Healthy Life Ad
Health Tips

မြင်းခွာရွက် (Asiatic Pennywort)

ဒေါက်တာတင့်ဆွေ

မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာကို မြန်မာတွေသာမက တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ Sanskrit သင်္သကရိုက်ဘာသာနဲ့ Mandooka Parni ခေါ်ပြီး၊ အင်္ဂလိပ်လို Asiatic pennywort နဲ့ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ပါတယ်။ အများဆုံး Indian Pennywort လို့ခေါ်တယ်။ နာမယ်တော့အိန္ဒိယပေမဲ့၊ လက်တွေ့မှာတော့ တရုတ်ပါ။ မူဆယ် ၁၀၅ မိုင် နယ်စပ်ကနေ ၂၀ဝ၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ဝ ဒသမ ၅၅တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ဖတ်ရတယ်။

မြန်မာဆေးနားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။

၁။ အရည်ညှစ်၍ သကြား၊ ပျားရည် တို့နှင့် ရောစပ်ပြီး နေ့စဉ်သောက်ခဲ့သော် ခွန်အားတိုးတက်စေ၏။

၂။ အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါးသဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။

၃။ ငရုတ်ကောင်း၊ ပျားရည်တို့နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါကင်း၏။

၄။ အမှုန့်ကို အနည်းငယ်ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများချောင်းဆိုးရောဂါ၊ အဆုတ်နာရောဂါပျောက်၏။

၅။ အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ဖြစ်သော လေအဖုအကျိတ် များပျောက်၏။

၆။ အရည်ညှစ်၍ လက်ဖက်ဇွန်းငယ် တဇွန်းခန့်တိုက်ပါက ကလေးငယ်များအအေးမိခြင်း၊ လေပြွန်ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်းပျောက်၏။

၇။ အရွက်ကိုညှစ်ရည်၍ အရေပြားရောဂါများအတွက် လိမ်းကျံခြင်း၊ စားသောက်ခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။

၈။ အရွက်ကိုကြိတ်၍ ရုတ်တရက်ထိခိုက်ရှနာဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။

၉။ ဖျော်ရည်ပြုလုပ်၍သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌သွေးပါခြင်းတို့ ပျောက်၏။

၁၀။ အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေးအဖြစ်လည်း ဖော်စပ်သုံးနိုင်၏။ အရွက်စိမ်းကိုကြိတ်၍ အဝတ်ပါးပါးတွင်ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာမျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။

အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိအသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်းပြောနိုင်တာက ရောဂါပိုးတွေကိုနိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေးအာရုံကြောကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်းစိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ်စာတစ်အုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူကငြင်းတယ်။

ဆေးပညာခွဲအစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphro­disiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ်အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြောမကောင်းတာ၊ Dyspepsia အစာမကြေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။

သိပ္ပံနည်းကျဆရာတချို့က တနေ့ ၃ ရွက်သာစားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွာရွက်ဈေး မတက်ကောင်းပါရဲ့။

Most Popular

Healthy Life Ad
To Top