Healthy Life Ad
Health Tips

သန္ဓေတားခြင်းကြောင့် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများနှင့် ဖြေရှင်းနည်းများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကိုမှီဝဲတဲ့အခါ ဘေးထွက်ဆိုးကျိုးအနည်းငယ်ကို ရရှိ စေနိုင်ပါတယ်။ သန္ဓေတားဆေးတွေကြောင့်အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ရင်သားတင်းခြင်း
ဖြေရှင်းနည်း – စိတ်ရှည်ရှည်ထားပါ။

ဒီဘေးထွက်ဆိုးကျိုးတွေက သန္ဓေတားဆေးကိုမှီဝဲပြီး အချိန်အတိုင်းအတာတစ်ခုအတွက် သက်သာသွားပါလိမ့်မယ်လို့ ကိုလံဘီယာတက္ကသိုလ်ရဲ့ သားဖွားမီးယပ်အထူးကု ဟီလ်ဒါက ဆိုပါတယ်။ တကယ်လို့ မသက်သာဘဲခေါင်းကိုက်တာ၊ မူးတာနဲ့ ရင်သားတင်းတာတွေ ဆက်လက်ခံစားနေရရင် တခြားအမျိုးအစားကို ပြောင်းသုံးသင့်ပါတယ်။

(၂) ပျို့ချင်အန်ချင်ဖြစ်ခြင်း
ဖြေရှင်းနည်း – ဆေးကိုအစာနှင့် တွဲသောက်ပါ

ဒီဘေးထွက်ဆိုးကျိုးက သန္ဓေတားဆေး သောက်ပြီး အချိန်နှစ်လအတွင်းမှာ သက်သာသွားတတ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့သန္ဓေတားသောက်ဆေးကို မှီဝဲနေရင် အစာနဲ့ တွဲသောက်ပေးပါ။

(၃) မိန်းမကိုယ်မှ သွေးဆင်းခြင်း
ဖြေရှင်းနည်း – နေ့စဉ်အချိန်မှန် ဆေးသောက်ပါ

ဒီဘေးထွက်ဆိုးကျိုးဖြစ်ရင် တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်တာထက် အမျိုးသမီးအများစုကို ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ဒီလိုမဖြစ်အောင် သန္ဓေတားဆေးကို နေ့စဉ်အချိန် မှန်သောက်သင့်ပါတယ်။ မိန်းမကိုယ်မှ သွေးဆင်းတာက ဟော်မုန်းပါ သန္ဓေတားဆေးထိုးတာ၊ ဆေးသောက်တာနဲ့ သားအိမ်အတွင်း ပစ္စည်းထည့်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီမလာဘဲ ပျောက်နေတာ၊ ရာသီလာတာနည်းတာတွေလို ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ မိန်းမကိုယ်မှ သွေးဆင်းတာကြောင့် စိတ်မသက်မသာဖြစ်နေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

(၄) လိင်စိတ်လျော့နည်းခြင်း
ဖြေရှင်းနည်း – မတူညီသော ဖော်မြူလာဖြင့် ထုတ်ထားသည့် ဆေးပြောင်းပါ

ဒီဘေးထွက်ဆိုးကျိုးဖြစ်ရင် တခြားမတူညီတဲ့ ဖော်မြူလာနဲ့ ထုတ်ထားတဲ့ ဆေးသောက်ပါ။ တချို့အမျိုးသမီးတွေအတွက် တက်စတိုစတီရုန်းလို အန်ဒရိုဂျင်ပါတဲ့ သန္ဓေတားဆေးကို ပြောင်းသောက်လိုက်တဲ့အခါ ဆန္ဒပုံမှန်ပြန်ဖြစ်သွားတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

(၅) စိတ်ဓာတ်ကျခြင်း
ဖြေရှင်းနည်း – ဟော်မုန်းမပါသော သန္ဓေတားနည်းပြောင်းပါ

သင်မှီဝဲနေတဲ့ သန္ဓေတားဆေးကြောင့် စိတ်ဓာတ်ကျရတယ်ဆိုရင် ဟော်မုန်းမပါတဲ့ သန္ဓေတားနည်းကို ပြောင်းသုံးဖို့လိုအပ်နေပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားနည်းကိုပဲ ပြောင်းသုံးမယ်ဆိုရင်တော့ စိတ်ဓာတ်ကျတာက သက်သာလာဖို့ မလွယ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top