Healthy Life Ad
International

မျိုးရိုးကြောင့် ရှားပါးသည့် အစာအိမ်ကင်ဆာ အမျိုးအစားဖြစ်ပွားသူ လက်ထပ်ရန်စီစဉ်

၊ ကိုထက် ၊

အသက် ၂၈နှစ်အရွယ် လက်စီအမ်ဒါဆန်ဟာ အစာအိမ်ကင်ဆာအဆင့် (၄) ခံစားနေရသူဖြစ်ပါတယ်။ သူဟာ ရှားပါးတဲ့ ကင်ဆာအမျိုးအစား အကျိတ်ကြီးတစ်ခု အစာအိမ်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း ကံဆိုးနေတာတော့ မဟုတ်ပါဘူး။ လက်စီတို့မှာ မိသားစု ၉ ယောက်ရှိပြီး မိသားစု ၈ ယောက်ဟာ ဒီရှားပါးတဲ့ မျိုးရိုးလိုက် အစာအိမ်ကင်ဆာဖြစ်ပွားနေကြတာဖြစ်ပါတယ်။ ဒီကင်ဆာအမျိုးအစားဟာ ၅၆ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ မျိုးရိုးလိုက်နိုင်ခြေရှိပြီး အမ်ဒါဆန်တို့လို မိသားစုတွေမှာဆို ၉၀ ရာခိုင်နှုန်း မျိုးရိုးလိုက်ဖို့ သေချာသလောက် ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို မျိုးရိုးလိုက်တတ်တဲ့ ဗီဇရှိသူမိသားစုပေါင်း၄၀ဝ ကျော်ခန့် ရှိတယ်လို့ ဆိုပါတယ်။

လက်စီတို့ မိသားစုရှိကင်ဆာမျိုးရိုးလိုက်သူ ၈ ယောက်မှာ တစ်ယောက်ကတော့ ကင်ဆာကို အရှုံး ပေးလိုက်ရပြီဖြစ်ပြီး ကျန်တဲ့ ၆ ယောက်ကတော့ ကင်ဆာလုံးဝပျောက်ကင်းနေပြီဖြစ်ပါတယ်။ အမ်ဒါဆန် ကတော့ ကင်ဆာနဲ့ ရင်ဆိုင်နေရတုန်းပဲဖြစ်ပါတယ်။ သူရဲ့မိသားစုက သူတို့ရဲ့ အစာအိမ်တွေကိုထုတ်ပစ် လိုက်ကြပြီး ကုသအောင်မြင်ခဲ့ကြပေမယ့် လက်စီကတော့ အစာအိမ်ကို ထုတ်ပစ်ဖို့ ခက်ခဲတဲ့အခြေအ နေဖြစ်နေပါတယ်။ သူဟာ အသက် ၂၈ ရှစ်နှစ်အရွယ်ပဲရှိပေမယ့် ကင်ဆာအဆင့်က ၄ ဖြစ်နေခဲ့ပြီး တခြားအစိတ်အပိုင်းတွေကို ကင်ဆာဆဲလ်တွေပြန့်နှံ့နေခဲ့ပြီဖြစ်ပါတယ်။

လက်စီက သူနဲ့ နှစ်နှစ်ခန့်လက်တွဲလာခဲ့တဲ့ ချစ်သူကောင်လေးနဲ့ လာမယ့်စနေနေ့မှာ မင်္ဂလာဆောင်ဖို့စီစဉ်လျက်ရှိပါတယ်။ ဒါမှ သူကင်ဆာဆေးသွင်းကုသမှုတွေ အပြင်းအထန်ခံယူရချိန်မှာ သူမအတွက် အားအင်ပိုဖြစ်လာစေမယ်လို့ ယုံကြည်ပြီး သူ့မိသားစုအနေနဲ့လည်း သူ့ကိုပြုစုဖို့ အချိန်ကုန်လူပင်ပန်းတာတွေလျော့သွားမယ်လို့ သူက တွေးထားတာပါတယ်။ သူရဲ့ အခြေအနေဟာ ခက်ခဲလာပြီဖြစ်တဲ့အတွက် ချစ်သူကိုလမ်းခွဲနိုင်ကြောင်းပြောခဲ့ပေမယ့် သူရဲ့ချစ်သူက လမ်းခွဲဖို့ ဆန္ဒမရှိတဲ့အတွက် လက်ထပ်ကြဖို့ စီစဉ်တာဖြစ်တယ်လို့သိရပါတယ်။

လက်စီရဲ့ ဦးလေးဖြစ်သူ ဖရမ့်ဟာ ကျန်းမာရေး မကောင်းတဲ့အတွက် မကြာခဏ အစာအိမ်မှန်ပြောင်းကြည့်စစ်ဆေးခဲ့ရပါတယ်။ ဒီလိုစစ်ဆေးတိုင်း အူမကြီးတစ်လျှောက်နေရာတိုင်းမှာ အဖုအကျိတ်နဲ့ အနာတွေတွေ့ခဲ့ရပါတယ်။ ဆရာဝန်တွေက အူမကြီး ကင်ဆာအနေနဲ့သတ်မှတ်ပြီး ကုသပေးနေရင်းက မင်္သကာတဲ့အတွက် သွေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး မျိုးရိုးလိုက်တဲ့ ကင်ဆာဗီဇရှိကြောင်း တွေ့ရှိခဲ့ကြတာပါ။ မျိုးရိုးလိုက်ဗီဇရှိတဲ့အတွက် ဖရမ့်ရဲ့ ကလေး နှစ်ယောက်ဖြစ်တဲ့ လောရာနဲ့အဲရစ်တို့ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း ကင်ဆာဖြစ်နေကြောင်းတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့လက်စီအပါအဝင် အဖေဖြစ်သူ ဂျွန် ရယ်၊ အစ်ကိုဖြစ်သူရောဘတ်တို့မှာလဲ ကင်ဆာကို စစ်ဆေးတွေ့ရှိခဲ့ကြရပါတယ်။ ဒီကင်ဆာအမျိုးအစားဟာ အကျိတ်သေးသေးလေးတွေ အများအပြား ဖြစ်တာကနေစတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းအဆင့်တွေဖြစ်သွားခဲ့ရင်တော့ အသက်ရှင်နိုင်ခြေက ၂၀ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။

လက်စီတို့ရဲ့ ကင်ဆာပထမဦးဆုံး ခံစားခဲ့ရတဲ့ ဦးလေးဖရမ့်ဟာ အသက် ၆၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်နဲ့ မိသားစုမောင်နှမတွေ အားလုံးက အစာအိမ်တွေကို ထုတ်ပစ်လိုက်ကြပြီး ကုသမှုခံယူခဲ့ကြပါတယ်။ ဒီလိုကင်ဆာမျိုးရိုးရှိမှန်းမသိခင်ကတည်းက လက်စီက ဝမ်းဗိုက်ဝေဒနာတွေခံစားခဲ့ရပေမယ့် ဆရာဝန်တွေကတော့ စိတ်ဖိစီးမှုကြောင့် ဒါမှမဟုတ် ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်မယ်လို့သာ ကောက်ချက်ပေးခဲ့ကြပါတယ်။ ကင်ဆာရှိမှန်း သိပြီးနောက်ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေမှာ သူမရဲ့ အစာအိမ်ကို ထုတ်ပြီး ကုသမှုပေးဖို့ ခွဲစိတ်မှုလုပ်ခဲ့ပေမယ့် နောက်ကျနေတာကို တွေ့ရှိခဲ့ကြပါတယ်။

“မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက် ကင်ဆာဖြစ်တယ်သိရတော့ အရမ်းကို ကြောက်ခဲ့ရပါတယ်၊ ကိုယ်တိုင် ကင်ဆာဖြစ်နေပြီဆိုတာသိခဲ့ချိန်မှာ အားလုံးထဲမှာ ငါကအငယ်ဆုံးပဲ၊ အားလုံးထက် ငါကတော့ အချိန်ပိုများများရှိမှာလို့ တွေးခဲ့မိပေမယ့် တကယ်တမ်းတော့ အဆင့် ၄ တောင်ဖြစ်နေပြီ”လို့ သူက ပြောပြခဲ့ပါတယ်။

သူရဲ့ ၂၈ နှစ်ပြည့်မွေးနေ့မှာ ပထမဦးဆုံး ကင်ဆာဆေးသွင်းကုသမှုခံယူခဲ့ပြီး အခုအချိန်ထိ ၃ကြိမ် ဆေးသွင်းမှုခံယူပြီးပြီလို့သိရပါတယ်။ ကင်ဆာအကျိတ်တွေက အစားမဝင်အောင် ပိတ်ဆို့လာတဲ့အတွက် ဆေးရုံမှာလဲနေခဲ့ပြီး ကိုယ်အလေးချိန် တစ်ဝက်ခန့်ကျဆင်းခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ တော့ သူရဲ့ အစာအိမ်လမ်းကြောင်းတွေ ပြန်ပွင့်လာခဲ့အတွက် ကင်ဆာအကျိတ်တွေ လျော့နည်းသွားပါက မကောင်းတဲ့အစိတ်အပိုင်းတွေကို ခွဲစိတ်ထုတ်ပစ်ပြီး ကုသမှု ပြန်လုပ်နိုင်ဖို့ မျှော်လင့်ထားကြတယ် လို့ သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top