Healthy Life Ad
Health Tips

အံသွားပေါက်ချိန် နာလွန်းတဲ့ဝေဒနာက ထိရောက်တဲ့ နည်းတွေနဲ့ ဖြေရှင်းရအောင်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အံသွားပေါက်ရင် တကယ်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကျတော့ ကံကောင်းစွာပဲ အံသွားပေါက်ချိန် နာကျင်မှုကို သိပ်မခံစားရပါဘူး။ တချို့ကျတော့လည်း အံသွားပေါက်ချိန်ဖြစ်တဲ့ နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိကြပါတယ်။ ဒါပေမဲ့ အများအားဖြင့် အံသွားပေါက်ချိန်မှာ ပြင်းထန်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ အံသွားက အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြားမှာ စတင်ပေါက်တတ်ပြီး နာကျင်လွန်းတဲ့ ဝေဒနာခံစားရရင် အောက်ပါအိမ်တွင်းနည်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

(၁) ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ

ဆားဆိုတာ သဘာဝပိုးသတ်ဆေးပါ။ ဆားကို ကြက်သီးနွေးရေထဲထည့်ပြီး ပလုတ်ကျင်းပေးပါ။ အဲဒီလို ပလုတ်ကျင်းပေးတာကြောင့် သွားကိုက်တဲ့ဝေဒနာကို ချက်ချင်းသက်သာစေပါတယ်။ ခံတွင်းထဲမှာ ဆားရေနွေးကို မိနစ်အနည်းငယ်ထားဖို့လိုပြီး တစ်နေ့မှာ ၄-၅ကြိမ်လောက် ထပ်ခါထပ်ခါ ပြုလုပ်ပေးရပါမယ်။ ဒီအိမ်တွင်းနည်းက လွယ်သလောက် ထိရောက်ပါတယ်။

(၂) ဆော်ဒါမှုန့်ရည် သုတ်လိမ်းပါ

အံသွားပေါက်ရင် ပြင်းထန်တဲ့ နာကျင်ရောင်ရမ်းမှုအမျိုးမျိုး ဖြစ်တတ်ပါတယ်။ ဆော်ဒါမှုန့်က ဒီအချိန်အတွင်း နာကျင်မှုကို သက်သာစေပါတယ်။ ဆော်ဒါမှုန့်ကို ပုံမှန်သုံးနေကျ သွားတိုက်ဆေးထဲထည့်ပြီး အံသွားပေါ် တိုက်ရိုက်သုတ်လိမ်းပေးပါ။ အံသွားနာကျင်တဲ့ဝေဒနာကို မိနစ်အနည်းငယ်အတွင်း သက်သာလျော့ပါးစေပါတယ်။

(၃) ရေခဲကပ်ပါ

ရေခဲဆိုတာ ရောင်ရမ်းမှုအမျိုးမျိုးကို သက်သာစေတဲ့ ပထမဆုံးအရာပါ။ အံသွားပေါက်လို့ ကိုက်ခဲနာကျင်တဲ့ ပါးပြင်ဘက်ခြမ်းမှာ ရေခဲကပ်ပေးပါ။ ၁၅ မိနစ်ကြာ ရေခဲကပ်လိုက်၊ ၁၅ မိနစ်ကြာ အနားပေးလိုက် လုပ်ပေးရင် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပါတယ်။ ဒီနည်းက ရောင်ရမ်းနာကျင် ဖောရောင်မှုကိုလည်း ကင်းစင်စေပါတယ်။

(၄) ဗနီလာအနှစ်ဆီ (Vanilla extract)သုံးပါ

ကိတ်မုန့်ဖုတ်တဲ့အခါသုံးတဲ့ ဗနီလာအနှစ်ဆီက အံသွားပေါက်ချိန် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုလည်း လျော့ပါးစေပါတယ်။ ဂွမ်းစထဲ ဗနီလာအနှစ်ဆီ အစက်အနည်းငယ်ဆွတ်ပြီး ကိုက်ခဲနေတဲ့ အံသွားပေါ်မှာ ပွတ်လိမ်းပေးပါ။ အချိန် ၁၅ မိနစ် လောက်ကြာမှ ခဏတာအနားပေးပါ။ နာကျင်မှုက တဖြည်းဖြည်း လျော့ပါးသွားတာကို သတိပြုမိပါ လိမ့်မယ်။

(၅) ဘန်ဇိုကိန်း (Benzocaine) လိမ်းပါ

ဆရာဝန်အများစုက သွားကိုက်တဲ့ဝေဒနာ သက်သာစေဖို့ ဘန်ဇိုကိန်းကို ညွှန်လေ့ရှိကြပါတယ်။ ဂျဲလ်အခြေခံ ဘန်ဇိုကိန်းလိမ်းဆေးကို ကိုက်ခဲနာကျင်နေတဲ့ သွားပေါ် တိုက်ရိုက်လိမ်းသင့်ပါတယ်။ မလိမ်းခင်မှာတော့ သွားတစ်ဝိုက် သန့်ရှင်းရေးလုပ်ထားပါ။ ဒါပေမဲ့ အသက်နှစ်နှစ်အောက် ကလေးတွေမှာတော့ မသုံးခင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

(၆) လက်ဖက်အိတ်သုံးပါ

အံဆုံးသွားကိုက်ခဲနာကျင်မှု ကင်းစင်စေဖို့ လက်ဖက်အိတ်အမျိုးမျိုးကို သုံးနိုင်ပါတယ်။ လက်ဖက်အိတ်ကို ရေနွေးထဲထည့်စိမ်ပြီး ကိုက်ခဲနာကျင်နေတဲ့သွားပေါ် ကပ်ပေးလိုက်ရင် ရောင်ရမ်းမှု လျော့ပါးစေပါတယ်။ လက်ဖက်အိတ်မှာပါတဲ့ တန်းနစ်အက်စစ်က ရောင်ရမ်းမှုလျော့ကျစေလို့ပါ။

(၇) လေးညင်းသုံးပါ

လေးညင်းကို ကိုက်ခဲနာကျင်တဲ့သွားပေါ်မှာ ကပ်ပေးပါ။ လေးညင်းရဲ့ ဘက်တီးရီးယားနဲ့ ပိုးသတ်အစွမ်းကြောင့် သွားကိုက်တာ သက်သာစေပါတယ်။ လေးညင်းဆီရှိရင် ဂွမ်းစနဲ့တို့ပြီး အံသွားပေါ်အုပ်ပေးပါ။ လေးညင်းနံ့က ပြင်းလွန်းတယ်ထင်ရင် သံလွင်ဆီနဲ့ရောပြီး သုံးပေးပါ။

(၈) နနွင်းမှုန့် ခံတွင်းသန့်ဆေးရည်သုံးပြီး ပလုတ်ကျင်းပါ

နနွင်းမှုန့် (ဆနွင်းမှုန့်)မှာ ပိုးသတ်အစွမ်းရှိတာကြောင့် အံသွားကိုက်တဲ့ဝေဒနာကို သက်သာစေပါတယ်။ လေးညင်းမှာ အနာကျက်ခြင်း၊ ကိုက်ခဲခြင်းနဲ့ ဘက်တီးရီးယားပိုးသေခြင်း စတဲ့အစွမ်းတွေရှိတာကြောင့် ရေထဲနည်းနည်းထည့်ဖျော်ပြီး ခံတွင်းသန့်စင်ဆေးအဖြစ် သုံးနိုင်ပါတယ်။

(၉) ပူဒီနာ(ပူစီနံ)သုံးပါ

ပူဒီနာ(ပူစီနံ)ရွက်ကို လည်ချောင်းနာဝေဒနာအတွက် သုံးနိုင်ပါတယ်။ ပူဒီနာရွက်ရဲ့အနံ့က အံသွားနာကျင်ကိုက်ခဲမှုကို ချက်ချင်းသက်သာစေပါတယ်။ ကိုက်တဲ့အံသွားနေရာမှာ ပူဒီနာ(ပူစီနံ)ရွက်ကိုတင်ပြီး အချိန် ၁၅-၂၀ မိနစ်လောက် ကပ်ပေးပါ။ ဒါမှမဟုတ် ပူဒီနာ(ပူစီနံ)ဆီကို သုတ်လိမ်းပေးရင်လည်း သွားကိုက်တဲ့ဝေဒနာ သက်သာစေပါတယ်။

(၁၀) သခွားသီးစိတ်အေးကို သုံးပါ

သွားကိုက်တဲ့အခါ အေးခဲနေတဲ့အရာကို တင်ပေးတာက ကိုက်ခဲမှုချက်ချင်းသက်သာစေပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး ရေခဲသေတ္တာထဲထည့်ကာ အအေးခံပါ။ အေးခဲနေတဲ့ သခွားသီးစိတ်ကို နာကျင်နေတဲ့ အံဆိုးသွားပေါ်ကပ်ပေးရင် ဝေဒနာသက်သာစေပါလိမ့်မယ်။

(၁၁) ကြက်သွန်နီသုံးပါ

ကြက်သွန်နီကလည်း သွားကိုက်တဲ့ ဝေဒနာကိုသက်သာစေပါတယ်။ ကြက်သွန်နီကို ခံတွင်းနဲ့ အနေတော်အနေအထားရအောင် ပါးပါးလှီးပြီး သွားကိုက်တဲ့နေရာမှာ တင်ပေးပါ။ ကြက်သွန်နီရဲ့ ပိုးသတ်အစွမ်းနဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့အစွမ်းက ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပြီး နာကျင်ကိုက်ခဲမှုကို လျော့ပါးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top