Healthy Life Ad
Q & A

ကျောက်ကပ်မှာ ရေအိတ်မတည်အောင် . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. ကျောက်ကပ်မှာ ရေအိတ်တည်တာကို မတည်အောင် ဘယ်လိုနေထိုင်မှုစနစ်နဲ့ ကာကွယ်လို့ရနိုင်ပါသလဲ။ ရေအိတ်ဘာကြောင့် တည်ပါသလဲ။
Myat Thura(FB)

A. ရေအိတ်(Cyst)မှာ အကြမ်းအားဖြင့် Simple Cyst နဲ့ Complex Cyst ဆိုပြီး နှစ်မျိုးရှိပါတယ်။ Simple Cyst ဆိုတာကတော့ အသက်ကြီးတဲ့သူတွေမှာ တွေ့ရတတ်တယ်။ အသက်ကြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကျောက်ကပ်ထဲ ရေအိတ်လေးတွေ တွေ့ရတတ်ပါတယ်။ ဒါက ဘာမှဒုက္ခမပေးပါဘူး။ တကယ်လို့ ရေအိတ်ကကြီးလာရင်တော့ ရေအိတ်ထဲမှာ သွေးယိုတတ်တယ်၊ ပိုးဝင်တတ်တယ်၊ နည်းနည်းကြီးလာရင် ပေါက်သွားတတ်တယ်။ ဒါပေမဲ့ အဲဒီလို နောက်ဆက်တွဲပြဿနာက နည်းပါတယ်။ အရွယ်အစားသေးငယ်ရင် ဘာမှစိုးရိမ်စရာ မရှိပါဘူး။ ရေအိတ်အများစုကလည်း 1.5 cm ထက် ကြီးတာလည်း ရှားပါတယ်။ ကြီးလာရင်တော့ စုပ်ထုတ်တာ၊ ခွဲထုတ်တာတို့လုပ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

နောက်ရေအိတ်အမျိုးအစားတစ်ခုက Complex Cyst ပါ။ ကျောက်ကပ်တစ်ခုတည်းမှာဖြစ်တဲ့ Complex Cyst အကြောင်းပြောမယ်ဆိုရင်တော့ Polycystic Kidney Disease ဆိုပြီး ရေအိတ်တွေသေးသေးလေးတွေ အများကြီးဖြစ်တဲ့ ရောဂါပေါ့။ ဒီကျောက်ကပ်ရောဂါကတော့ မျိုးရိုးလိုက်တတ်တယ်။ ဒါဆိုရင်တော့ အရေးကြီးတယ်။ ကိုယ့်မိဘမျိုးရိုးမှာ ကျောက်ကပ်ရေအိတ်လေးတွေ အများကြီးတည်တဲ့ ရောဂါရှိရင်တော့ သားသမီးတွေ အသက် ၂၀ နောက်ပိုင်းမှာ အာထရာဆောင်းရိုက်စစ်ဆေးပြီး ရောဂါရှာဖွေရမယ်။ သွေးမတိုးအောင်၊ ကျောက်ကပ်မထိခိုက်အောင် နေထိုင်စားသောက်ပြီး ဆေးဝါးကုသမှု ခံယူလို့ရပါတယ်။ သတိမထားမိဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ကျောက်ကပ်ထိခိုက် ပျက်စီးသွားတတ်ပါတယ်။ ဒီရေအိတ်လေးတွေက ကျောက်ကပ်နေရာမှာ အစားထိုးတတ်တဲ့အတွက် ကျောက်ကပ်ထိခိုက်ပျက်စီးသွားတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top