Healthy Life Ad
Life Style

ပျားဖယောင်းမဟုတ်တဲ့ နားဖယောင်း

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ကျွန်မတို့တစ်တွေမှာ အကျင့်အမျိုးမျိုး ရှိကြပါတယ်။ ကောင်းတာရော၊မကောင်းတာရောပေါ့။ ပြင်ပ လူနာဌာနမှာ ခဏခဏတွေ့ရတာက အပြင် နားရောင်တဲ့ လူနာတွေပါ။ ဘာအလုပ်မှမရှိ၊ အားနေရင် နားဖာချေးကလော်၊ နားကိုကြပ်၊ ပြီးတော့ အပြင်နားရောင်။ အဲဒီအခါ နားကိုက်၊ နားပြည်ယို၊ အသံလှိုင်းတွေက အပြင်နားတူးမြောင်းတစ်လျှောက် မဝင်လာနိုင်တော့ နားအကြားလျော့။

တကယ်တော့ နားဖာချေးရှိတာ ကောင်းတာပါ။အခေါ်အဝေါ်က ချေးဆိုတော့ အညစ်အကြေးသဘောရောက်သွားတယ်။ နားရဲ့ အညစ်အကြေးပေါ့နော်။ အညစ်အကြေးဆိုတော့ သန့်ချင်တဲ့သူတွေက ဖယ်ထုတ်ဖို့ ကြိုးစားကြတာပေါ့။ နားဖာချေးဟာအပြင် နားတူးမြောင်းမှာရှိတဲ့ ဂလင်း တစ်မျိုးက ထွက်လာတဲ့ အရည်ရယ်၊ အရေပြားဆဲလ်သေတွေရယ်၊ အမွေးအမှင်လေးတွေရယ် ပေါင်းပြီးဖြစ်လာတာ။ ပုံ မှန်ဆိုရင် သူ့ဘာသာသူ အပြင်ကို ထွက်သွားတာ။တစ်နေ့ကို ဝ ဒသမ ဝ၅ မီလီမီတာနှုန်းနဲ့ အပြင်ကို ထွက်နေတယ်လို့ ဆိုပါတယ်။

သူ့ဘာသာသူ အပြင်ထွက်နေတဲ့ နားဖာချေးကို ကလော်တယ်ဆိုပြီး ထုတ်နေကြတာ။ တစ်ခါတလေ ကော်ထုတ်တာမဟုတ်ဘဲ အထဲကို ထိုးသွင်းသလို ဖြစ်တတ်ပါတယ်။ ငပိသိပ်သလိုမျိုးပေါ့။ သိပ်ထည့်ရင်း၊ သိပ်ထည့်ရင်းနဲ့ မာလာ၊ကျစ်လာတယ်။ နောက်ဆုံးမှာတော့ အပြင်နားတူးမြောင်းတစ်ခုလုံး ပြည့်သွားပြီး နားပိတ်သွားတယ်။ နားကို အဆို့ဆို့သလို ဖြစ်ပြီး အသံလှိုင်းတွေမဝင်နိုင်တော့ဘဲ အကြားလျော့သွားတယ်။ ဒါမျိုးတွေ့ရလေ့ရှိတာက ကျောင်းသား ကျောင်းသူအရွယ်တွေပါ။ ဆရာမတွေက ဒီကလေးက နားလေးနေတယ် ထင်တယ်ဆိုပြီး ကျောင်းကျန်းမာရေး ဆရာဝန်တွေကိုပြရင် အများစုက နားဖာချေး ဆို့နေတာများပါတယ်။ နားဖာချေးကို ထုတ်ပေးလိုက်ရင်၊ အပြင်နားတူးမြောင်း ပြန်ပွင့်သွားပြီး အသံလှိုင်း တွေပြန်ဝင်လာနိုင်တဲ့အတွက် နားပြန်ကြားသွားပါတယ်။ ယူပစ်သလို ပျောက်တယ်ဆိုတာ အဲဒါကမှ အစစ်။

နားထဲမှာ နားဖာချေးရှိရင် အပြင်ကဖုန်တွေ၊ အမှုန်တွေ၊ ပိုးကောင်စတာတွေ မဝင်အောင်ကာ ကွယ်ထားနိုင်တာမို့ တစ်နည်းတော့ ကောင်းတာပါပဲ။ ဒါ့အပြင် နားဖာချေးမှာ ဘက်တီးရီးယားတို့၊ မှို (Fungus) တို့ကို ကာကွယ်နိုင်တဲ့ သတ္တိလည်းရှိတယ်လို့ ဆိုကြတယ်။

ဒါကြောင့်လည်း သူရှိနေတာ ကောင်းနေတာပဲ။ ဘာလို့ကော်ထုတ်နေမှာလဲ။ မဟုတ်ဘူးလား။

နားဖာချေးကို မကော်နဲ့ဆိုတာ လူထုကို ပြောတာပါ။ ကျွန်မတို့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေကတော့ လိုအပ်တဲ့အခါ နားဖာချေးထုတ်ပေး ရပါတယ်။ ခုနတုံးကလိုမျိုး နားဖာချေးဆို့နေတဲ့အခါ နားဖာချေးထုတ်ပေးရပါတယ်။ နားစမ်းသပ်မယ် ဆို ရင်လည်း၊ နားဖာချေးရှိရင်ထုတ်ပြီးမှ စမ်းသပ်ရပါတယ်။ ဒါမှ မှန်ကန်တဲ့ အဖြေရမှာပါ။နားအကြား အာရုံချို့တဲ့လို့ နားကြားကိရိယာ တပ်တော့မယ် ဆိုရင်လည်း နားပုံစံမယူခင် နားဖာချေး အရင်ထုတ်ရပါတယ်။

နားဖာချေးထုတ်နည်း အမျိုးမျိုးရှိပါတယ်။ပထ မဆုံးကတော့ နားဖာချေးပျော်စေတဲ့နားဆေး ထည့်တာပါ။ ကျွန်မတို့ အသုံးများတာကတော့ ဆိုဒီယမ်ဘိုင်ကာဘွန်နိတ်၊ ဘိုရစ်အက်ဆစ်၊ ဂလစ်ဆရင်း ရောထားတဲ့နားဆေးပါ။ စာအုပ်ထဲမှာတော့ အများကြီး ရှိပါသေးတယ်။ အဲဒီဆေးထည့်ပုံထည့်နည်းကလည်း ရှိပါသေးတယ်။ ခုတင်ပေါ်မှာ အိပ်မယ်။ နားဆေးထည့် မယ့်နားက အပေါ်ဘက်မှာ နေရမယ်။ ဒါမှထည့်လို့ ရမှာပေါ့။ ဆေးသုံးလေးစက် ထည့်မယ်။ ချက်ချင်း မထလိုက်နဲ့ဦး။ ဆေးပျော်ဝင်အောင် နောက်ထပ် ၅ မိနစ်က ၁၀မိနစ်လောက် ဒီလိုပဲ စောင်းအိပ်နေဦး။တစ်နေ့သုံးခါလောက် ထည့်ပေးရမယ်။ နားဖာချေး အရည်ပျော်ပြီး အပြင်ကိုစီးကျလာရင် ဂွမ်းသန့်သန့် လေးနဲ့ နားအပြင်ဘက်ပိုင်းကို သုတ်ပေးလို့ ရတယ်။တအားမာနေတဲ့ နားဖာချေးတွေကို ဒီလိုနူးပြီး ပျော့လာတဲ့အခါ စက်နဲ့စုပ်ထုတ်လိုက်ရင် လူနာလည်း သက်သာ၊ ထုတ်ပေးရတဲ့ဆရာဝန်လည်း သက်သာပါတယ်။

နားဖာချေးကို အင်္ဂလိပ်လို Ear Wax လို့ ခေါ်တာမို့ နားထဲမှာရှိတဲ့ဖယောင်းကို “ နားဖယောင်း ” လို့ခေါ်ရင် ကောင်းမလား။ (ပျားဖယောင်းမဟုတ်ဘူးနော်) အဲဒီလိုခေါ်ရင် နားထဲက အညစ်အကြေးလို့ သဘော မသက်ရောက်တော့ဘူးပေါ့။

ကဲ” ပျားဖယောင်းမဟုတ်တဲ့ နားဖယာင်း လေး’ တွေကို မကလော်ကြနဲ့တော့နော်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top