Healthy Life Ad
Q & A

ကျောက်ကပ်ကျန်းမာရေး သိလိုရာမေး (၂)

…၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊…

ကျောက်ကပ်ဆေးတဲ့ အကြိမ်ရေက တစ်ယောက်နဲ့တစ်ယောက် တူသလား . . .

Q. ကျောက်ကပ်ဆေးတာ လူနာရောဂါအခြေအနေပေါ် မူတည်ပြီး အကြိမ်ရေ တစ်ယောက်နဲ့တစ်ယောက် ကွာခြားပါသလား။ ကျောက်ကပ်ဆီးအခြေအနေကြည့်ပြီး ဘယ်နှရက်ကို တစ်ကြိမ်ဆိုပြီး ဆေးရတာလား သိချင်ပါတယ်။
Sawsein Tun(FB)

A. ကျောက်ကပ်အားနည်းတယ်၊ ကျောက်ကပ်ဆေးရမယ်ဆိုတဲ့ အဆင့်ရောက်လာပြီဆိုရင် သူရဲ့ကျောက်ကပ် အလုပ်လုပ်နိုင်မှုစွမ်းအားက တော်တော်လေးနည်းသွားပါပြီ။ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ကျောက်ကပ်ရဲ့ ၈၅ ရာခိုင်နှုန်း ထိခိုက်သွားပြီး ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းက ၁၅ ရာခိုင်နှုန်းလောက်ပဲ ရှိသွားပြီဖြစ်ပါတယ်။ ကျောက်ကပ်ဆေးတယ်ဆိုတာ နာမည်ကသာ ကျောက်ကပ်ဆေးတယ်လို့ ပြောတာပါ။ အမှန်တကယ်တော့ ကျောက်ကပ်အစား ခန္ဓာကိုယ်ထဲကသွေးကို သန့်စင်ပေးတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကများပြီး ကျောက်ကပ်က တစ်နေ့မှာ၂၄ နာရီစလုံး အလုပ်လုပ်ပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုအင်္ဂါကမကောင်းလို့ ကျောက်ကပ်ဆေးပေးရတဲ့အခါ အနည်းဆုံး တစ်ပတ်မှာ ၃ ရက်လောက် ဆေးပေးမှ မူလလုပ်ငန်းဆောင်တာအတိုင်း ပြန်ရပါတယ်။ ဒါကြောင့် ကျောက်ကပ်မကောင်းလို့ ဆေးရပြီဆိုရင် ဒီလိုလူတွေက အနည်းဆုံး တစ်ပတ်မှာ ၃ ကြိမ်ဆေးရပါတယ်။ ဒါပေမဲ့ ဆရာတို့ကြည့်ပေးနေတဲ့ လူနာတွေမှာ တချို့က တစ်ပတ်မှာ တစ်ခါပဲဆေးတယ်၊ တချို့က ၅ ရက်မှာ တစ်ခါပဲ ဆေးတယ် . .စသဖြင့် ရှိကြတယ်။ ဒါက ဘယ်ပေါ်မှာ မူတည်သလဲဆိုတော့ လူနာတွေရဲ့ ကျောက်ကပ်ဆေးနိုင်တဲ့ ငွေကြေးတောင့်တင်းမှုပေါ်မှာ မူတည်သွားပါတယ်။ တစ်ပတ် ၃ ရက်ကျောက်ကပ်ဆေးဖို့ အခက်အခဲရှိနေတဲ့သူတွေ၊ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကလည်း သိပ်ဝန်မပိသေးတဲ့သူတွေ၊ မောခြင်း၊ နုံးခြင်း မရှိသေးတဲ့သူတွေဆိုရင်တော့ လူနာရဲ့ငွေကြေးတတ်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်တွေက ညှိနှိုင်းပေးရတာ ဖြစ်ပါတယ်။ ပုံမှန်သတ်မှတ်ထားတာကတော့ တစ်ပတ်မှာသုံးကြိမ် ကျောက်ကပ်ဆေးရတာ ဖြစ်ပါတယ်။

ကျောက်ကပ်လဲခြင်း

Q. ကျောက်ကပ်လဲရင် ဘယ်လောက်ကုန်ပါသလဲ။ ဘယ်လိုလုပ်ရင် ကျောက်ကပ်လဲလို့ အဆင်ပြေလဲ။
Ye Thi Ha Oo(FB)

A. ကျောက်ကပ်လဲတာကတော့ အဖွဲ့နဲ့ဆောင်ရွက်ရတဲ့ လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်။ ကျောက်ကပ်အထူးကု ဆရာဝန်ကြီး၊ ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီး စတာတွေပါဝင်တဲ့အဖွဲ့က လူနာနဲ့ကိုက်ညီတဲ့ အနီးစပ်ဆုံးဆွေမျိုးသားချင်းတွေရဲ့ ကျောက်ကပ်ကိုပဲ မြန်မာပြည်မှာ လဲလှယ်ပေးနေပါတယ်။ သွေးအမျိုးအစားချင်း တူသလား၊ ကျောက်ကပ်ထဲက ဓာတ်အမျိုးအစား တူသလား စသဖြင့် ကိုက်ညီမှုတွေ ရှိ၊ မ ရှိ စစ်ဆေးပြီး ကိုက်ညီမှသာ လဲပေးပါတယ်။ အဲဒီမတိုင်ခင် ကျောက်ကပ်ထိခိုက်သူကို ကျောက်ကပ်ဆေးထားပေးရပါတယ်။ အဲဒီအတွင်း အလှူရှင်ရှာရပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်ကပ်လဲထားတဲ့ သူအများစုက အိန္ဒိယမှာ သွားလဲတဲ့သူ များပါတယ်။ အဲဒီမှာတော့ ဆွေမျိုးသားချင်းမဟုတ်လည်း ရပါတယ်၊ အလှူရှင်ရှိပြီး အဲဒီအလှူရှင်ကို စစ်ဆေးလိုက်လို့ အဆင်ပြေတယ်ဆိုရင် ကျောက်ကပ်ထိခိုက်သူဆီမှာ အစားထိုးပေးလို့ရပါတယ်။ အခုနောက်ပိုင်း ကျောက်ကပ်အစားထိုးကုသမှုကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး စတဲ့ အစိုးရဆေးရုံတွေမှာလည်း လုပ်ဆောင်ပေးနေပါတယ်။ ကိုယ်ပြသနေတဲ့ ကျောက်ကပ်အထူးကု သမားတော်တွေနဲ့ တိုင်ပင်ပြီး ကျောက်ကပ်လဲလှယ်မယ့် အစီအစဉ်တွေကို မေးမြန်းစုံစမ်းရင် ပိုပြီးသင့်တော်ပါတယ်။ အိန္ဒိယမှာ သွားလဲမယ်ဆိုရင်လည်း ဒီကနေ ဆောင်ရွက်ပေးနေတဲ့ ကိုယ်စားလှယ်ရုံးခွဲတွေကနေ ကုန်ကျစရိတ်ကအစ ဆက်သွယ်စုံစမ်း လုပ်ဆောင်နိုင်ပါတယ်။

မျက်နှာဝတာက ကျောက်ကပ်နဲ့ဆိုင်သလား

“မျက်နှာချည်းပဲ ဝနေတယ်ဆိုတာ မျက်နှာဖောတယ်လို့ ပြောတာထင်ပါတယ်။ မျက်နှာဝတယ်၊ မျက်နှာဖောတယ်ဆိုတာတွေက မျက်ခွံမို့တာ၊ ခြေထောက်ရောင်တာတွေနဲ့ တွဲရင်တော့ ကျောက်ကပ်အားနည်းတဲ့လက္ခဏာ ဖြစ်တတ်ပါတယ်။”

Q. မျက်နှာချည်းဝနေရင် ကျောက်ကပ်နဲ့ဆိုင်ပါသလား။
Iron Stone(FB)

A. မျက်နှာချည်းပဲဝနေတယ်ဆိုတာ မျက်နှာဖောတယ်လို့ ပြောတာထင်ပါတယ်။ မျက်နှာဝတယ်၊ မျက်နှာဖောတယ်ဆိုတာတွေက မျက်ခွံမို့တာ၊ ခြေထောက်ရောင်တာတွေနဲ့ တွဲရင်တော့ ကျောက်ကပ်အားနည်းတဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ မျက်နှာတစ်ခုပဲ ဖောတယ်၊ ခြေထောက်လည်း မရောင်ဘူး၊ မျက်ခွံလည်း မမို့ဘူးဆိုရင်တော့ ဒါက စတီးရွိုက်ဟော်မုန်းတွေကို ဆေးမြီးတိုကနေပဲဖြစ်ဖြစ်၊ စပ်ဆေးကနေဖြစ်ဖြစ် မှီဝဲနေမိတာကြောင့် ဖြစ်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတချို့၊ ရင်ကျပ်ပျောက်ဆေးတချို့ထဲမှာ ဒီစတီးရွိုက်ဓာတ်တွေ ထည့်ထားတတ်လို့ ကိုယ်သောက်နေတဲ့ ဆေးတွေကို ဆန်းစစ်ရပါမယ်။ မျက်ခွံမို့တာ၊ ခြေထောက်ရောင်တာနဲ့တွဲပြီး မျက်နှာဖောင်းလာရင် ရောဂါရှာရပါမယ်။ မျက်နှာတစ်ခုတည်းဖောင်းနေရင် သောက်နေတဲ့ဆေးတွေကို ဆန်းစစ်ကြည့်ရပါမယ်။

ပန်းသေပန်းညှိုးက ကျောက်ကပ်နဲ့ဆိုင်သလား

Q. ပန်းသေပန်းညှိုးက ကျောက်ကပ်နဲ့ဆိုင်ပါသလား။
Iron Stone(FB)

A. အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရောဂါ ဖြစ်စေတဲ့အကြောင်းက သွေးကြောပိုင်းဆိုင်ရာနဲ့ အာရုံကြောပိုင်းဆိုင်ရာ ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ သွေးကြောပိုင်းဆိုင်ရာနဲ့ အာရုံကြောပိုင်းဆိုင်ရာတွေ ကောင်းတယ်ဆိုရင် ပန်းသေပန်းညှိုးရောဂါဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။ ရောဂါကြောင့် ပန်းသေပန်းညှိုးဖြစ်သူတွေကို ကြည့်လိုက်မယ်ဆိုရင် အာရုံကြောကို ထိခိုက်တယ်၊ ခါးရိုးထိခိုက်တယ် . .ဒါတွေကြောင့် ခါးအောက်ပိုင်းထိခိုက်ပြီး အာရုံကြောညပ်လို့ ဖြစ်ရတာပါ။ အဖြစ်များဆုံး အကြောင်းရင်းက သွေးကြောကြောင့်ပါ။ သွေးကြောနံရံတွေကျဉ်းပြီး သွေးမလျှောက်တာ၊ အထူးသဖြင့် ဆီးချိုလူနာတချို့မှာ တွေ့ရတတ်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ တွေ့ရတတ်ပါတယ်။ တစ်ကိုယ်လုံး သွေးကြောကျဉ်းပြီး လိင်အင်္ဂါကိုသွားတဲ့ သွေးကြောကျဉ်းတဲ့အတွက် ထောင်မတ်မှုမရှိတဲ့အခါ ပန်းသေပန်းညှိုးလို့ခေါ်ပါတယ်။ ပန်းသေပန်းညှိုးကြောင့် ဆရာဝန်ဆီ လာပြသူအများစုဟာ သွေးကြောကြောင့်လည်း မဟုတ်ဘူး၊ ရောဂါကြောင့်လည်းမဟုတ်ဘဲနဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်နေတာ များတတ်ပါတယ်။ ရောဂါရှိရင်တော့ ဆရာတို့က ရောဂါကိုကုသပေးတယ်၊ သွေးကြောကြောင့်ဆိုရင်တော့ သွေးလျှောက်စေတဲ့ ဆေးဝါးတွေပေးပါတယ်၊ အကြံဉာဏ်ပေးပါတယ်။ အာရုံကြောကြောင့်ဖြစ်တာကတော့ တွေ့ရတာနည်းပါတယ်။

Most Popular

Healthy Life Ad
To Top