Healthy Life Ad
Health Tips

ရင်သားကင်ဆာဖြစ်မှာ ကြောက်သလား

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ရင်သားကင်ဆာဖြစ်မှာ စိုးရွံ့ထိတ်လန့်ကြသူ အမျိုးသမီးကြီးငယ်တို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရင်သားကို မိမိဘာသာ စစ်ဆေးပါ

အသက် ၂၀ အရွယ်မှာ ရင်သားကို မိမိဘာသာ စတင်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ ရင်သားကို မိမိဘာသာ စမ်းသပ်တာကြောင့် ရင်သားကင်ဆာကို အစောပိုင်းအဆင့်ကတည်းက သိနိုင်ပါတယ်။ လစဉ်ရာသီလာပြီး တစ်ပတ်အကြာမှာ စစ်ဆေးသင့်ပါတယ်။ ရာသီသွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့ လတစ်လရဲ့အစမှာ စတင်စမ်းသပ်သင့်ပါတယ်။ ရင်သားမှာ အဖုအကျိတ်တွေ့ရင်၊ မသက်မသာ ဝေဒနာဖြစ်ရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

(၂) ရင်သားဓာတ်မှန်ရိုက်ပါ

ရင်သားဓာတ်မှန်ရိုက်တာက ရင်သားကင်ဆာကို စောစောသိနိုင်ပါတယ်။ အသက် ၄၀ ကျော် အမျိုးသမီးတွေအနေနဲ့ ကင်ဆာမျိုးရိုးမရှိရင်တောင် တစ်နှစ်တစ်ကြိမ် ရင်သားဓာတ်မှန် ရိုက်သင့်ပါတယ်။ တကယ်လို့ သွေးမဆုံးခင် မိခင်၊ အဒေါ်တွေမှာ ရင်သားကင်ဆာဖြစ်ဖူးရင် ဒီ့ထက်စောစောအရွယ်မှာ ရင်သားဓာတ်မှန်ရိုက်ကာ ရောဂါရှာဖွေသင့်ပါတယ်။

(၃) ရင်သွေးကို မိခင်နို့ချိုတိုက်ကျွေးပါ

မိခင်နို့ချိုတိုက်ကျွေးတာက ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းတစ်ခုပါ။ ဒီနေ့ခေတ်အမျိုးသမီးတွေက ခန္ဓာကိုယ်အလှပျက်မှာစိုးလို့ မိခင်နို့ချို တိုက်ကျွေးလေ့မရှိကြပါဘူး။ မိခင်နို့ချို တိုက်ကျွေးတာက ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို ရှောင်လွှဲနိုင်ပါတယ်။ ကလေးအသက် နှစ်နှစ်အထိ မိခင်နို့ချို တိုက်ကျွေးတဲ့ အမျိုးသမီးတွေက ရင်သားကင်ဆာအန္တရာယ် ၆၀ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန် ထိန်းပါ

သွေးဆုံးပြီးချိန်မှာ ကိုယ်အလေးချိန်များသူ၊ အဝလွန်သူ အမျိုးသမီးတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ သွေးမဆုံးခင်က အီစထရိုဂျင် ဟော်မုန်းအများစုကို မမျိုးဥအိမ်က ထုတ်လုပ်ပြီး အနည်းငယ်ကို အဆီတစ်သျှူးတွေက ထုတ်လုပ်ပါတယ်။ သွေးဆုံးပြီးချိန်မှာ မမျိုးဥတွေက အီစထရိုဂျင် ထုတ်လုပ်မှု မရှိတော့ဘဲ အဆီတစ်သျှူးတွေကပဲ အီစထရိုဂျင်ကို ထုတ်လုပ်ပါတယ်။ သွေးဆုံးပြီးချိန်မှာ အဝလွန်သူတွေမှာ အဆီတစ်သျှူးတွေ ပိုများလေလေ၊ အီစထရိုဂျင် အဆင့်မြင့်တက်မှု ရှိလေလေဖြစ်ကာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များရတာပါ။

(၅) လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့ နာရီဝက်နဲ့ တစ်ပတ်သုံးကြိမ် လေ့ကျင့်ခန်းလုပ်တာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့ကျနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အဆီပိုတွေ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ကာ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အီစထရိုဂျင် ဟော်မုန်းအဆင့်ကို ဟန်ချက်ညီစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၀-၄၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။

(၆) အဆီနည်းသော အစာစားပါ

အဆီနည်းတဲ့ အစာက ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်သလို အထွေထွေကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ဒါကြောင့် ထရန့်စ်ဖက်စ်နဲ့ ပြည့်ဝဆီတွေကို လျှော့စားပေးပါ။ ငါးအဆီနဲ့ မပြည့်ဝဆီတွေကို စားပေးပါ။ ဒိန်ချဉ်၊ အဆီနည်း နွားနို့နဲ့ ဒိန်ခဲတို့ကို စားပါ။

(၇) အရက်ရှောင်ပါ

အရက်ကို မသောက်တာ အကောင်းဆုံးပါ။ တကယ်လို့ သောက်မယ်ဆိုရင် ထိန်းချုပ်သောက်သင့်ပါတယ်။ အရက်အလွန်အမင်းသောက်တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်လို့ပါ။ အရက် ၂-၅ ခွက် ပုံမှန်သောက်တဲ့ အမျိုးသမီးတွေက မသောက်သူနဲ့ယှဉ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ တစ်ဆခွဲပိုများပါတယ်။ ဆေးလိပ်ကိုလည်း ရှောင်ရပါမယ်။

(၈) ပဲပိစပ်စားပါ

ပဲပုပ်စေ့နဲ့ ပဲပိစပ်ထွက်ကုန်တွေဖြစ်တဲ့ တိုဟူး၊ ပဲနို့ စတာတွေကို စားတာက ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေပါတယ်။ ပဲပိစပ်မှာပါတဲ့ အိုင်ဆိုဖလေဗုန်းဟာ ခန္ဓာကိုယ်တစ်သျှူးတွေနဲ့ပေါင်းပြီး အီစထရိုဂျင်ကို ရင်သားကင်ဆာဆဲလ်တွေအား လှုံ့ဆော်မှုမလုပ်နိုင်အောင် ဟန့်တားပေးပါတယ်။

(၉) ပိုးသတ်ဆေးနှင့် ဓာတုပစ္စည်း အလွန်အကျွံ ထိတွေ့မှုရှောင်ပါ

အီစထရိုဂျင် ဂုဏ်သတ္တိရှိတဲ့ ပိုးသတ်ဆေး၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကို လျှော့ချပေးပါ။ ဒီအရာတွေက ရင်သားကင်ဆာဆဲလ်တွေကို မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်လို့ ရောဂါပျံ့နှံ့နှုန်း မြန်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top