Healthy Life Ad
Life Style

‘ဘီလူးစီးရောဂါ’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူရဲ့ မိတ်ဆွေကိုတာရဲ့ဇနီး ဒေါ်မှုန်က လက်ဖက်သုပ်နဲ့ ဆက်လက်ဧည့်ခံပြီး စကားစပါတယ်။

“မကောင်းဆိုးရွားပူးတယ်လို့ ပြောနိုင်တဲ့ စိတ်ရောဂါအကြောင်း ပြောပြပါ”

စာရေးသူက လက်ဖက်သုပ်ခပ်ထားတဲ့ဇွန်းကို ကောက်ကိုင်ရင်း မေးခွန်းထုတ်တယ်။

“ဒီဇွန်းကိုင်ထားတဲ့လက်က ကျွန်တော့်လက်မဟုတ်ဘူးလို့ပြောရင် ခင်ဗျားတို့ဘယ်လိုယူဆမလဲ”

ကိုတာက ရယ်မောပြီး အဖြေပေးတယ်။

“ခင်ဗျားလက်ကို သရဲစီးနေတယ်လို့ ပြောမှာပေါ့”

ဒေါ်မှုန်က သူ့ယုံကြည်ချက်နဲ့အညီ မှတ်ချက်ချပါတယ်။

“ကိုကိုတာ ပြောသလို ဖြစ်နိုင်ပါတယ်။ နတ်ဝင်သည်တွေကို ကြည့်ပါလား။ မနှဲလေးဝင်လာရင် ကလေးလို စကားပြောတယ်။ ဦးရှင်ကြီးဝင်လာရင် အရက်သောက်ပြတယ် မဟုတ်လား”

မူလပြောပြချင်တဲ့ဘက်ကို စာရေးသူက စကားလမ်းကြောင်း ပြောပေးတယ်။

“ကျွန်တော်ပြောချင်တာက ရောဂါတစ်မျိုးအကြောင်းပါ။ “ဂြိုလ်သားလက်ရောဂါ” (Alien Hand Syndrome)လို့ ခေါ်တဲ့ ရောဂါတစ်မျိုးရှိတယ်။ အဲဒီရောဂါမှာ လူနာက သူရဲ့လက်က သူ့လက်မဟုတ်ဘူး။ သီးခြားအသက်ဝင်နေတဲ့ တခြားသူတစ်ဦးရဲ့လက်သာဖြစ်တယ်လို့ ယုံကြည်နေတယ်။ ရောဂါရှိတဲ့ လက်ကို သူ့စိတ်ဆန္ဒအတိုင်းထိန်းချုပ်လို့ မရဘူးလို့ လူနာကပြောတယ်။ အဲဒီလက်က တခြားသူရဲ့ အလိုဆန္ဒအတိုင်း သက်ဝင်လှုပ်ရှားနေတာလို့ လူနာက ယုံကြည်နေပါတယ်”

“အဲဒါ စိတ်ရောဂါလား”

“စိတ်ရောဂါအစစ်မဟုတ်ပါဘူး။ ဦးနှောက် ရောဂါတစ်မျိုး ဖြစ်တယ်။ ဦးနှောက်ညာဘက်ခြမ်းနဲ့ ဦးနှောက်ဘယ်ဘက်ခြမ်းကို ပေါင်းကူးတံတားလို ဆက်သွယ်ထားတဲ့ အာရုံကြောမကြီး (Corpus Callosum) ဒဏ်ရာရရှိရင်ဖြစ်တတ်ပါတယ်။ ဘယ်လက်ကလုပ်တာကို ညာလက်က မသိဘူးဆိုတဲ့ သဘောပါ”
ဒေါ်မှုန်က သူစိတ်ဝင်စားတဲ့ဘက်ကို ပြန်ပြီး ဦးတည်ပေးတယ်။

“အဲဒီလိုဆိုရင် နတ်ပူးတာက ဦးနှောက်ရောဂါလား”

“နတ်ပူးတယ်ဆိုတာကို ကျွန်တော်နားလည်သလို ရှင်းပြပါမယ်။ (၁) စီးပွားရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်မယ်။ နတ်ပူးချင်ယောင် ဆောင်တာပေါ့ဗျာ။ ဒါမှမဟုတ် (၂) နတ်ဝင်သည်ကိုယ်တိုင် နတ်ရှိတာကို ယုံကြည်မယ်။ နောက်ပြီး နတ်ဝင်သည်က တိုက်တွန်းခံလွယ်စိတ်ရှိတဲ့ (Suggestible) သူဖြစ်နေရင် အမှန်တကယ် နတ်ပူးသလို ပြောဆိုပြုမူတာ တွေ့ရှိရပါတယ်။ အသိစိတ်နဲ့ လိမ်ညာနေတာ မဟုတ်ဘူး။ မသိစိတ်က လွှမ်းမိုးနေရာယူပြီး နတ်ဝင်သည်အလိုဆန္ဒအတိုင်း ပြုမူစေတာလို့ ယူဆနိုင်ပါတယ်”

ဒေါ်မှုန်က လက်မခံချင်တဲ့ အမူအရာနဲ့ ပြောတယ်။

“နတ်ပူးတာကို စိတ်ရောဂါလို့ ပြောချင်တာလား”

“နတ်ပူးတာကို စိတ်ရောဂါလက္ခဏာလို့ မဆိုလိုပါဘူး။ နတ်ကိုယုံကြည်တဲ့ ပတ်ဝန်းကျင်အခြေအနေရဲ့ လွှမ်းမိုးမှုကြောင့် ခေတ္တခဏ “စိတ်တုန့်ပြန် ပြောင်းလဲမှုအခြေအနေ” (Dissociative State) လို့ ယူဆနိုင်ပါတယ်။ ရိုးရာဓလေ့ယုံကြည်မှုကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ စိတ်ရောဂါတစ်မျိုးတော့ ရှိပါတယ်။ မကောင်းဆိုးဝါး ဝင်ရောက်ပူးကပ်နေတယ်လို့ ယူဆခံရတဲ့ ရောဂါပါ”

“ဆက်ပြောဗျာ”

“ဝင်ဒီဂိုဘီလူးစီးရောဂါ” (Windigo Syndrome) လို့ ခေါ်ပါတယ်။ ဒီရောဂါကို ကနေဒါနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာနေထိုင်တဲ့ Obijwa တိုင်းရင်းသားလူမျိုးတွေမှာ တွေ့ရှိရတယ်။ ဝင်ဒီဂိုဘီလူး စီးရောဂါက ရိုးရာယဉ်ကျေးမှုနဲ့ဆက်နွှယ်ပြီး ဖြစ်ပွားတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ သစ်တောထဲမှာ ခက်ထန်ကြမ်းတမ်းရုပ်မာတဲ့ လူသားစားဘီလူး “ဝင်ဒီဂို”ရှိတယ်လို့ အဲဒီတိုင်းရင်းသားတွေက ယုံကြည်ကြ တယ်။ ဝင်ဒီဂိုဘီလူးက လူကို ပူးကပ်လာရင် လူကနေ ဘီလူးစိတ်ဖြစ်သွားနိုင်တယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။

ဝင်ဒီဂိုဘီလူးစီးရောဂါရဲ့ လက္ခဏာတွေကို ပြောပြမယ်။ အနေအထိုင်ကျပ်တည်း အစားအသောက်ရှားပါးတဲ့ ဖိစီးမှုဒဏ်ခံရရင် စတင်ဖြစ်ပွားတယ်။ လူနာက အစားပျက် အအိပ်ပျက် ဖြစ်လာတယ်။ ပျို့အန်တယ်။ ဝမ်းပျက်တယ်။ စိတ်ဂနာမငြိမ်ဖြစ်နေမယ်။ ဝင်ဒီဂိုဘီလူးအဖြစ် ပြောင်းလဲသွားမှာကို လူနာက အလွန်အမင်း စိုးရိမ်သောက ပွားနေတယ်။

ပိုပြီး ရောဂါဆိုးလာရင် သူ့ကိုယ်သူ “ငါက ဝင်ဒီဂိုဘီလူး ဖြစ်နေပြီ”လို့ ယုံကြည်လာတယ်။ အဲဒီလို ယုံမှားမှုလွန်ကဲစိတ်နဲ့ အတူလူတွေကို သတ်ဖြတ်ချင် စိတ်ပေါက်လာတယ်။ လူသားစားချင်စိတ် ပေါ်လာတယ်။ ဝင်ဒီဂိုဘီလူးစီးရောဂါကြောင့် မိသားစုဝင်တွေကို ရိုက်နှက်သတ်ဖြတ်တဲ့ လူနာမှတ်တမ်းရှိဖူးပါတယ်”
“ဝင်ဒီဂိုဘီလူးစီးရောဂါက နာတာရှည်စိတ်ရောဂါလား”

“မဟုတ်ပါဘူး။ စိတ်ဖိစီးမှုနဲ့ ကြုံတွေ့ရရင် ရက်အနည်းငယ်အတွင်းဗြုန်းကနဲ ဖြစ်ပွားလာတတ်ပါတယ်။ ရောဂါသက်က မကြာရှည်ပါဘူး။ ရိုးရာဆေးကုထုံးနဲ့ ကုသပေးလို့ မကြာခင် ရောဂါပျောက်ကင်းသွားသူရှိတယ်။ ဘီလူးလို့ အထင်မှားပြီး ရိုက်သတ်ခံရတဲ့ လူနာတွေလည်းရှိတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါအလိုအလျောက်ပျောက် ကင်းသွားတတ်တာလည်း ရှိပါတယ်။ ရောဂါမပျောက်ကင်းမီ လူနာက မောပန်းနွမ်းနယ်ပြီး အချိန်အကြာကြီး အိပ်ပျော်သွားတယ်။ အိပ်ရာက နိုးလာတော့ သူ့အဖြစ်အပျက်ကို မမှတ်မိဘူး”

စိတ်ဖိစီးမှုဒဏ်ကြောင့် ဗြုန်းကနဲ ‘စိတ်ထ’တတ်တဲ့ လူနာမျိုးတော့တွေ့ဖူးပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရိုးရာယဉ်ကျေးမှုကိုမှီပြီး ဖြစ်တတ်တဲ့ စိတ်ရောဂါတစ်မျိုးရှိတယ်။ ‘အေမုတ်ရောဂါ’ (Amoke)လို့ ခေါ်တယ်။ လူမှုရေးအခက် အခဲပြဿနာနဲ့ ကြုံတွေ့ရရင် ရက်အနည်းငယ်အတွင်း စိတ်ပြောင်းလဲ ခက်ထန်ကြမ်းတမ်းလာတာဖြစ်တယ် . . .

“မြန်မာပြည်မှာ အဲဒီလိုရောဂါမျိုးရှိလား”

“စိတ်ဖိစီးမှုဒဏ်ကြောင့် ဗြုန်းကနဲ “စိတ်ထ” တတ်တဲ့ လူနာမျိုးတော့ တွေ့ဖူးပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရိုးရာယဉ်ကျေးမှုကိုမှီပြီး ဖြစ်တတ်တဲ့ စိတ်ရောဂါတစ်မျိုးရှိတယ်။ “အေမုတ် ရောဂါ” (Amoke)လို့ ခေါ်တယ်။ လူမှုရေးအခက် အခဲပြဿနာနဲ့ ကြုံတွေ့ရရင် ရက်အနည်းငယ်အတွင်း စိတ်ပြောင်းလဲ ခက်ထန်ကြမ်းတမ်းလာတာဖြစ်တယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အေမုတ်ရောဂါက ကျားဆိုးရဲ့ ဝိဉာဉ်ဝင်ပူးလို့ ဖြစ်ပွားတာလို့ အယူရှိပါတယ်” စာရေးသူက လက်ဖက်သုပ်နောက်တစ်ဇွန်း ဝါးစားလိုက်ပြီး စကားဆက်ပါတယ်။

“သူဟာ လူသေကောင်ဖြစ်နေပြီ။ အသက်မရှိတော့ပေမယ့် လှုပ်ရှားသွားလာနေတဲ့ အလောင်းကောင်လို့ လူနာက ယုံမှားမှု လွန်ကဲနေတဲ့ ရောဂါတစ်ခုရှိတယ်။ “ကိုတတ်ရောဂါ” (Cotard’s Syndrome) လို့ ခေါ်ပါတယ်။ “လူသေကောင် လမ်းလျှောက်ရောဂါ” (Walking Corpse) လို့လည်း ရေးသားကြပါတယ်”

ဒေါ်မှုန်က ကိုတာ့အနားကိုကပ်ထိုင်ပြီး မေးမြန်းပါတယ်။

“ရုပ်ရှင်တွေထဲမှာလို လက်နှစ်ဖက်ရှေ့ထုတ်ပြီး တစ်လှမ်းချင်း ရှပ်တိုက်လမ်းလျှောက်တဲ့ လူသေအလောင်းလို လူနာက ပြုမူတာလား”

“လူနာက လူသေယောင်ဆောင်ပြီး သွားလာလှုပ်ရှားနေတာတော့ မဟုတ်ပါဘူး။ သူ့စိတ်ထဲမှာ သူကလူသေကောင်ဖြစ်နေပြီလို့ ယုံမှားမှုလွန်ကဲနေတာပါ။ မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ အင်္ဂါအစိတ်အပိုင်းတွေ မရှိတော့ဘူး။ အသွေးအသားတွေ မရှိတော့ဘူး။ အရိုးနဲ့အရေသာ ကျန်တော့တဲ့ လူသေကောင်ဖြစ်နေပြီလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုရှိတယ်။ လူသေကောင်လမ်းလျှောက်ရောဂါ လူနာ ၅၀ ရာခိုင်နှုန်းကျော်မှာ “ငါက ထာဝရ အဓွန့်ရှည်မယ့်သူ” ဖြစ်တယ်လို့လည်း ယုံမှားစိတ် ရှိနေပါတယ်။ ဒါကြောင့် လူနာက သူ့ကျန်းမာရေးကို ဂရုမစိုက်တော့ဘူး။ အစာငတ်ခံနေတယ်”

ကိုတာက သူစဉ်းစားမိသလို မှတ်ချက်ချတယ်။ “ငါက သေပြီးနေပြီပဲ၊ နှစ်ခါပြန်သေလို့ မရဘူး လို့” ဆိုလိုတာလား”

“ပြင်သစ်လူမျိုး ဦးနှောက်နဲ့ အာရုံကြောအထူးကုဆရာဝန် Julie Cotard က ၁၈၈၀ ခုနှစ်မှာ ဒီရောဂါကို ပထမဆုံး ဖော်ပြခဲ့ပါတယ်။ သူ့လူနာက အသက် ၄၀ ဝန်းကျင် အမျိုးသမီးဖြစ်တယ်။ “ငါ့မှာ ဦးနှောက်၊ အသည်းနှလုံး၊ အစာအိမ်၊ အူသိမ်အူမတွေ မရှိတော့ဘူး”လို့ လူနာက ယုံကြည်နေတယ်။ နောက်ပြီး “ငါက ထာဝရအသက်ရှည်နေမယ့်လူဖြစ်တယ်”လို့လည်း ပြောနေတယ်။ လူနာက အစာစားဖို့ငြင်းဆန်နေတယ်။ “ငါ့မှာ အစာစားဖို့ အစာအိမ်မှမရှိဘဲ”လို့ လူနာက ချေပပြောဆိုတယ်တဲ့။ အဲဒီလူနာက အစာငတ်မွတ်တဲ့ ဝေဒနာနဲ့ သေဆုံးသွားတယ်လို့ ဒေါက်တာ Cotard ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်”

“လူနာကို ဆေးမကုဘူးလား”

“ဒေါက်တာ Cotard တို့ ခေတ်တုန်းက ထိရောက်တဲ့ စိတ်ရောဂါကုထုံးတွေ မရှိသေးဘူး။ အခုခေတ်မှာဆိုရင် အဲဒီလိုအခြေအနေအထိရောက်မှာ မဟုတ်ပါဘူး”

“ရှင်းပြပါ”

“လူသေကောင် လမ်းလျှောက်ရောဂါက သီးခြားရောဂါတစ်ခု မဟုတ်ပါဘူး။ အချိန်မီဆေးကုသမှုမခံရလို့ ဆိုးရွားပြင်းထန်လာတဲ့ “စိတ္တဇစိတ်ကျရောဂါ” (Psychotic Depression)နဲ့ စိတ်နှစ်ခွရောဂါ (Schizophrenia)တွေမှာ တွေ့ရှိရတဲ့ ရောဂါလက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကျရောဂါနဲ့ စိတ်နှစ်ခွရောဂါကို ရောဂါနုစအချိန်မှာ ကုသနိုင်ရင် လူသေလမ်းလျှောက် လက္ခဏာပေါ်ပေါက်လာမှာ မဟုတ်ပါဘူး”

“ဒီလိုဆိုရင် ဒီရောဂါမျိုးကို အခုခေတ်မှာ မတွေ့ရှိနိုင်တော့ဘူးပေါ့”

“ပြောလို့ မရပါဘူး။ ဦးနှောက်ရောဂါရရှိရင် လူသေကောင်လမ်းလျှောက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ကျွန်တော်ပြောဖူးတဲ့ “မျက်နှာကန်းရောဂါ”ဆိုတာကို မှတ်မိလား။ (Healthy Life ဂျာနယ် အမှတ် ၁၄၅)။ မျက်နှာကန်းရောဂါက ဦးနှောက်ပိုင်း ဒဏ်ရာရရှိရင် ဖြစ်ပွားပါတယ်။ မျက်နှာကိုစိတ်ခံစားမှုနဲ့ သိမြင်တဲ့ ဦးနှောက်ပိုင်းက Amydalae ဖြစ်ပါတယ်။ ဒါကြောင့် Gyrus နဲ့ Amydalae ဦးနှောက်ပိုင်းတွေ ပျက်စီးရင် လူသေကောင်လမ်းလျှောက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ကြည့်မှန်ထဲမှာ မြင်ရတဲ့ ရုပ်ပုံက “ငါမဟုတ်ဘူး”။ ဒါကြောင့် “ငါဆိုတာ မရှိဘူး”၊ “ငါသေပြီးပြီ”လို့ လူနာက ယုံကြည်လာတာပါ။ ကဲညဉ့်နက်လာပြီ။ ကျွန်တော် အိမ်ပြန်တော့မယ်”

ဒေါ်မှုန်က သတိပေးပါတယ်။

“ကားမောင်းရင် ဂရုစိုက်မောင်းနော်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top