ ဆီလီကွန်တွေကို ကစီဓာတ်တစ်မျိုးကနေ ပြုလုပ်ထားတာဖြစ်ပြီး တင်ပါးမှာပဲထည့်ထည့်၊ ရင်သားမှာပဲထည့်ထည့် ဘေးထွက်ဆိုးကျိုးချင်း အတူတူပဲဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပြီး ပြန်လည်သုံးသပ်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဘယ်နေရာမှာထည့်တယ်ဆိုတာ အရေးမကြီးတော့ပါဘူး၊ ဘယ်လောက်ကြီးကြီး ထည့်ထားတယ်ဆိုတာနဲ့ ထည့်ထားတာ ဘယ်လောက်ကြာပြီဆိုတာက အရေးကြီးပါတယ်၊ ဆီလီကွန်ထည့်ထားတာ ၈ နှစ်လောက်ရှိပြီဆိုရင် ဒီသွေးကင်ဆာဖြစ်နိုင်ခြေ အလွန်များနေပြီး အသက်အန္တရာယ်လည်း ရှိနိုင်ပါတယ်” လို့ ဒေါက်တာအယ်လန်က ပြောပြခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ဘရာဇီးမှ နည်းပညာတစ်ခုဖြစ်တဲ့ ဝမ်းဗိုက်၊ ပေါင်စတာတွေက အဆီတွေနဲ့ တစ်သျှူးစတချို့ကို ပြန်လည်ပွားပြီး တင်ပါးတွင်းထည့်ပေးတဲ့ နည်းပညာကို ပြုလုပ်လာကြပြီလို့ သိရပါတယ်။ ဒီနည်းကတော့ ဆီလီကွန်ထက်ပိုပြီး အန္တရာယ်ကင်းနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီနည်းက ပြင်ပပစ္စည်းမဟုတ်တဲ့အတွက် ဓာတ်မတည့်တာနဲ့ ပိုးဝင်ရောက်နိုင်ခြေတွေကိုလည်း များစွာလျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်အလွန်များတာနဲ့ တချို့အမျိုးသမီးတွေမှာ အဆီပိုတွေ သိပ်မရှိတဲ့အခါတွေမှာတော့ ဆီလီကွန်ထည့်တဲ့နည်းသာ ပြုလုပ်နိုင်ဦးမှာပါ။

ဒီနည်းအသစ်ကလည်း ဘေးထွက်ဆိုးကျိုးတွေနဲ့ ခွဲစိတ်မှုတွေမှာ အခက်အခဲတွေ ရှိနေနိုင်ပါသေးတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း ဆီလီကွန်အစားထိုးခြင်းနဲ့ နှိုင်းယှဉ်ရင်တော့ အန္တရာယ်ပိုကင်းတဲ့ နည်းတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

(Ref;DM 28-2-19)

Most Popular

Healthy Life Ad
To Top