Healthy Life Ad
Health Tips

ကပ္ပာယ်အိတ်ရောင်နေခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အသက်က ၉၀ ရှိပြီ။ ခြေထောက်တွေ၊ လက်တွေရောင်ပြီး ကပ္ပာယ်အိတ်ပါရောင်နေတာ ဘယ်လိုကုသရမလဲရှင်။ ကပ္ပာယ်အိတ်က ကလေးတွေရဲ့ခေါင်းလောက်ရှိတယ်။
Julies Julies (FB)

A. ခြေလက်ဖောပြီး ကပ္ပာယ်အိတ်ဖောရောင်တယ်ဆိုရင် ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကိုပဲ မှန်းဆပြောလို့ရပါမယ်။ ခြေထောက်ရောင်တာက ဖိလိုက်လို့ ချိုင့်သွားသလားဆိုတာနဲ့ ခွဲခြားရပါမယ်။ ဖိလိုက်လို့ ချိုင့်သွားတယ်၊ လတ်တလော ရောင်ရမ်းလာတယ်ဆိုရင် Oedema ဖောရောင်ခြင်းဖြစ်နိုင်ပြီး Scrotal Oedema နဲ့ Pheripheral Oedema လို့ သုံးပါတယ်။ ဘယ်လိုလူတွေမှာ တွေ့ရသလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ အသားဓာတ်နည်းတဲ့သူတွေမှာ ဖောင်းတတ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောင်တဲ့ရောဂါ၊ နာတာရှည်ကျောက်ကပ်အားနည်းပြီး ကျောက်ကပ်ထိခိုက်ကာ ကျောက်ကပ်ထဲက အသားဓာတ်ထွက်ကျနိုင်တဲ့ အခြေအနေ၊ ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်သူတွေမှာ အတွေ့ရများတတ်ပါတယ်။ သွေးပေါင်ချိန်ကြည့်လို့ သွေးပေါင်ကျတာမရှိဘူး၊ သွေးပေါင်ကောင်းတယ်ဆိုရင် လတ်တလောရောင်ရမ်းမှု သက်သာစေမယ့်ဆေးတွေကို ဆရာဝန်တွေက ပေးလေ့ရှိပါတယ်။

ဒုတိယအကြောင်းရင်းအနေနဲ့ ဖိလိုက်လို့ ချိုင့်မသွားဘူး၊ နှစ်နဲ့ချီပြီး တဖြည်းဖြည်းချင်း ဖောရောင်လာတာဆိုရင် ဆင်ခြေထောက်ရောဂါဖြစ်နိုင်ပါတယ်။ ဆင်ခြေထောက်ရောဂါကတော့ အတွေ့ရနည်းပါတယ်။ ဒါပေမဲ့ ဆင်ခြေထောက်ရောဂါကတော့ ကုဖို့ခက်ခဲနိုင်ပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတာ ဆရာဝန်နဲ့ သေချာပြသပြီးမှ အတိအကျသိရှိနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top