Healthy Life Ad
Life Style

ကိုယ့်ကိုယ်ကိုယ်မသိဘဲ စိတ်ကျရောဂါ ခံစားနေရသည့် သင်္ကေတများ

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်မသိဘဲ စိတ်ဓာတ်ကျနေတတ်ပါတယ်။ စိတ်ဓာတ်ကျတာကို ကိုယ့်ဘာသာသိရင် ကြိုတင်ပြီး ကာကွယ်နိုင်မှာပါ။ အောက်ပါလက္ခဏာတွေက စိတ်ကျရာဂါ ခံစားနေရကြောင်း ပြသတဲ့လက္ခဏာတွေဖြစ်တာကြောင့် ဘယ်လိုအချက်တွေနဲ့ ကိုက်ညီနေပြီလဲဆိုတာ ဆန်းစစ်ပြီး အဖြေရှာပြုပြင်သင့်ပါတယ်။


– ပင်ပန်းတယ်လို့ ခံစားနေရရင်

ပုံမှန်အတိုင်း နေထိုင်စားသောက်နေပါရက်နဲ့ စွမ်းအင်ဆုံးရှုံးသလို ခံစားနေရတာ ရက်တော်တော်ကြာနေပြီလား။ အိပ်ရာနိုးနိုးချင်းမှာကို ပင်ပန်းနွမ်းနယ်နေပြီလား။ ဒါဆိုရင် စိတ်ဓာတ်ကျနေသလား ဆန်းစစ်သင့်ပါတယ်။


– တန်ဖိုးမရှိဘူးလို့ ခံစားနေရရင်

ကိုယ့်ကိုယ်ကိုယ်အသုံးမကျဘူးလို့ ခံစားနေရပါသလား။ တစ်ခါတလေ အသက်မရှင်ချင်တော့သလို အတွေးတွေဝင်နေပါသလား။ ဒါက စိတ်ဓာတ်ကျတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။


– အာရုံစိုက်လို့ မရဖြစ်နေရရင်

အရေးကြီးတဲ့အရာတွေကို မေ့လျော့နေပြီး ရင်းနှီးတဲ့နာမည်၊ ဖုန်းနံပါတ် စတာတွေကို ချက်ချင်းပြန်စဉ်းစားလို့ မရဖြစ်နေပါသလား။ တစ်ယောက်ယောက်ပြောတာနားထောင်ပြီး ပြန်မှတ်မိနိုင်စွမ်းမရှိဖြစ်နေသလား၊ စာဖတ်ပြီး ပြန်စဉ်းစားလို့မရဖြစ်နေသလား . .ဒါဆိုရင် စိတ်ဓာတ်ကျတာ ဖြစ်နိုင်ပါတယ်။


– အိပ်မပျော်ရင်

အိပ်မပျော်တာ၊ နာရီပေါင်းများစွာ အိပ်စက်အနားယူလို့မရတော ဖြစ်နေပါသလား၊ အိပ်ရာပေါ်မှာ နာရီပေါင်းများစွာ အချိန်ကြာပေမယ့် အိပ်ရေးဝ၀ အိပ်စက်အနားယူလို့မရဖြစ်နေပါသလား။ ဒါက စွမ်းအင်မရှိတာကြောင့် ဖြစ်နိုင်သလို စိတ်ဓာတ်ကျတာလည်း ဖြစ်နိုင်ပါတယ်။


– ကိုယ်အလေးချိန်ကျနေရင်

ရုတ်တရက်ချက်ချင်းဆိုသလို ကိုယ်အလေးချိန်အများကြီး တက်လာတာ၊ ကျသွားတာ ဖြစ်နေပါသလား။ ဒါဆိုရင် အစာစားချင်စိတ် ဆုံးရှုံးသွားလို့ ဖြစ်နိုင်သလို ဘယ်လောက်စားစား ဗိုက်ဆာနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက စိတ်ဓာတ်ကျတဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။


– ဘယ်အရာကမှ ပျော်ရွှင်ကြည်နူးမှု မရစေခဲ့ရင်

အရင်တုန်းက ပျော်ခဲ့တဲ့ လှုပ်ရှားမှုတွေ၊ အရင်တုန်းက ခင်မင်ရင်းနှီးချစ်ခင်ခဲ့တဲ့ လူတွေတောင်မှ သင့်ကိုပျော်ရွှင်မှု မပေးတော့တာမျိုး ဖြစ်နေသလား၊ တစ်ချိန်လုံးပျင်းနေသလား၊ ပင်ပန်းနေသလား၊ ဘဝ မှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေသလား . . ဒါတွေက စိတ်ဓာတ်ကျတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။


– စိတ်ခံစားမှု မှောင်မိုက်နေရင်

တစ်ချိန်လုံးဝမ်းနည်းနေရင်၊ ပူပင်စိတ်များနေရင်၊ စိတ်တိုနေရင် ဒါကလည်း စိတ်ဓာတ်ကျတာဖြစ် နိုင်ပါတယ်။


– ကျန်းမာရေး ထိခိုက်ယိုယွင်းနေရင်

အဆစ်နဲ့ နောက်ကျောလိုနေရာတွေ နာကျင်ကိုက်ခဲနေရင်၊ အစာခြေလမ်းကြောင်း ဝေဒနာခံစားနေရရင် စိတ်ဓာတ်ကျနိုင်ပါတယ်။

စိတ်ဓာတ်ကျတာကို ဘယ်လိုကာကွယ်သင့်သလဲ

ကိုယ့်ကိုယ်ကိုယ်စိတ်ဓာတ်ကျနေပြီလို့ သိတဲ့အခါ ဒီအတိုင်းမနေပါနဲ့။ တချို့လူတွေက ရာသီဥတုအေးပြီး မှောင်မိုက်တဲ့အခါ စိတ်ကျဝေဒနာ ပိုဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top