Healthy Life Ad
Health Tips

ကျောက်ကပ်အတွက် သတိပြုဆင်ခြင်ရမည့် အမူအကျင့် ၉ မျိုး

Healthy Life journal

ကျောက်ကပ်က ခန္ဓာကိုယ်ကျန်းမာရေးအတွက် အခရာကျပါတယ်။ သွေးနီဥထုတ်တာ၊ သွေးဖိအားထိန်းညှိတာ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း သန့်စင်တာ၊ ရေအပိုစွန့်ပစ်တာ၊ သွေးထဲမှာပါတဲ့ မရှိမဖြစ် သတ္တုဓာတ်အဆင့်တွေကိုထိန်းချုပ်တာ စတာတွေ လုပ်ဆောင်တဲ့ ကျောက်ကပ်ဟာ အောက်ပါအမူအကျင့်တွေလုပ်ရင် ထိခိုက်စေနိုင်တာသတိထားပါ။

(၁) ဆီးအောင့်ထားခြင်း
ဆီးသွားချင်တာကို အောင့်ထားတာက ကျောက်ကပ်ပြဿနာတွေထဲက တစ်ခုပါ။ ဆီးသွားချင်တာကို အောင့်ထားရင် ဆီးအိတ်ထဲမှာ ဆီးတွေကြာကြာရှိနေပြီး ဘက်တီးရီးယား ပေါက်ပွားမှုပိုမြန်လာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျောက်ကပ်ပိုးဝင်တာနဲ့ ဆီးမထိန်းနိုင်တာတို့ ဖြစ်စေနိုင်ပါတယ်။

(၂) အကြာကြီးထိုင်ခြင်း
ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက သွေးဖိအားပုံမှန်ဖြစ်စေပြီး သွေးတွင်းဂလူးကို့စ် ချေဖျက်မှုကို ကောင်းစေကာ ဒီအချက်နှစ်ခုစလုံးက ကျောက်ကပ်ကျန်းမာစေပါတယ်။ လှုပ်ရှားမှုမရှိဘဲ အကြာကြီးထိုင်တာက ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းမြင့်တက်စေပါတယ်။

(၃) လေးလံလွန်းသည့် အလေးမလွန်းခြင်း
လေးလံလွန်းတဲ့ အလေးမပြီး လေ့ကျင့်ခန်း လုပ်တာကလည်း ကျောက်ကပ်အပေါ် သက်ရောက်မှုများစေတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။

(၄) အကိုက်အခဲပျောက်ဆေး အလွန်အမင်းမှီဝဲခြင်း
အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်တို့လို ရောင်ရမ်းမှုကျစေတဲ့ ဆေးတွေကို အသင့်အတင့်သောက်တာ စိတ်ချရပေမယ့် အလွန်အကျွံကြာရှည်မှီဝဲရင် ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။ ဒီအကိုက်အခဲပျောက်ဆေးတွေ အလွန်အမင်းမှီဝဲရင် ကျောက်ကပ်ဆီ သွေးစီးဆင်းမှုလျော့ကျစေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာကို ပိုဆိုးစေနိုင်ပါတယ်။

(၅) ရေအလုံအလောက်မသောက်ခြင်း
ရေဓာတ်ပြည့်ဝတာက ကျောက်ကပ်ကနေ ဆိုဒီယမ်နဲ့အဆိပ်အတောက်တွေကို ပုံမှန်စွန့်ထုတ်ပေးနိုင်ပါတယ်။ ရေအလုံအလောက်မသောက်ရင် ဆီးကျောက်တည်တာလို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာဖြစ်စေနိုင်ပါတယ်။ လူအများစုအတွက် တစ်နေ့မှာ ရေတစ်လီတာခွဲသောက်တာက ကျောက်ကပ်ကျန်းမာစေပါတယ်။ ဆီးသွားတဲ့အခါ ဆီးအရောင်ရင့်နေရင် ရေသောက်ဖို့ လိုအပ်နေပါပြီ။

(၆) ဆော်ဒါအချိုရည်သောက်ခြင်း
ဆော်ဒါအချိုရည်နဲ့ ကျောက်ကပ်ပြဿနာကလည်း ဆက်စပ်နေပါတယ်။ နေ့တိုင်း ဆော်ဒါအချိုရည် နှစ်ခွက်နဲ့အထက်သောက်တဲ့ အမျိုးသမီးသုံးထောင်ကျော်ကို လေ့လာမှုအရ ကျောက်ကပ်လုပ်ငန်းဆောင်တာ သိသိသာသာ လျော့ကျသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၇) မကြာခဏ အိပ်ရေးပျက်ခြင်း
ညဘက်အိပ်ရေးဝ၀ အိပ်စက်အနားယူတာက စိတ်ကျန်းမာရေးကောင်းစေပြီး ကျောက်ကပ်ကိုလည်း ကျန်းမာစေပါတယ်။ အိပ်နိုးစက်ဝန်းက ကျောက်ကပ်လုပ်ငန်းဆောင်တာကို ဟန်ချက်ညီစေလို့ပါ။ အိပ်ရေးမဝရင် လုပ်ငန်းဆောင်တာ ဟန်ချက်ပျက်ပြီး ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။

(၈) အသားအလွန်အကျွံစားခြင်း
အသားတွေကို အလွန်အကျွံစားတာက သွေးထဲမှာ အက်စစ်ဓာတ်မြင့်တက်စေပြီး ကျောက်ကပ်မှာ PHအဆင့် ဟန်ချက်ပျက်စေနိုင်ပါတယ်။ အချိန်ကြာတဲ့အခါ ဒီလိုဖြစ်တာက အစာခြေစနစ်ထိခိုက်မှု ဖြစ်စေသလို နာတာရှည်ကျောက်ကပ်ရောဂါလည်း ဖြစ်ရတတ်ပါတယ်။ အသားအများကြီးစားမယ့်အစား သစ်သီးနဲ့ဟင်းသီးဟင်းရွက်များများစားပါ၊ အခွံမာသီး၊ ငါး၊ ပဲသီး၊ ဥအမျိုးမျိုးလို ပရိုတင်းဓာတ်ကို ပြောင်းလဲရယူပါ။

(၉) ဆားများများ၊ သကြားများများ စားခြင်း
အစာကနေရယူတဲ့ ဆိုဒီယမ် ၉၅ ရာခိုင်နှုန်းကို ကျောက်ကပ်က ချေဖျက်ပေးပါတယ်။ ဆားပါတဲ့အစားအသောက် များများစားရင် ကျောက်ကပ်ကနေ ဆိုဒီယမ်အပိုစွန့်ထုတ်ဖို့ အလုပ်ပိုလုပ်ရပါတော့တယ်။ တဖြည်းဖြည်းနဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာ လျော့ကျပြီး သွေးတိုးလာတတ်ပါတယ်။
သကြားများများစားရင်လည်း သွေးတိုးတာ၊ အဝလွန်တာနဲ့ ဆီးချိုရောဂါ ဖြစ်နှုန်းမြင့်တက်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါတွေကလည်း ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top