Healthy Life Ad
Q & A

ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု (Birth Control pills 25 FAQs)

ဒေါက်တာတင့်ဆွေ

ဆရာ တားဆေးတွေဟာ ဘယ်အချိန်အတွင်း သုံးစွဲရပါသလဲ။ ပြီးတော့ တားဆေးတွေရဲ့ ဆိုးကျိူးတွေအကြာင်း သိချင်လို့ပါ။

၁။ ကိုယ်ဝန်တား ဟော်မုန်းပါစားဆေးဆိုတာ ဘာလဲ။

• ဓာတ်ခွဲခန်းမှာ လုပ်ထားတဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော်မုန်း(အတု)တွေ ပါတယ်။ ဒီဆေးတွေ သွေးထဲဝင်လာရင် ကိုယ်ဝန်မရစေဘူး။ လစဉ်ထွက်နေကျ မ-မျိုးဥထွက်လာမှာကို တားဆီးပေးမယ်။ သားအိမ်ဝမှာရှိနေတဲ့ အကျိအချွဲကို စေးပျစ်စေလို့ သုက်ပိုးဝင်လာမှာကို တားပေးတယ်။ ဖို-မနှစ်ခု မတွေ့စေနိုင်ဘူး။ သားအိမ်အတွင်း နံရံကို ပါးလွှာစေလို့ ဖို-မတွေ့ကြအုံးတော့ လာမတွယ်စေနိုင်ဘူး။

၂။ ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်နေရင် တခြားတားနည်း လိုသေးသလား။

• ဒီတားဆေးတွေ၊ Implant အရေပြားအောက်ထားရတဲ့ တားဆေးချောင်းနဲ့ Depo-Provera ၃လခံ ထိုးဆေးတွေဟာ ရာသီစလာတဲ့နေ့ကနေ စသုံးရင် ချက်ချင်းထိရောက်တယ်။ အမှန်က ၇ ရက်နေမှ အသေအချာ ထိရောက်ပါတယ်။ အဲဒီ ၇ ရက်အတွင်း အတူနေပေမဲ့ ကိုယ်ဝန်မရဖို့ % အတော်ကြီးများတယ်။ ဒါပေမဲ့ လိုလိုမယ်မယ် ဒီ ၇ရက်အတွက် တခြားနည်းတခုခုသုံးရင် ရာနှုန်းပြည့် စိတ်ချရမယ်။

၃။ ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင်သလဲ။

• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေအုံးမယ်။ တချို့က တနှစ်လောက် စောင့်ရနိုင်တယ်။

၄။ ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေး ရပ်လိုက်ပေမဲ့ ကိုယ်ဝန်မရသေးပါလား။

• ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်နေသေးအုံးမယ်။ ပျမ်းမျှ ၂-၃ လကြာ စောင့်ရတတ်တယ်။

• Depo-Provera က ဆေးထိုးထားသူဆိုရင် ၆-၁၂ လ စောင့်ရတတ်တယ်။ ရာသီမလာတာလဲ ရှိနိုင်တယ်။

၅။ ကျွန်မ ရာသီ ပြန်မလာပါလား။

• Progestin-only pills ဟော်မုန်း တမျိုးထဲပါ ဆေးမျိုးသောက်ရင် ရာသီမလာတာ ဖြစ်သူများတတ်တယ်။ မသေချာရင် ကိုယ်ဝန် ရှိ-မရှိ ဆီးစစ်ပါ။

• Depo-Provera ထိုးသူတွေ ရာသီမလာတတ်တာ များတယ်။ လူဝလာတတ်တယ်။ ရင်သားနာတတ်တယ်။ ခေါင်းနည်းနည်းကိုက်မယ်။

၆။ ဆေးသောက်ဖို့ မေ့သွားရင် ဘာလုပ်မလဲ။

• ဆေးကို ရက်သာမက အချိန်လဲတိကျနိုင်လေ ကောင်းလေဖြစ်တယ်။ နာရီပိုင်းနောက်ကျရင် မကာကွယ်နိုင်တာတော့ မဟုတ်ပါ။ ဟော်မုန်း အတက်အကျဆိုတာ မှန်နေရင် ပိုကောင်းပါတယ်။ မေ့ရင် သတိရတာနဲ့ သောက်ပါ။ တရက်မေ့ရင် မေ့ခဲ့တဲ့ဆေးပါ သောက်လိုက်ပါ။ ဆိုလိုတာက ၂ လုံးကို တရက်ထဲ သောက်ရမှာပါ။ ၂ ရက်အထိမေ့ရင် ၃ လုံး မသောက်ပါနဲ့။ လိုလိုမယ်မယ် နောက် ၇ ရက်အတွက် တခြားကာကွယ်နည်း တခုခုပါသုံးပါ။

၇။ ဆေးသောက်ပြီး အန်ရင် ထိရောက်မလား။

• ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် ဆေးတလုံးထပ်သောက်ရမယ်။

၈။ ကြားရက် သွေးဆင်းနေတယ်။

• ကိုယ်ဝန်တားဟော်မုန်းပါ စားဆေး စသောက်ဖူးသူတွေမှာ ဖြစ်တတ်တယ်။ ဒီလိုဖြစ်တာက ဆေးထိရောက်မှုနည်းတဲ့ သဘောဖြစ်တယ်။ အပိုနည်းပါသုံးဖို့ လိုချင်လိုမယ်။ လိင်ကတဆင့် ကူးစက်ရောဂါ (Chlamydia) ပိုးဝင်နေတာလဲ ဖြစ်နိုင်တယ်။

“ဆေးကို ရက်သာမက အချိန်လဲ တိကျနိုင်လေ ကောင်းလေဖြစ်တယ်။ နာရီပိုင်းနောက်ကျရင် မကာကွယ်နိုင်တာတော့ မဟုတ်ပါ။ ဟော်မုန်းအတက်အကျဆိုတာ မှန်နေရင် ပိုကောင်းပါတယ်။ မေ့ရင် သတိရတာနဲ့ သောက်ပါ။ တရက်မေ့ရင် မေ့ခဲ့တဲ့ဆေးပါ သောက်လိုက်ပါ။ ဆိုလိုတာက ၂ လုံးကို တရက်ထဲ သောက်ရမှာပါ။ ၂ ရက်အထိမေ့ရင်” . . .

၉။ ကိုယ်ဝန်ရှိနေမှန်း မသိဘဲ ကိုယ်ဝန်တားဟော်မုန်းပါ စားဆေးသောက်မိရင် ဘာလုပ်ရမလဲ။

• ဒီဆေးတွေကနေ ကိုယ်ဝန်နဲ့ အထဲကကလေးကို ဘယ်လိုသက်ရောက်တယ်ဆိုတာ ပြည့်စုံတဲ့ လေ့လာမှုတွေ မရှိသေးပါ။ သိတာနဲ့ ဆေးသောက်တာ ရပ်လိုက်ပါ။

၁၀။ ဘယ်လိုအမျိုးသမီးတွေက ဒီဆေးမျိုး မသောက်သင့်သလဲ။

• ကိုယ်ဝန်ရှိနေသူ။

• ကလေးနို့တိုက်နေသူ။ ဒါမှမဟုတ် ကလေး ၆ လ ထက်ငယ်ပြီး နို့တိုက်နေသူ။

• ဘာလို့မှန်းမသိဘဲ သွေးဆင်းနေသူ။

• အသဲရောဂါ လောလောလတ်လတ် ရှိနေသူ။

• အသက် ၃၅ နှစ် ကျော်လာသူ။

• နှလုံး (စထုပ်ခ်) ဖြစ်ဖူးသူ။
• သွေးတိုးရှိနေသူ။

• သွေးမခဲရောဂါရှိသူ။

• ဆီးချိုရှိသူ။

• ရင်သား-ကင်ဆာရှိသူ။

• (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိသူ။

၁၁။ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

• ရာသီမလာဘဲနေ၊

• စိုးရိမ်စိတ်၊ ဂနာမငြိမ်ဖြစ်၊

• စားချင်စိတ်ပြောင်းလဲ၊

• သွေးကြောထဲ သွေးခဲတာ ဖြစ်နိုင်တယ်။

• အရိုးအားနည်း၊

• စိတ်ဓါတ်ကျနိုင်တယ်။

• ခေါင်းမူး၊

• သားအိမ်ပြင်ပ သန္ဓေတည်၊

• မျိုးဥအိမ်ကြီး၊

• သည်းခြေကျောက်။ (ရှားပါး)၊

• ခေါင်းကိုက်မယ်။

• နှလုံး (အတက်ခ်) ဖြစ်နိုင်တယ်။

• သွေးဖိအားတက်နိုင်တယ်။

• ဝက်ခြံ တိုးနိုင်-လျှော့နိုင်တယ်။

• မျက်နှာနဲ့ ကိုယ်မွှေး များ-နည်း၊

• အသားဝါ၊ (ရှားပါး)၊

• အသည်းအကျိတ်ဖြစ်နိုင်တယ်။ (ရှားပါး)၊

• ရာသီလာရက်များ၊

• လိင်စိတ် နည်းနိုင်တယ်။

• ပျို့-အန်ချင်မယ်။

• ဗိုက်အောက်ပိုင်းနာ၊

• သားအိမ်ဝ ကင်ဆာ၊

• ဆံပင်ကျွတ်၊

• အရေပြား အနီပြင်ထွက်၊ အမဲကွက်ထွက်၊

• ကြားရက်သွေးဆင်း၊

• (စထုပ်ခ်) ဖြစ်နိုင်တယ်။

• ရင်သားနာ၊

• အဖြူဆင်း၊

• မွေးလမ်းပိုးဝင်နိုင်တယ်။

• လူဝလာမယ်။

၁၂။ လူဘယ်လောက် ပိုဝတတ်သလဲ။

• တယောက်နဲ့တယောက်တော့ မတူဘူး။ စားချင်စိတ်ပိုလာလို့နဲ့ အဆီပိုစုလာလို့ ဝလာတာဖြစ်တယ်။ Depo-Provera ဆေးထိုးသူတွေ ပဌမနှစ်ကုန်မှာ ၅.၄ ပေါင်တိုးပြီး ဒုတိယနှစ်ကုန်မှာ ၈.၁ ပေါင်တိုးတယ်။ အဲလိုလူတွေ ၂ နှစ်ထက် ပိုမထိုးသင့်ပါ။

၁၃။ ကိုယ်ဝန်တားဟော်မုန်းပါ စားဆေးကို ၁၀ နှစ်ကြာသောက်ရင် အန္တရာယ်ရှိသလား။ ဘယ်နှစ်နှစ်အထိ သောက်ရမယ်လို့ သတ်မှတ်ချက် ရှိသလား။

• မဟုတ်ပါ။ မရှိပါ။

၁၄။ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။

• ရာသီဆင်းနည်းမယ်။ ရာသီလာတုံး ဗိုက်နာတာ သက်သာမယ်။

• တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ နည်းတယ်။

• သားအိမ်ပြင်ပ သန္ဓေတည်တာ နည်းတယ်။

• ရင်သားအကျိတ်ဖြစ်တာ နည်းတယ်။

• မ-မျိုးဥအိမ် အကျိတ်ဖြစ်တာ နည်းတယ်။

• သားအိမ်-ကင်ဆာနဲ့ မျိုးဥအိမ်-ကင်ဆာဖြစ်တာ နည်းတယ်။

• သွေးအားနည်းတာ နည်းမယ်။

• ဝက်ခြံဖြစ်တာ နည်းမယ်။

• ရာသီမလာခင် ဖြစ်တတ်တာတွေ အဖြစ်နည်းမယ်။

• Osteoporosis အရိုးရောဂါဖြစ်တာ နည်းမယ်။

• ကိုယ်မွှေးပေါက်တာ နည်းမယ်။

• ဗဂျိုင်းနားခြောက်တာ နည်းမယ်။

၁၅။ ပဋိဇီဝဆေးတွေနဲ့ မတည့်ဘူးဆိုတာ မှန်သလား။

• တီဘီအတွက်ပေးတဲ့ Rifampin ဆေးတမျိုးထဲကနေသာ ဆေးအာနိသင် နည်းစေတတ်တယ်။ တခြားပဋိဇီဝဆေးတွေနဲ့ တွဲသောက်လို့ ထူးခြားတာ မရှိပါ။

၁၆။ တခြားဘယ်ဆေးတွေနဲ့ တွဲသောက်တာ ထိရောက်မှု နည်းစေနိုင်သလဲ။

• HIV protease inhibitors ဆေးတချို့၊

• အတက်သက်သာဆေးတချို့၊

• Griseofulvin ပွေးပျောက်ဆေး၊

၁၇။ ဘယ်ဆေးတွေနဲ့ တွဲသောက်ရင် ဆေးအာနိသင်ကို လျော့နည်းစေသလဲ။

• အနာ-အကိုက်သက်သာဆေး Acetaminophen (Tylenol, Parcetamol)

• သွေးကျဆေး၊ Cyclopenthiazide (Prothiazide)

၁၈။ ဘယ်ဆေးတွေနဲ့ တွဲသောက်ရင် ဆေးအာနိသင်ကို ပိုများစေနိုင်သလဲ။

• စိတ်ကျရောဂါအတွက်ဆေး၊ Imipramine

• ပန်းနာဆေး၊ Theophyline

• စိတ်ငြိမ်ဆေး၊ Benzodiazepam (Valium, Ativan, Librium, Serax, Tranxene, Xanax)

၁၉။ Birth control patch ကိုယ်ဝန်တားကပ်ခွာဆေးက အန္တရာယ်ကြီးတယ်ဆိုတာ ဟုတ်ပါသလား။

• မဟုတ်ပါ။ အမေရိကန်အမျိုးသမီးတွေ သန်းနဲ့ချီပြီး Ortho Evra လို ကိုယ်ဝန်တားကပ်ခွာဆေး သုံးနေကြတယ်။ ၂၀ဝ၂ ကတည်းကစခဲ့ပြီး အတိအကျ သုံးတတ်ရင် ၉၉့၇% ထိရောက်တယ်။

၂၀။ Low-dose birth control pills ဟော်မုန်း လျှော့ထည့်တဲ့ဆေးမျိုးက ထိရောက်ပါသလား။

• စိတ်ချရပါတယ်။ ထိရောက်ပါတယ်။ ဘေးထွက်ဆိုးကျိုး သက်သာစေအာင် တီထွင်ထားတာ ဖြစ်တယ်။

၂၁။ ကိုယ်ဝန်တားကပ်ခွာဆေးက လူကောင်ကြီး-ငယ်သူတွေကို ဘယ်လိုထူးခြားစေသလဲ။

• လူအရွယ်အစားမရွေး အတူတူ အသုံးကျ ထိရောက်ပါတယ်။ ပေါင် ၁၉၈ ပေါင်ထက် များသူတွေမှာ ထိရောက်မှုနည်းတာ တွေ့လာရတယ်။ Low-dose oral contraceptives ဆေးအဆလျှော့ထားတဲ့ စားဆေးလဲ ဒီသဘောအတိုင်းဖြစ်တယ်။ အဲလို လူကောင်သိပ်ကြီးမားသူတွေအတွက် IUCD သုံးသင့်တယ်။

၂၂။ Norplant အသစ်ပေါ်နေပြီဆို။

• Six rods Norplant system(Implanon) ကိုယ်ဝန်တားဆေးချောင်း အရေပြားအောက်မှာထည့်နည်းပေါ်တာ ကြာပါပြီ။ ၆ ချောင်းထည့်တယ်။ အခု Single-rod implant တချောင်းထဲနည်း ပေါ်လာပြန်ပါပြီ။ ၉၉% ထိရောက်တယ်။ ၃ နှစ်အထိ ထားလို့ရတယ်။

၂၃။ လိင်စိတ်နည်းစေတယ်ဆိုတာ ဟုတ်ပါသလား။

• ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုး ရှိတာချည်းပါဘဲ။ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာနေကြတာ အနှစ် ၄၀ ကျော်ရှိသွားပါပြီ။ လိင်စိတ်အပေါ် သက်ရောက်မှုကိုလဲ လေ့လာပါတယ်။

• လတ်တလော ဆန်းစစ်မှုအရ စားဆေး၊ ကပ်ခွာဆေး၊ ဆေးကွင်း၊ ထိုးဆေးတွေ အားလုံးကနေ အများစုသော အမျိုးသမီးတွေမှာ လိင်စိတ်မနည်းတာ တွေ့ရပါတယ်။ ကျန်အမျိုးသမီးကြီးငယ်တွေမှာ တချို့ လိင်စိတ်နည်းကြတယ်။ တချို့မှာ များကြတယ်။ ဘာလို့ ဖြစ်ကြရတယ်ဆိုတာ မရှင်းပါ။

၂၄။ ရာသီတောက်လျှောက်မဆင်းအောင် တားဆေးနဲ့ လုပ်လို့ရသလား။

• မှန်မှန်သောက်တဲ့သူဆိုရင် ရတယ်။ Depo-Provera, IUCD, Vaginal ring တွေကလဲ ရာသီနည်းစေတယ်။ အမေရိကန်သူတွေ ၄၄% ရာသီမဆင်းအောင် နေကြတယ်။ (ဟန်းနီးမွန်း) ထွက်တာ၊ အားကစားပြိုင်ပွဲဝင်တာ၊ အလုပ်မရှုပ်ချင်လို့၊ ရာသီမလာခင် ဖြစ်တတ်တာတွေ မဖြစ်အောင်လို့ စတဲ့ ဆန္ဒတွေကြောင့် တမင်လုပ်ကြတယ်။

၂၅။ Latex condoms အများသုံး (လေးတက်စ်) နဲ့လုပ်ထားတဲ့ (ကွန်ဒွမ်)နဲ့ မတည့်ရင် ဘယ်ဟာသုံးမလဲ။

• ၂ နည်းရှိတယ်။ (၁) Female condoms အမျိုးသမီးသုံး (ကွန်ဒွမ်) က Polyurethane နဲ့လုပ်ထားတယ်။ အသေအချာ သုံးတတ်ရင် ၉၅% ကာကွယ်နိုင်တယ်။ FC Female Condom ခေါ်တယ်။ (၂) Polyurethane male condoms ယောကျာ်း (ကွန်ဒွမ်) ကိုသုံးနိုင်တယ်။ Avanti နဲ့ Trojan Supra ခေါ်တယ်။

Most Popular

Healthy Life Ad
To Top