Healthy Life Ad
Life Style

နားပြည်ယိုခြင်းအကြောင်း သိကောင်းစရာ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဘာကြောင့် နားပြည်ယိုရပါသလဲ ဆရာ။

ဖြေ. နားပြည်ယိုရတဲ့ အဓိက အကြောင်းရင်းကတော့ ဘက်တီးရီးယားပိုးဝင်တာကြောင့် ဖြစ်ရတာပါ။ ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အလယ်နားမှာပိုးဝင်လို့ ဖြစ်တတ်ပါတယ်။

မေး. နားပြည်ယိုတာ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရပါသလဲ ဆရာ။

ဖြေ. နားပြည်ယိုတာက ရောဂါပိုးကြောင့် အဓိက ဖြစ်တတ်ပါတယ်။ တုပ်ကွေးဖျားနာတဲ့သူတွေမှာလည်း နောက်ဆက်တွဲအနေနဲ့ နားပြည်ယိုတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ နားကိုက်တာပဲဖြစ်ဖြစ်၊ နားထဲမှာ တစ်ခုခုပြည်ယိုသလို ခံစားရတာပဲဖြစ်ဖြစ် မအီမသာ ခံစားနေရရင် မပေါ့ဆသင့်ပါဘူး။ နီးစပ်ရာ ဆရာဝန်နဲ့ သေချာဂရုတစိုက်ပြသဖို့ လိုအပ်ပါတယ်။ နားကို နားဖာချေးကလော်တာတို့၊ ဂွမ်းနဲ့ ကလိတာ၊ သော့တံထိပ်နဲ့ ထိုးထည့်တာ၊ ဆံညှပ်နဲ့ ကလော်တာ စတာတွေကို ရှောင်ကြဉ်ရပါမယ်။

နားမှာ အပြင်နား၊ အလယ်နားနဲ့ အတွင်းနားဆိုပြီး သုံးပိုင်းရှိတဲ့အနက် အလယ်နားမှာ ဘက်တီးရီးယားပိုးဝင်တာကြောင့် နားပြည်ယိုတာ အဖြစ်များပါတယ်။ အလယ်နားထဲ ပိုးဝင်တဲ့အခါ နားမှာရောင်ရမ်းပြီး ပြည်တွေပြည့်လာပါတယ်။ အဲဒီကနေတစ်ဆင့် ရောဂါလက္ခဏာတွေဖြစ်တဲ့ ကိုက်ခဲနာကျင်တာ၊ ဖျားတာတွေ ဖြစ်လာတတ်ပါတယ် . . .

မေး. ဘယ်လိုအကြောင်းရင်းတွေကြောင့် နားပြည်ယိုရပါသလဲ ဆရာ။

ဖြေ. နားမှာ အပြင်နား၊ အလယ်နားနဲ့ အတွင်းနားဆိုပြီး သုံးပိုင်းရှိတဲ့အနက် အလယ်နားမှာ ဘက်တီးရီးယားပိုးဝင်တာကြောင့် နားပြည်ယိုတာ အဖြစ်များပါတယ်။ အလယ်နားထဲ ပိုးဝင်တဲ့အခါနားမှာ ရောင်ရမ်းပြီး ပြည်တွေ ပြည့်လာပါတယ်။ အဲဒီကနေတစ်ဆင့် ရောဂါလက္ခဏာတွေဖြစ်တဲ့ ကိုက်ခဲနာကျင်တာ၊ ဖျားတာတွေ ဖြစ်လာတတ်ပါတယ်။

မေး. နားပြည်ယိုတာကို သေချာကုသမှု မခံယူဘူးဆိုရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. နားပြည်ယိုတာကို သေချာကုသမှု ခံယူသင့်ပါတယ်။ အလယ်နားမှာ ပြည်တည်တာကို ကုသမှုမခံယူရင်၊ အချိန်ကြာမြင့်စွာ နားပြည်ယိုတာဖြစ်နေရင် တဖြည်းဖြည်းနဲ့ နီးစပ်ရာတစ်သျှူးထဲရောက်ပြီး ဦးခေါင်းအမြှေးပါးထဲ ရောက်သွားနိုင်ပါတယ်။ အဲဒီကနေ အကြားအာရုံထိခိုက်တာ၊ ချို့ယွင်းတာ စတာတွေဆက်လက် ဖြစ်ပေါ်နိုင်ပါတယ်။

မေး. ကလေးတွေမှာ နားပြည်ယိုတာဖြစ်ခဲ့ရင်ကော ဘယ်လိုဆောင်ရွက်ပေးသင့်ပါသလဲ ဆရာ။

ဖြေ. အထူးသဖြင့် နားပြည်ယိုတာက ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးတွေမှာ နားကိုက်တာ၊ နားထဲကနေ ပြည်ထွက်ကျတာ စတာတွေ တွေ့ပြီဆိုရင် မိဘတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ကလေးတွေရဲ့ နားထဲကို ဂွမ်းတံ၊ နားကြပ်တံ စတာတွေနဲ့ ကလော်တာတွေ၊ နားထဲရေထည့်တာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

မေး. နားပြည်ယိုတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပြောပြလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. နားကို တွေ့ကရာ သော့တံ၊ ဂွမ်းတုတ်တံ စတာတွေနဲ့ ကလော်တာတွေကို တတ်နိုင်သမျှရှောင်ဖို့ အရေးကြီးပါတယ်။ နားကိုက်တာ၊ နားရောင်ရမ်းတာ၊ နားထဲကနေ ပြည်ထွက်တာတွေ ဖြစ်ရင်လည်း သက်ဆိုင်ရာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top