Healthy Life Ad
Health Tips

နှလုံးရောဂါ ကာကွယ်ပေးရုံသာမက သက်ရှည်ကျန်းမာဖို့ လိုက်နာရမယ့်အရာများ . .

—–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—–

နှလုံးအထူးကု ဆရာဝန်ကြီး ဂျိုးကေခမ်းဟာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ရုံသာမက အသက်ကယ်တင်ပေးနိုင်တဲ့ နည်းလမ်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။


အစွမ်းထက်ဆုံး ဆေးဝါး

အပင်ထွက်အစာ
အပင်ထွက်အစာတွေကို စားတဲ့သူတွေက နှလုံးရောဂါထနိုင်ခြေကို လျော့ကျစေတဲ့အပြင် သက်ရှည်ကျန်းမာစေပါတယ်။


တစ်နေ့အနည်းဆုံးငါးကြိမ် စားသင့်သောအစာ

ဟင်းသီးဟင်းရွက်
အကြီးမားဆုံး လေ့လာမှုနှစ်ခုအရ အစာစားတဲ့ အလေ့အထဟာ နာတာရှည်ရောဂါတွေအပေါ် သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ရှစ်ကြိမ်နဲ့အထက် စားတဲ့သူတွေက တစ်နေ့တစ်ကြိမ်အောက်သာ စားသူတွေထက် နှလုံးရောဂါအမောဖောက်နှုန်းနဲ့ လေဖြတ်ဝေဒနာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း သိသိသာသာ လျော့နည်းကြောင်း လေ့လာတွေ့ရှိရပါတယ်။


တစ်နေ့သုံးခွက် သောက်သင့်သော အရည်

လက်ဖက်စိမ်းလက်ဖက်ရည်
လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ရေနွေးကြမ်းဟာ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်ဆရိုက်အဆီဓာတ်ပမာဏကို လျော့ကျစေတဲ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ကာ ရောင်ရမ်းမှုကို သက်သာစေပါတယ်။


ရယူသင့်သော ပရိုတင်းဓာတ်

ပြုပြင်မထားတဲ့ အသား
တိရစ္ဆာန်ထွက် အသားတွေကို စားမယ်ဆိုရင် အဆီနည်းတဲ့အသားကိုပဲ စားသင့်ပါတယ်။ အဓိကအားဖြင့် ပြုပြင်ထားတဲ့ အသားတွေဖြစ်တဲ့ ဟော့ဒေါ၊ ဝက်အူချောင်း၊ ကြက်အူချောင်းနဲ့ ဝက်ပေါင်ခြောက် စတာတွေကို ရှောင်ပါ။ ပြုပြင်ထားတဲ့ အသားတစ် ဒသမ ရှစ်အောင်စကို တစ်ပတ်မှာ တစ်ကြိမ်ထက် ပိုပြီးစားတိုင်း နှလုံးရောဂါဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ အသားရွေးချယ်ရင် ကောက်နှံစာစားတဲ့ တိရစ္ဆာန်တွေထက် မြက်စားတဲ့တိရစ္ဆာန်ကို ရွေးချယ်ပါ။


ရွေးချယ်သင့်သော ငါး

အဆီပါတဲ့ ငါး
ဆားဒင်းငါး၊ မက်ကရာယ်ငါး၊ ဆယ်လ်မွန်ငါးနဲ့ ဟာအင်းငါးတွေမှာ နှလုံးအကျိုးပြု အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တဲ့အတွက် ရောင်ရမ်းမှု၊ နှလုံးခုန်နှုန်းမမှန်တာ၊ ထရိုင်ဂလစ်ဆရိုက် အဆီပမာဏနဲ့ သွေးတိုးတာတို့ကို လျော့ကျစေပါတယ်။ အဲဒီငါးတွေမှာ တခြားငါးတွေထက် အဆိပ်ပါဝင်မှု လျော့နည်းပါတယ်။


ညတိုင်း အစာမစားသင့်သော အချိန်

၁၁ နာရီ
ခန္ဓာကိုယ်က ဇီဝဖြစ်ပျက်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ပြန်လည်ပြုပြင်ဖို့ အနားယူချိန် လိုပါတယ်။ ဒါကြောင့် ညဘက်မှာ အစာမစားသင့်တာ ဖြစ်ပါတယ်။ ညလယ်မှာ အစာစားတာကြောင့် ရောင်ရမ်းမှု၊ သွေးတွင်းသကြားဓာတ်၊ အဆီဓာတ်နဲ့ ဆဲလ်အိုမင်းမှုတို့ကို တိုးမြင့်စေပါတယ်။ ဒါကြောင့် ညခုနစ်နာရီထိုးတာနဲ့ ညစာစားပြီးရင် မီးဖိုချောင်ဆီ မသွားတော့ဘူးလို့ စိတ်ကိုပိုင်းဖြတ်ထားပါ။


အထိုင်များချိန် နာရီဝက်ကြာတိုင်း လုပ်သင့်သောအကျင့်

ကိုယ်လက်လှုပ်ရှားမှု
အထိုင်များတဲ့ အလုပ်နဲ့ အချိန်ကုန်နေတဲ့ လူတွေအနေနဲ့ နှလုံးရောဂါလို Metabolic Syndrome ဖြစ်နိုင်ခြေ ၇၃ရာခိုင်နှုန်း ပိုများပါတယ်။ ဒါကြောင့် နာရီဝက်လောက် ထိုင်ဖြစ်နေပြီလို့ ထင်လိုက်တိုင်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ထလုပ်လိုက်ပါ။ ဘတ်စ်ကားပေါ်မှာ ကြာကြာထိုင်မယ့်အစား ဘေးကရပ်နေတဲ့ ခရီးသည်ကို နေရာပေးလိုက်ပါ။


နေ့စဉ်လုပ်သင့်သည့် လေ့ကျင့်ခန်း

ယောဂ
ယောဂကျင့်တာက နှလုံးအတွက် အစွမ်းထက်တဲ့ သက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ်။ နှလုံးခုန်နှုန်း မမှန်တဲ့ လူနာတွေအနေနဲ့ သုံးလကြာ ယောဂကျင့်ခဲ့တဲ့အခါ ဝေဒနာသက်သာလာတာကို တွေ့ရပါတယ်။ တခြားလေ့လာမှုတစ်ခုအရ သွေးတိုးနေတဲ့ လူနာ ၃၀ ဦးဟာ တစ်နေ့ငါးမိနစ်ကနေ ခုနစ်မိနစ်ကြာ ယောဂကျင့်ပြီး နှစ်လကြာတဲ့အခါ လေ့ကျင့်ခန်းမလုပ်သူတွေနဲ့ယှဉ်ရင် နှလုံးခုန်နှုန်းနဲ့ သွေးဖိအား လျော့ကျသွားတာကို တွေ့ရပါတယ်။


သင့်ကျန်းမာရေးအတွက် ကြင်နာစောင့်ရှောက်သင့်သောအရာ

အိမ်မွေးတိရစ္ဆာန်
အိမ်မွေးတိရစ္ဆာန်တွေက စိတ်ဖိစီးမှု၊ ကိုလက်စထရောအဆင့်နဲ့ သွေးဖိအားအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှု ရှိပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့ လူတွေက အပြန်အလှန်ချစ်ခင်မှုမျိုးရှိပြီး နှလုံးခုန်နှုန်းကို ကောင်းမွန်စေတာကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။


နှလုံးကျန်းမာရေးအတွက် တစ်ပတ်နှစ်ကြိမ် လုပ်သင့်သော အပြုအမူ

ရေနွေးထဲ စိမ်ချိုးခြင်း
ဂျပန်လေ့လာမှုအရ ရေနွေးထဲစိမ်ချိုးတာကြောင့် အရေပြားထဲ စွမ်းအင်ပိုမိုရောက်ရှိစေပြီး နှလုံးကို အကျိုးပြုတယ်လို့သိရပါတယ်။ ရေနွေးထဲ စိမ်ချိုးတဲ့ ကုထုံးကို အနည်းဆုံး တစ်ပတ်နှစ်ကြိမ်ခန့် ခံယူသူ နှလုံးရောဂါရှင်တွေက ဆေးရုံတက်ရနိုင်ခြေ ထက်ဝက်လျော့နည်းပြီး အသက်အန္တရာယ်ထိခိုက်နိုင်ခြေ လျော့နည်းကြောင်း သိရပါတယ်။


နေ့စဉ်ရေးသင့်သောစာရင်း

ကျေးဇူးတင်ထိုက်သူများ
ကော်နက်တီးကပ်တက္ကသိုလ်မှ စိတ်ပညာရှင် ဂလန်းက နှလုံးရောဂါအမောဖောက်ပြီး သက်သာလာသူ ၂၈၇ ဦးအား တွေ့ဆုံမေးမြန်းပြီး နာမကျန်းမှု သက်သာလာတဲ့အကြောင်းကို ရှာဖွေခဲ့တဲ့အခါ နေ့စဉ် ကျေးဇူးတင်ထိုက်သူတွေအကြောင်း စာထဲချရေးတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။


အနည်းဆုံး တစ်ပတ်နှစ်ကြိမ်

လိင်မှုကိစ္စ
အနည်းဆုံး တစ်ပတ်နှစ်ကြိမ် လိင်ဆက်ဆံတဲ့ အိမ်ထောင်သည်အမျိုးသားတွေက တစ်လတစ်ကြိမ်သာ လိင်ဆက်ဆံသူတွေထက် နှလုံးရောဂါထနိုင်ခြေ ထက်ဝက်ခန့် လျော့ကျမှုရှိတာကို လေ့လာတွေ့ရှိရပါတယ်။


ဖွင့်ထားသင့်သော အရာ

ပြတင်းပေါက်
သင့်အိမ်ထဲက လေတွေဟာ ကမ္ဘာ့အညစ်ပတ်ဆုံးမြို့က လေတွေထက်ပိုပြီး လေထုညစ်ညမ်းမှု များပါတယ်။ ဆံပင်ဖျန်းစပရေး၊ ဖယောင်းတိုင်၊ မကပ်တဲ့အိုးကထွက်တဲ့မီးခိုး အစရှိတဲ့ ညစ်ညမ်းစေတဲ့လေတွေနဲ့ ခိုအောင်းနေတာကြောင့် ဒီအရာတွေကို ရှူရှိုက်မိရင် ရောင်ရမ်းမှုများပြီး သွေးတိုးစေကာ သွေးလွှတ်ကြောတွေကို မာကျောစေပါတယ်။ ဒါကြောင့် အိမ်တွင်း လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းပေါက်ကို ဖွင့်ထားပါ။


သန့်ရှင်းရေးအတွက် ဆောင်ရန်

သဘာဝပစ္စည်းများ
ဓာတုပစ္စည်းပါဝင်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းအများစုက လေဖြတ်တာနဲ့ သွေးတိုးတာတို့နဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ရှလကာရည်၊ သံပရိုသီး၊ ဆော်ဒါမှုန့်၊ ပြောင်းမှုန့်စတဲ့ အရာတွေနဲ့ သန့်ရှင်းရေးလုပ်ပါ။


လွှင့်ပစ်သင့်သော အရာ

ပလတ်စတစ်ဘူးများ
BPA နဲ့ သားလိတ်လို ပလတ်စတစ်ထဲက ဓာတုပစ္စည်းတွေက ပလတ်စတစ်ဘူးထဲက အစာတွေဆီ စိမ့်ဝင်သွားနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ဟော်မုန်းစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ လူတွေရဲ့ ဆီးထဲမှာပါတဲ့ BPA ဟာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်မှုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ပလပ်စတစ်အသုံးအဆောင်တွေအစား ဖန်ထည်၊ စတီးပစ္စည်းနဲ့ ကြွေနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကို သုံးပါ။

Most Popular

Healthy Life Ad
To Top