Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အယ်လ်ဇိုင်းမားသူငယ်ပြန်ရောဂါ (၁)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါ ဆက်စပ်မှုရှိသလားမေးရင်ရှိတယ်လို့ဖြေရပါမယ်။တော်တော်လေး နီးနီးစပ်စပ်ဆက်စပ်မှုရှိနေတာကို လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုကို ပြုပြင်ပေးခြင်းသည် အယ်လ်ဇိုင်းမားကို ကာကွယ်ကုသခြင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ဒီရောဂါနှစ်ခု ဆက်စပ်ပုံအကြောင်းမပြောမီ အယ်လ်ဇိုင်းမားသူငယ်ပြန်ရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုလက္ခဏာတွေရှိသလဲ ဆိုတာ အရင်ဆုံး ရှင်းပြလိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ တကယ်တော့ ဦးနှောက်ကလာပ်စည်းတွေ တဖြည်းဖြည်းပျက်သုဉ်းသွားတဲ့ရောဂါတစ်မျိုးပါပဲ။ ဦးနှောက်မှာ Neurofibrillary tangles and neurotic plaques လို့ခေါ်တဲ့ အမျှင်လေးတွေ၊ အမိုင်လွိုက်ဒ်ချပ်ပြားလေးတွေဖြစ်ပေါ်လာပြီး ဦးနှောက်ကလာပ်စည်း(Braincells)တွေ ကိုနှောင့်ယှက်ဖျက်ဆီးပစ်တာပါ။ ဦးနှောက်ဆဲလ်ကလာပ်စည်းတွေ သေကုန်လို့.ဦးနှောက်လည်းကြုံ့သွားပါတယ်။ အထူးသဖြင့် (Recent memory) လတ်တလော အဖြစ်အပျက်တွေကို မှတ်သားတဲ့ မှတ်ဉာဏ်(Recent memory)နဲ့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းကို အဓိက ထိခိုက်စေ တဲ့ ရောဂါဖြစ်ပါတယ်။ မှတ်ဉာဏ်တွေတဖြည်းဖြည်းလျော့လာပြီးတတ်ထားသမျှ အသိပညာတွေလည်း တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ် သွားကာ အကြောင်းအရာအသစ်ကို မှတ်ထားနိုင်ခြင်းမရှိဘဲ ချက်ချင်းပြန်မေ့သွားတဲ့ မှတ်ဉာဏ်နည်းသွားတဲ့ရောဂါဖြစ်ပါတယ် ။ နောက်ဆုံးမှာ အပြောအဆိုအမူအရာ၊ အပြုအမူတွေ ပုံမှန်မဟုတ်တော့ဘဲ စိတ်ထားတွေပါပြောင်းလဲလာခြင်း၊ စိုးရိမ်စိတ်များခြင်း၊ စိတ်ကျခြင်း၊ စိတ်မထိန်းနိုင်ခြင်း၊ ကယောင်ကတမ်းမြင်ခြင်း စတာတွေ ဖြစ်လာပါမယ်။

ဘယ်သူတွေက အယ်လ်ဇိုင်းမားရောဂါ ပိုဖြစ်သလဲ

တချို့ဗီဇဆိုင်ရာ မှားယွင်းမှုတွေကြောင့် မျိုးရိုး လိုက်တာ ဖြစ်တတ်ပါတယ်။ မိသားစုတစ်စုရဲ့ ၅၀% မှာ ဒီရောဂါတွေ့ရရင် ဒါဟာ မျိုးရိုးလိုက်တာကြောင့် ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ရိုးလိုက်တာကတော့ ရှားပါတယ်။ အများအားဖြင့် သူ့ဘာသာသူ ဖြစ်ချင်တဲ့သူဖြစ်ကြတာများပါတယ်။ ဒီရောဂါဖြစ်စေတဲ့အချက်တွေကိုတိတိကျကျ မတွေ့ သေးပါဘူး။ ဖြစ်တဲ့သူအုပ်စုနဲ့ မဖြစ်တဲ့သူ အုပ်စုတွေ ကို နှိုင်းယှဉ်ကြည့်ပြီး ကွာခြားချက်၊ ထူးခြားချက် တွေကိုပဲ လေ့လာထားကြတာဖြစ်ပါတယ်။

သူငယ်ပြန်ခြင်း (Dementia)

မှတ်ဉာဏ်နဲ့ ဉာဏ်ရည်တွေ တဖြည်းဖြည်း ယိုယွင်းလာပြီး အပြုအမူတွေလည်း ပြောင်းလဲလာကာ နောက်ဆုံး မိမိရဲ့ နေ့စဉ် နေထိုင်လှုပ်ရှားမှုတွေကိုပါ ပုံမှန်မပြုလုပ်နိုင်တော့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။အမူအရာနဲ့ လူမှုဆက်ဆံရေးလည်း ပျက်ဆီးလာပြီး အလုပ်အကိုင်ပါ ဆက်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဦးနောက်စွမ်းရည်တွေအားလုံး ဆုတ်ယုတ်လာပြီး နောက်ဆုံးဘာမျှမသိ၊ ဘာမှခံစားချက်မရှိ၊ဘာမှဆုံးဖြတ်ဖြေရှင်းခြင်းတွေ မလုပ်နိုင်တဲ့သူတစ်ဦး(ကလေး သူငယ်တစ်ဦး) လိုဖြစ်သွားပါတယ်။
သူငယ်ပြန်ခြင်းကို အများဆုံးဖြစ်စေတာကတော့ အယ်လ်ဇိုင်းမားရောဂါပဲဖြစ်ပါတယ်။ အယ်လ် ဇိုင်းမားရဲ့လက္ခဏာတွေက ဘာတွေလဲဆိုတာရှင်းပြလိုပါတယ်။ ဒီရောဂါဟာ တဖြည်းဖြည်း ဖြစ်နေတာမို့ ရောဂါလက္ခဏာတွေက ဖြစ်စမှာ မသိသာပါဘူး။ ဖြစ်နေတာ နှစ်ပေါင်းများစွာကြာလာပြီးတော့မှ သိသာလာပြီး လူနာကိုယ်တိုင်မဟုတ်ဘဲ တခြားသူတစ်ဦးဦးက ထူးခြားမှုကို သတိပြုမိကြတာများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top