Healthy Life Ad
Health Tips

အရိုးပါးခြင်းနှင့် ပတ်သက်သည့် အယူအဆများ

—–၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊——

အရိုးရဲ့သိပ်သည်းဆ ကျလာတာကြောင့် အရိုးတွေကြွပ်ဆတ်လွယ်၊ ကျိုးလွယ်တဲ့အခြေအနေကို အရိုးပါးတယ်လို့ ခေါ်ပါတယ်။ အသက် ၅၀ ကျော်တဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အရိုးပါးရောဂါ အဖြစ်များတတ်ပါတယ်။ အရိုးပါးရောဂါအကြောင်း သိသင့်တဲ့အချက်တွေကို အမှန်အတိုင်းမသိဘဲ လူတွေကြားမှာ ပျံ့နှံ့နေတဲ့ အယူအဆတွေကြား စိတ်ညစ်မနေရအောင် အမှန်သိစေဖို့ ဖော်ပြလိုက်ရပါတယ်။

အယူအဆ(၁)- အရိုးပါးရောဂါက အသက်ကြီးတာကြောင့်ဖြစ်တဲ့ သဘာဝဖြစ်စဉ်တစ်ရပ်ပါ။

အမှန် – အရိုးပါးရောဂါက အသက်ကြီးတာကြောင့် ဖြစ်နိုင်ခြေပိုများလာတယ် ဆိုပေမယ့် ဒါက မလွှဲမရှောင်သာ ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ အရိုးပါးတာ၊ အရိုးကျိုးတာမျိုးမဖြစ်အောင်လည်း ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိကြောင်း ဂျွန်ဟော့ပ်ကင်းဆေးရုံက ဆိုပါတယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင်မှီဝဲတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ဆောင်သင့်ပါတယ်။

အယူအဆ(၂) – အမျိုးသမီးတွေပဲ အရိုးပါးရောဂါ ဖြစ်နိုင်တယ်။

အမှန် – အမျိုးသမီးတွေက အရိုးပါးရောဂါ အဖြစ်များတယ်ဆိုပေမယ့် အမျိုးသားတွေကလည်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ စစ်တမ်းအရပြောရရင် အမေရိကန်အမျိုးသား ငါးဦးအနက် တစ်ဦးဟာ အရိုးပါးရောဂါ ဖြစ်နိုင်ခြေရှိပြီး အမျိုးသမီးသုံးဦးအနက် တစ်ဦးဟာ အရိုးပါးရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

အယူအဆ(၃) – အသက်ကြီးတဲ့သူတွေကသာ အရိုးပါးရောဂါဖြစ်မှာကို စိုးရိမ်သင့်ပါတယ်။

အမှန် – မိန်းကလေးတွေမှာ အသက် ၁၈ နှစ်နဲ့ ယောကျာ်းလေးတွေမှာဆိုရင် အသက်၂၀ မှာ အရိုးထုထည်ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးနေပါတယ်။ အရိုးထုထည်ကောင်းအောင် တည်ဆောက်ဖို့ စောတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် အခုပဲ အရိုးပါးရောဂါ ဖြစ်မှာစိုးရိမ်ပြီး မဖြစ်အောင် ကောင်းမွန်တဲ့ အာဟာရမှီဝဲတဲ့ အလေ့အထကို ခံယူသင့်ပါတယ်။

အယူအဆ(၄) – အရိုးထုထည်က စတင်လျော့ကျပြီးပြီဆိုတာနဲ့ ပြန်တည်ဆောက်နိုင်ဖို့ မလွယ်ပါဘူး။

အမှန် – အရိုးပါးရောဂါ ဖြစ်ပြီးသားသူတွေက ပုံမှန်အရိုးသိပ်သည်းဆကို ပြန်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ အရိုးပါးရောဂါ ရှိပြီဆိုတာနဲ့ ဘဝတစ်သက်တာလုံး အရိုးထုထည် လျော့ပါးသွားမှာပဲလို့တော့ မဆိုနိုင်ပါဘူး။ အရိုးပါးရောဂါအတွက် ဆေးဝါးသောက်သုံးတာဟာ အရိုးထုထည်ကို တစ်နှစ်အတွင်းမှာ ရာခိုင်နှုန်းနည်းနည်းစီ မြင့်တက်လာတတ်ပါတယ်။

အယူအဆ(၅) – အရိုးတွေ အားနည်းလာတဲ့အခါမှာ အရိုးပါးရောဂါ ဖြစ်လာပြီလို့ ဆိုနိုင်တယ်။

အမှန် – ကံမကောင်းတာကတော့ အရိုးပါးရောဂါ မဖြစ်ခင်မှာ မစစ်ဆေးဘဲ ကြိုမသိနိုင်ပါဘူး။ များသောအားဖြင့် အရိုးကျိုးမှသာ အရိုးပါးရောဂါရှိမှန်း သိကြတာဖြစ်ပါတယ်။ အသံတိတ်ရောဂါ ဖြစ်တာကြောင့် အရိုးသိပ်သည်းဆကို စစ်ဆေးကြည့်မှသာ ရောဂါ ရှိ၊မရှိ ကြိုတင်သိနိုင်ပါတယ်။

အယူအဆ(၆) – လဲမကျခင်အထိ အရိုးပါးရောဂါကြောင့် နောက်ဆက်တွဲဖြစ်တဲ့ အရိုးကျိုးမှာ မပူရပါဘူး။

အမှန် – လူအများစုဟာ လဲကျတာကြောင့် အရိုးကျိုးအက်နိုင်ပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အရိုးတွေအားနည်းရာက ကျိုးနိုင်ပါတယ်။ အိပ်ရင်းနဲ့ ပြင်းထန်တဲ့ဖိအားကြောင့်ပါ အရိုးကျိုးတာမျိုး ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ အရိုးပါးရောဂါရှိရင် ကိုယ်နေဟန်ထားမမှန်ဘဲ ယိုင်နဲ့တာကြောင့် အရိုးအက်တာမျိုး ဖြစ်တတ်ပါတယ်။

အယူအဆ(၇) – အရိုးပါးရောဂါက ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေ မဟုတ်ပါဘူး။ အဆိုးဆုံးအဆင့်က အရိုးကျိုးရုံလောက်ပါပဲ။

အမှန် – အရိုးပါးရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေဖြစ်ပြီး တစ်ခါတစ်ရံ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ အရိုးပါးရောဂါကြောင့် တင်ပဆုံရိုးကျိုးနိုင်ပြီး တင်ပဆုံရိုးကျိုးပြီးနောက် ကုသမှုမခံယူရင် လူ၂၅ ရာခိုင်နှုန်းခန့်ဟာ အချိန်ခြောက်လ-၁၂ လအတွင်းမှာ သေဆုံးရတတ်ပါတယ်။ တင်ပဆုံရိုးအစားထိုးတဲ့ ခွဲစိတ်ကုသမှုဟာလည်း အခန့်မသင့်ပါက မေ့ဆေးကြောင့် နောက်ဆက်တွဲပြဿနာဖြစ်တာ၊ နှလုံးရောဂါထတာ၊ ပိုးဝင်တာ၊ အဆုတ်အမြှေးပါးရောင်ရမ်းတာ စတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။ လေ့လာမှုတွေအရ အသက် ၅၀ အရွယ် အမျိုးသမီးတွေဟာ အရိုးပါးရောဂါကြောင့် တင်ပဆုံရိုးကျိုးပါက ရင်သားကင်ဆာလိုပဲ သေဆုံးနိုင်ခြေ မြင့်မားနေတတ်ကြောင်း သိရပါတယ်။ ဒါကြောင့် အရိုးပါးရောဂါကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ ဆေးကုသမှုခံယူဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top