Healthy Life Ad
Health Tips

ကြွက်သားမလှုပ်ရှားနိုင်ခြင်းအတွက် ကုထုံး

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. Paralysis ဖြစ်လာရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

A. ကြွက်သားမသန်စွမ်းမှုတွေ ဖြစ်လာနိုင်တဲ့ အကြောင်းတွေကတော့ အရင်တစ်ပတ်ကပြောခဲ့သလိုပဲ အကြောင်းတွေက အများကြီးရှိပါတယ်။ ဒီတော့ ဖြစ်ရတဲ့အကြောင်းရင်းကို သိရမှပဲ ဖြစ်ရတဲ့အကြောင်းအရာပေါ် မူတည်ပြီး သင့်တော်တဲ့ကုသမှု ပေးရပါတယ်။ တကယ်လို့ လက်ကလှုပ်လို့မရတော့ဘူးဆိုရင် အာရုံကြောထိခိုက်လို့လား၊ အရိုးကျိုးလို့လား စတဲ့ ဘာကြောင့်ဖြစ်တာလဲဆိုတာ သိအောင်လုပ်ပြီးမှ ဖြစ်ရတဲ့ရောဂါကို လိုအပ်သလို ကုသမှုပေးရမှာ ဖြစ်ပါတယ်။

Q. Paralysis ဖြစ်တဲ့ လူနာတစ်ဦးရောက်လာရင် ဖြစ်ရတဲ့အကြောင်းရင်းသိအောင် ဘယ်လိုစစ်ဆေးလေ့ရှိပါသလဲ ဆရာ။

A. Paralysis ဖြစ်နေတဲ့ လူနာတစ်ယောက်ရောက်လာရင် ရောဂါရှာဖွေရာမှာ တခြားရောဂါတွေကို ကြည့်ရှုစမ်းသပ်ရသလိုပဲ အရင်ဆုံးတော့ လူနာရဲ့ (History)ကို မေးရပါတယ်။ ဖြစ်တာက ဘယ်လောက်ကြာပြီလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ထိမိ၊ ခိုက်မိတာတွေ ရှိ/မရှိ၊ အရိုးကျိုးတာ၊ အဆစ်ပြုတ်တာနဲ့ အာရုံကြောထိခိုက်တာတွေ ရှိ/မရှိကိုပါ မေးကြည့်ရပါတယ်။ အဖျားရောရှိလား၊ နှလုံးရောဂါ၊ သွေးတိုးရောဂါရှိလားပါ မေးရပါတယ်။ ဒီလိုမေးတာတွေက အရေးကြီးပါတယ်။ များသောအားဖြင့် အဲဒီလိုမေးလိုက်တာနဲ့ ဘာမှထူးထူးခြားခြား စစ်ဆေးမှုမလုပ်ရသေးခင် ဖြစ်ရတဲ့အကြောင်းရင်းက ပေါ်လာတတ်ပါတယ်။ ဒါကြောင့် လူနာကို သေချာအချိန်ပေးပြီး ဂရုတစိုက်မေးမြန်းပေးဖို့ လိုပါတယ်။ တစ်ခါတလေကျတော့လည်း လူနာက သူတို့စိတ်ထင်မြင်ချက်တွေကိုပြောပြီး လမ်းလွဲတတ်ပါတယ်။ အဲဒီအခါကျတော့လည်း တလွဲတွေဖြစ်မသွားအောင် ကိုယ်လိုချင်တဲ့ အချက်အလက်တွေရအောင်လည်း ထိန်းကြောင်းမေးတတ်ရပါမယ်။ အရေးကြီးဆုံးအချက်က လူနာကို အချိန်တော့ပေးရမှာဖြစ်ပါတယ်။

အဲဒီလိုမေးပြီးသွားတဲ့အခါမှာတော့ Clinical Examination ဆိုတဲ့ လူနာကို ကြည့်ရှူစမ်းသပ်ရပါတယ်။ လူနာက အိပ်ရာထဲလဲနေလား၊ ဝှီးချဲလ်ပေါ်မှာထိုင်နေသလား၊ လမ်းလျှောက်နိုင်သလား ကြည့်ရပါတယ်။ လမ်းလျှောက်ရင် ပုံမှန်လားဆိုတာ ကြည့်ရပါတယ်။ ပြီးတော့မှ ဘယ်နေရာမှာမသန်ဘူးလဲ၊ ဘယ်နေရာမှာ ကြွက်သားအားလျော့နေသလဲ၊ ခြေထောက်တွေ၊ လက်တွေ မူမမှန်တဲ့အနေအထား (Deformity)အစရှိသဖြင့် ကြည့်ရှုရပါတယ်။ အာရုံကြောင့်ဖြစ်တဲ့ Deformity တွေက ကြည့်လိုက်တာနဲ့ ဘယ်အာရုံကြောထိသလဲဆိုတာ သိနိုင်ပါတယ်။ သူရဲ့ထိတွေ့မှုတွေကိုလည်း စစ်ရပါတယ်။ အပူ၊ အအေးထိတွေ့မှုတွေ၊ အကြမ်း၊ အချောထိတွေ့မှုတွေနဲ့ တုန်ခါမှုအထိအတွေ့တွေကို စစ်ရပါတယ်။ ဆီးနဲ့ဝမ်းရောမှန်ရဲ့လား ပုံမှန်သွားရဲ့လားဆိုတာကိုပါ မေးရပါတယ်။ လိုအပ်ရင် လူနာရဲ့လိင်မှုကိစ္စတွေကိုပါ မေးမြန်းရပါတယ်။

Q. Paralysis ဖြစ်တဲ့ လူနာတွေရဲ့ထူးခြားချက်ကိိုု သိပါရစေဆရာ။

A. ဒီလိုဖြစ်တဲ့သူအများစုကတော့ ကြည့်လိုက်တာနဲ့ ဘယ်နားကြွက်သားသိမ်နေသလဲဆိုတာ သိနိုင်သလို လမ်းလျှောက်ဟန် ပုံမှန်မဟုတ်တာတွေကိုလည်း

“တချို့လူနာတွေဟာ လက်တစ်ဖက်က ကွေးလို့မရတော့တာမျိုးဖြစ်တဲ့အခါမှာ ကွေးလို့တော့ပြန်မရတော့ပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်လို့ရအောင် (ဥပမာ သွားတိုက်နိုင်အောင်) အထောက်အကူပစ္စည်းတွေ တပ်ပေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ Occupational Theraphy လုပ်ပေးတဲ့အခါ လူနာအတွက် သူများအကူအညီ မလိုအပ်တော့ပါဘူး။”. . .

တွေ့နိုင်ပါတယ်။ လက်ကကွေးနေတယ်၊ ခြေထောက်ကကွေးနေတယ်ဆိုတာကိုလည်း ကြည့်လိုက်ရုံနဲ့တင် တော်တော်လေးသိပါတယ်။ ကြည့်ပြီးတော့ MotorPower, Sensory တို့ စစ်ကြည့်ပါတယ်။ သွေး၊ ဆီးစစ်တယ်။ ဓာတ်မှန်ရိုက်တာတို့၊ CT Scan, MRI, ENG ရိုက်တာ စတာတွေကိုလည်း လိုအပ်သလို လုပ်ပေးပါတယ်။ ကြွက်သားနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေလုပ်ပြီး တိကျတဲ့အဖြေရအောင် လုပ်ရပါတယ်။ ပြီးမှ ဖြစ်ရတဲ့ရောဂါအပေါ် မူတည်ပြီးတော့ ရောဂါကို ကုသရပါတယ်။

Q. မြန်မာနိုင်ငံမှာ Paralysis က ဘယ်လိုအကြောင်းရင်းတွေကြောင့် အဖြစ်များပါသလဲ ဆရာ။

A. မြန်မာနိုင်ငံမှာတော့ လည်ပင်း၊ ကျောရိုး ထိမိ၊ ခိုက်မိတာ၊ လက်တွေခြေထောက်တွေမှာရှိတဲ့ အာရုံကြောထိခိုက်မှု၊ လေဖြတ်တာ စတာတွေ အဖြစ်များပါတယ်။ အာရုံကြောထိခိုက်မှုကြောင့်လည်း ဖြစ်တာများတယ်။ အနာကြီးရောဂါတွေကြောင့် ဖြစ်တာလည်းရှိပါတယ်။ ထိမိ၊ ခိုက်မိလို့ ဖြစ်တာလည်းများပါတယ်။

Q. Paralysis ဖြစ်ရင် မြန်မြန်ပြန်ကောင်းနိုင်ခြေ ရှှိပါသလား ဆရာ။

A. မြန်မြန်ကောင်းဖို့ဆိုတာကတော့ ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ရောဂါပေါ်မှာမူတည်ပါတယ်။ နောက်ပြီး ကုသမှုပေးရာမှာ ဘယ်လောက်မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန် ကုသနိုင်လဲဆိုတဲ့ အချက်ပေါ်မှာလည်း မူတည်နေပါတယ်။ ဥပမာ- ဖြစ်ရတဲ့ရောဂါက ကုသရခက်တဲ့ရောဂါမျိုးဖြစ်နေရင်တော့ ပြန်ကောင်းဖို့ခက်ပါတယ်။ ပိုလီယိုရောဂါလိုမျိုး ဖြစ်နေတာကြာနေပြီဆိုရင် ကုလို့မရနိုင်တော့ပါဘူး။ ဦးနှောက်အကျိတ်ကင်ဆာဖြစ်လို့ Paralysis ဖြစ်ရင် ဘယ်လိုအကျိတ်လဲ၊ ဘယ်လိုကင်ဆာလဲ၊ ကုသမှုဘယ်လောက်ပေးနိုင်လဲ စတာပေါ်မူတည်ပြီး ကုသနိုင်တာလည်း ရှိပါတယ်။ မအောင်မြင်တာလည်း ရှိနိုင်ပါတယ်။ တခြားထိခိုက်မှုကြောင့်ဖြစ်တာတွေ တော်တော်များများကတော့ ပြန်ကောင်းနိုင်ပါတယ်။ တချို့ကလည်း လက်သေတာ၊ ခြေထောက်သေတာတွေ ဖြစ်ပေမယ့် အဆိုးကြီးမဟုတ်ပါဘူး။ ပြန်ကောင်းနိုင်ပါတယ်။ ပြီးရင် ပြန်လည်သန်စွမ်းရေးကလည်း အရေးကြီးပါတယ်။

တချို့တွေက ကြွက်သားတစ်စုလောက်ပဲ မလှုပ်ရှားနိုင်တာဖြစ်နေပေမယ့် တခြားကြွက်သားတွေက အကောင်းတိုင်းရှိနေတတ်ပါတယ်။ အဲဒီအခါ ကောင်းတဲ့ကြွက်သားတွေကို လေ့ကျင့်ခန်း သေချာပြုလုပ်ပေးနိုင်ရင် မသန်စွမ်းမှုက အများကြီး လျော့နည်းသွားနိုင်ပါတယ်။ တချို့လူနာတွေဟာ လက်တစ်ဖက်က ကွေးလို့မရတော့တာမျိုးဖြစ်တဲ့အခါမှာ ကွေးလို့တော့ပြန်မရတော့ပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်လို့ရအောင် (ဥပမာ သွားတိုက်နိုင်အောင်) အထောက်အကူပစ္စည်းတွေ တပ်ပေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ Occupational Theraphy လုပ်ပေးတဲ့အခါ လူနာအတွက် သူများအကူအညီ မလိုအပ်တော့ပါဘူး။ အောက်ပိုင်းသေသွားလို့ ဘဝကဆုံးသွားတာ မဟုတ်ပါဘူး။ ဝီးချဲလ်နဲ့သွားလာနိုင်တယ်။ ဖုန်းနဲ့ကွန်ပျူတာနဲ့ သုံးနိုင်မယ်ဆိုရင် အလုပ်လုပ်နေနိုင်ပါတယ်။ အဲလိုလုပ်နိုင်လာအောင် ဆက်လက်ကုသကူညီပေးဖို့ လိုပါတယ်။

Q. တချို့က Paralysis ဖြစ်ပြီး အောက်ပိုင်းသေသွားရင် စိတ်ဓာတ်တွေကျသွားတတ်ပါတယ် ဆရာ။

A. အောက်ပိုင်းသေတာ၊ ခြေတွေလက်တွေသေသွားတာက ဘဝဆုံးသွားတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ လည်ပင်းအာရုံကြောထိပြီး အောက်ပိုင်းသေတဲ့သူတွေက စကားပြောလို့ရတယ်။ လျှာလှုပ်လို့ရပါတယ်။

Q. Paralysis ဖြစ်တဲ့ လူနာတွေကို ခွဲစိတ်ကုသမှုပေးနိုင်ပါသလား ဆရာ။

A. Paralysis ဖြစ်တဲ့အခါမှာ ဥပမာ-ခြေထောက်နဲ့ လက်ကြွက်သားတစ်ခုခု သေသွားတဲ့အခါ ခြေထောက်နဲ့လက်က ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တဲ့ အခြေအနေဖြစ်သွားပါတယ်။ ဆရာတို့ကခွဲစိတ်ပြီး သေသွားတဲ့ကြွက်သားကိုပြန်ကောင်းအောင် လုပ်ပေးလို့တော့မရပါဘူး။ ဒါပေမဲ့ မသေတဲ့ကြွက်သားတချို့ကို သုံးပြီးတော့ ကွေးနေတဲ့ခြေထောက်ကို ပြန်ကော့လာအောင်၊ ခြေထောက်ထောက်လို့ရအောင်နဲ့ လမ်းလျှောက်လို့ရအောင်တော့ ပြုပြင်ပေးလို့ရပါတယ်။ လက်တွေဆိုလည်း ကြွက်သားတွေကို ခွဲစိတ်ကုသပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်နိုင်အောင် လုပ်ပေးလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top