Healthy Life Ad
Health Tips

ဇနီးသည် သားဦးကိုယ်ဝန်ဆောင်ချိန် ခင်ပွန်းတွေက ဘာတွေသိထားသင့်သလဲ . . .

—–၊ စူး (ဆေးဝါးတက္ကသိုလ်) ၊—–

ကိုယ်ဝန်ဆောင်တာက အိမ်ထောင်သည်တွေအတွက် အံ့သြစရာကောင်းတဲ့ အခြေအနေပါ။ အထူးသဖြင့် သားဦးကိုယ်ဝန်ဆောင်နေရတဲ့ အိမ်ရှင်မတွေနဲ့ ပတ်သက်ပြီး အိမ်ထောင်ရှင်အမျိုးသားတို့ နားလည်မှုပေးသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) ကြိုတင်ပြင်ဆင်ပါ . .

သင်တို့နှစ်ယောက်တည်း မဟုတ်တော့ပါဘူး။ သင်နဲ့သင့်ဇနီးကို ချည်နှောင်ထားတဲ့ သံယောဇဉ်တစ်မျှင် တိုးလာပါပြီ။ မကြာခင် သင့်ဇနီးက မိခင်ဖြစ်လာတော့မှာဖြစ်သလို သင်က ဖခင်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဇနီးသည်ကိုသာမက ကလေးကိုပါ ကာကွယ်ဖို့ လိုအပ်တယ်ဆိုတဲ့စိတ်ကို ထားရှိသင့်ပါတယ်။

(၂) သင့်ဇနီးက ကိုယ်ဝန်ဆောင်ပါ၊ မသန်စွမ်းတာ မဟုတ်ပါဘူး

တောက်တိုမယ်ရ အလုပ်တွေအားလုံးကို သင့်အနေနဲ့ ကူညီဖို့ လိုအပ်ပေမယ့် သင့်ဇနီးကို မသန်စွမ်းသူလိုမျိုး ထားစရာမလိုပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုက စွမ်းအားရှိပြီး စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ သူ့ဘေးမှာနေပြီး လိုအပ်သမျှ ကူညီလုပ်ဆောင်ပေးပါ။ ဆေးရုံတက်နေရတဲ့ လူနာလိုမျိုး သဘောမထားပါနဲ့။

(၃) ပွေ့ဖက်နှစ်သိမ့်ပေးပါ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့် လိင်စိတ်ဆန္ဒ အပြောင်းအလဲရှိပေမယ့် တစ်ခါတစ်ရံ ပွေ့ဖက်ပေးတာ၊ စိတ်ဖိစီးမှုဖြစ်လာရင် နှစ်သိမ့်ပေးတာတို့ကို လိုလားကြပါတယ်။ သင့်အနေနဲ့ သူ့ကိုချစ်ခင်တဲ့ အမူအရာတွေ ပြတဲ့နည်းနဲ့ သူကဆွဲဆောင်မှု ရှိသေးတယ်ဆိုတာ သိနားလည်ပါစေ။

(၄) ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်မှု လိုအပ်

သင့်ဇနီးရဲ့ ခန္ဓာကိုယ်က အမြန်ပြောင်းလဲနေပါတယ်။ တစ်ခါတစ်ရံ နာကျင်ကိုက်ခဲမှုတွေကို ခံစားရတတ်ပါတယ်။ တင်ပဆုံရိုးနာတာ၊ ခြေထောက်ကိုက်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်သလို ရင်သားကလည်း ကြီးထွားလာတတ်ပါတယ်။ ဒီလိုမသက်မသာဖြစ်ရတဲ့ ဝေဒနာတွေကို သင့်အနေနဲ့ နားလည်ပြီး ပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။

(၅) ငဲ့ညှာပေးပါ

ကိုယ်ဝန်ရှိလာချိန်မှာ အစားအသောက် စားသောက်တဲ့အပိုင်းရော ဆေးဝါးသောက်သုံးမှုအပိုင်းမှာပါ အထူးတလည်ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက သန္ဓေသားအတွက် မိခင်က အနစ်နာခံရသလိုပဲ သင်ကလည်း သင့်ဇနီးနဲ့ ကလေးအတွက် ငဲ့ညှာပေးပါ။ အထူးသဖြင့် သင့်ဇနီးရဲ့ ပတ်ဝန်းကျင်ကို ဆေးလိပ်ငွေ့၊ အရက်နံ့တွေမရှိအောင်၊ လေထုညစ်ညမ်းမှုတွေကင်းအောင်နဲ့ စိတ်အနှောင့်အယှက်ကင်းအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top