Healthy Life Ad
Life Style

မည်သူမည်ဝါ ခွဲခြားနိုင်မှု ချို့ယွင်းရောဂါ (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ညစာစားပြီးတော့ ကိုတာရဲ့ဇနီးဒေါ်မှုန်က မလှိုင်လုံးအချိုပွဲကို စားပွဲပေါ်ချထားလိုက်ပြီး စပ်စုပါတယ်။

“ညစာမစားခင်က ကိုအုန်းကျော်နဲ့ ကိုကိုတာတို့ ဘယ်သူ့အကြောင်းတွေကို ပြောနေကြသလဲ”

“မည်သူမည်ဝါ ခွဲခြားနိုင်မှုချို့ယွင်းရောဂါ (Misidentification Disorder) (MID)”အကြောင်းကို လေကန်နေကြတာပါ။ ဒေါ်မှုန်စိတ်ဝင်စားရင် ထိုင်ပြီး အနားယူရင်း နားထောင်ပါလား”

ကိုတာက မဆိုင်းမတွ စကားစပါတယ်။

“ခင်ဗျားပြောခဲ့တဲ့ “ပုံတူကိုယ်ပွားယုံမှားမှု လွန်ကဲရောဂါ” (Capgras Syndrome) အပြင် တခြား အမ်အိုင်ဒီရောဂါတွေရှိသေးလား”

“ရှိပါတယ်။ နောက်အမ်အိုင်ဒီရောဂါတစ်မျိုး ကို (Freegolie Syndrome) လို့ ခေါ်ပါတယ်။ ရောဂါရဲ့ သဘောကို အဓိပ္ပာယ်ကောက်ယူပြီး ဘာသာပြန်ရရင်တော့ Frggolie ရောဂါကို “ရုပ်ဖျက်ထားသူလို့ ယုံမှားမှုလွန်ကဲရောဂါ”လို့ ခေါ်ဆိုနိုင်တယ်။ ဒီရောဂါရဲ့ အဓိက လက္ခဏာကို ပြောပြမယ်။ မိမိ သိကျွမ်းပြီး မိမိကို ရန်မူနေသူတစ်ယောက်က တခြားလူစိမ်းတစ်ယောက်လို ရုပ်ဖျက်ထားတယ်လို့ လူနာက ယုံကြည်မှု စွဲမြဲနေတယ်။ ရုပ်ရည်တထေရာတည်း မတူပေမယ့်ရုပ်ဖျက်ပြီး လှည့်စားထားတယ်လို့ ယုံကြည်နေတယ်”

ဒေါ်မှုန်က မျက်မှောင်ကြုတ်ပြီး နားထောင်နေတယ်။ ကိုတာက ရှင်းပြဖို့ မေးခွန်းထုတ်ပါတယ်။

“ဒီလိုဆိုရင် Capgras ရောဂါနဲ့ Fregolie ရောဂါ ဘယ်လိုကွဲပြားသလဲ”

“ဥပမာဗျာ . . Capgras ရောဂါမှာ လူနာက သူ့ဇနီးကို မြင်လိုက်တာနဲ့ သူ့ဇနီးက သူ့ဇနီးအစစ်မဟုတ်ဘူး။ သူ့ဇနီးနဲ့ တထေရာတည်းတူတဲ့ တခြားမိန်းမတစ်ယောက်ကို အစားထိုးထားတာလို့ ယုံမှားမှုရှိပါတယ်။

Fregolie ရောဂါမှာတော့ လူနာက လမ်းပေါ်မှာ လူစိမ်းတစ်ယောက်ကို တွေ့မြင်ရရင် ဒီလူက ငါသိကျွမ်းတဲ့သူ၊ ငါ့ကို ရန်မူနေတဲ့သူလို့ အလွဲလွဲအမှားမှား ယုံကြည်နေတာမျိုး ဖြစ်ပါတယ်”

ဒေါ်မှုန်က ကြားဖြတ်မေးမြန်းတယ်။

“ကိုအုန်းကျော် အဲဒီလို လူနာမျိုးကို တွေ့ဖူးလား”

“ကိုယ်တွေ့တော့မရှိပါဘူး။ စာအုပ်ထဲမှာဖတ်ဖူးတဲ့ လူနာအကြောင်းကို ပြောပြမယ်။ အတွင်းလူနာ ကုသဆောင်မှာ တက်ရောက်ကုသနေတဲ့ လူနာတစ်ယောက် နာမည်က ကေဂျီတဲ့။ အသက် ၄၀ကျော် အမျိုးသား။ သူက စိတ္တဇရောဂါထဲမှာ သူ့ကိုသတ်ဖို့ ကြိုးစားနေတဲ့ ရန်သူရှိတယ်။ အဲဒီရန်သူက သူနာပြုတစ်ယောက်ဖြစ်တယ်။ မနေ့ညက သူ့ကို အဆိပ်ခတ်သတ်ဖို့၊ အဲဒီသူနာပြုက အဆိပ်ဆေးလုံးပေးတယ်လို့ စွပ်စွဲပြောဆိုနေပါတယ်။ ဖျောင်းဖျပြောလို့ လက်မခံဘူး။ ယုံမှားမှုစွဲမြဲနေတယ်။ နောက်တစ်နေ့ နံနက်ပိုင်းမှာ ကေဂျီကို ဆရာဝန်နဲ့ စစ်ဆေးဖို့ စမ်းသပ်ခန်းထဲကို ခေါ်လာပါတယ်။ ကေဂျီက အဲဒီဆရာဝန်ကို အရင်တုန်းက မတွေ့ဖူးဘူး။ ဆရာဝန်ကို မြင်လိုက်တာနဲ့တပြိုင်နက် ကေဂျီက ဆရာဝန်ကို ကုလားထိုင်နဲ့ ကိုင်ပေါက်ပါတယ်။ ဘာကြောင့် ဆရာဝန်ကို အကြမ်းဖက်တိုက်ခိုက်တာလဲလို့ မေးတော့ ကေဂျီကပြောတယ်။ “ဒီလူ ဆရာဝန်မဟုတ်ဘူး။ ဆရာဝန်လို ရုပ်ဖျက်ထားတဲ့ ကျုပ်ရဲ့ ရန်သူ၊ သူနာပြုဗျ”တဲ့။

ဒေါ်မှုန်က မှတ်ချက်ချပါတယ်။

“စိတ်ဝင်စားစရာ ကောင်းတယ်နော်”

“မှန်ပါတယ်။ ဒီလိုလူနာမျိုးက ရှားပါးပေမယ့် သူတို့ဘဝအကြောင်းကို မှီပြီး ဝတ္ထုရေးတာတွေ ရှိပါတယ်။ ပိုပြီးရှားပါးတဲ့ အမ်အိုင်ဒီရောဂါတစ်မျိုးရှိသေးတယ်။ အမည်ကတော့ “ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်သူလို့ ယုံမှားမှုလွန်ကဲရောဂါ” (intermetamorphosis) ဖြစ်ပါတယ်။ ရောဂါလက္ခဏာကို ပြောပြမယ်။ မိမိခင်မင်ရင်းနှီးတဲ့သူက အသွင်အပြင်အမျိုးမျိုးရှိတဲ့ လူစိမ်းတစ်ယောက်လို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်”

ကိုတာက ကြားဝင်နှောက်ပါတယ်။

“တစ်ခါတလေ မမှုန်ကို ကြည့်လိုက်ရင် သူ့ဒီဇိုင်းက နတ်သမီးလေးနဲ့ တူတယ်လို့ ကျွန်တော်ထင်မိတယ်။ အဲဒါ ရောဂါလား”

ဒေါ်မှုန်က ပါးစပ်ရွဲ့ပြတယ်။

“တစ်ခါတစ်ရံ ဖြစ်ပေါ်လာတဲ့ စိတ်ကူးစိတ်သန်းကိုပြောတာ မဟုတ်ပါဘူး။ အဲဒီလို အမှန်တကယ်ပြောင်းလဲသွားတယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေတာပါ”
“မျက်စိလည်စရာကြီးနော်”လို့ ဒေါ်မှုန်က ဝေဖန်ပါတယ်။

“အမ်အိုင်ဒီရောဂါ နောက်တစ်မျိုးရှိသေးတယ်။ (Syndrome of Subjective Doubles) လို့ခေါ်ပါတယ်။ မိတ္တူကိုယ်ခွဲရှိတယ်လို့ ယုံကြည်နေတဲ့ ရောဂါပါ။ SSD လို့ အတိုချုပ်ခေါ်ကြတယ်”

“ဘယ်သူက မိတ္တူကိုယ်ခွဲရှိနေတာလဲ”

“လူနာက သူ့ကိုယ်သူ ထင်မြင်ယုံကြည်နေတာပါ။ အပြင်လောကထဲမှာ သူနဲ့ တထေရာတည်းတူတဲ့ သူရဲ့ မိတ္တူကိုယ်ပွားတစ်ယောက် ရှိနေတယ်လို့ လူနာက ယုံမှားမှုစွဲမြဲနေခြင်း ဖြစ်ပါတယ်။ အဲဒီလူက လူနာနဲ့ ရုပ်ချင်းထပ်တူတစ်ပုံစံတည်းပဲ။ ဒါပေမဲ့ စိတ်သဘောထားချင်းတော့ ကွဲပြားတယ်။ ကိုယ်ရည်ကိုယ်သွေးချင်း မတူဘူး။ သူ့ဘဝနဲ့သူ သီးခြားလျှောက်လှမ်းနေသူ ဖြစ်တယ်လို့ လူနာက ယုံကြည်နေတယ်။ ဒါကြောင့် ဒီရောဂါကို “မိတ္တူကိုယ်ခွဲရှိတယ်လို့ ယုံမှားမှုလွန်ကဲရောဂါ” လို့ ဘာသာပြန်နိုင်ပါတယ်”

ကိုတာက ဆန်းစစ်ပါတယ်။

“နေပါဦးဗျ။ Capgras ရောဂါမှာလည်း ပုံတူကိုယ်ခွဲတစ်ယောက်ရှိတယ်လို့ ယုံကြည်တာပဲ မဟုတ်ဘူးလား”

“Capgras ရောဂါမှာ မိမိ ခင်မင်ရင်းနှီးသူနဲ့တူတဲ့ ပုံတူကိုယ်ပွားအယောင်ဆောင်သူရှိတယ်လို့ထင်တာ။ SSD ရောဂါမှာတော့ သူနဲ့တူတဲ့ မိတ္တူကိုယ်ပွားလူတစ်ယောက်ရှိတယ်လို့ လူနာက ယုံကြည်နေတာ ဖြစ်ပါတယ်”

ကိုတာက နောက်ပြောင်တဲ့ လေသံနဲ့ တောင်းဆိုတယ်။

“စာအုပ်ထဲမှာ ခင်ဗျားဖတ်ဖူးတဲ့ လူနာတစ်ယောက်ကို နမူနာပြောဗျာ”

မစ္စက်ဒီမှာ ယုံမှားမှုလွန်ကဲရောဂါ လက္ခဏာရှိတာတွေ့ရတယ်။ သူရဲ့ မိတ္တူကိုယ်ခွဲ မိန်းမတစ်ယောက်ရှိတယ်လို့ ယုံကြည်နေတယ်။ သူ့လက်ညှိုးက လက်ဗွေကို ပုံစံယူပြီး သူရဲ့ကိုယ်ခွဲ မိတ္တူပြုလုပ်ထားတာလို့ ပြောတယ်။ ကိုယ်ဝန်ရှိနေတဲ့ တခြားအမျိုးသမီးလူနာတစ်ယောက်ကို လက်ညှိုးထိုးပြပြီး အဲဒီမိန်းမက သူရဲ့ မိတ္တူကိုယ်ခွဲလို့ ပြောတယ်။

“ဒီနေရာမှာ ကိုယ်တွေလက်တွေ့မရှိဘူးလို့ ပြောချင်တာလား။ ရပါတယ်။ စာအုပ်ထဲမှာ ဖတ်ရတဲ့ မစ္စက်ဒီအကြောင်းကို ပြောပြမယ်။ သူ့အသက်က ၅၀။ သားသမီး ၄ ယောက်ရှိတယ်။ မစ္စက်ဒီက စိတ္တဇရောဂါ အကြိမ်ကြိမ်ဖြစ်ပွားဖူးတယ်။ ဒီတစ်ကြိမ်ဆေးရုံတက်လာတော့ မစ္စက်ဒီမှာ ယုံမှားမှုလွန်ကဲရောဂါ လက္ခဏာရှိတာ တွေ့ရတယ်။ သူရဲ့ မိတ္တူကိုယ်ခွဲ မိန်းမတစ်ယောက်ရှိတယ်လို့ ယုံကြည်နေတယ်။ သူ့လက်ညှိုးက လက်ဗွေကိုပုံစံယူပြီး သူရဲ့ကိုယ်ခွဲမိတ္တူ ပြုလုပ်ထားတာလို့ ပြောတယ်။ ကိုယ်ဝန်ရှိနေတဲ့ တခြားအမျိုးသမီး လူနာတစ်ယောက်ကို လက်ညှိုးထိုးပြပြီး အဲဒီမိန်းမက သူရဲ့မိတ္တူကိုယ်ခွဲလို့ ပြောတယ်။ သူ့ထက်ပိုပြီး ဝနေပေမယ့် သူရဲ့ မိတ္တူအစစ်လို့ မစ္စက်ဒီက စွဲစွဲမြဲမြဲ ယုံကြည်နေပါတယ်”

စာရေးသူစကားဆုံးတော့ ဒေါ်မှုန်က သူသိရှိနားလည်သလို ပါဝင်ဆွေးနွေးတယ်။

“ကိုအုန်းကျော်ပြောတဲ့ “မင်အိုင်ဒီ”ရောဂါတွေက ကိုယ်ထင် ကုထင်ရွှေနန်းဆိုသလိုပေါ့”

“ပြောလို့ရပါတယ်။ အရာဝတ္ထုတစ်ခုကိုမြင်တာနဲ့ မြင်တဲ့ အရာဝတ္ထုကို ခွဲခြားသိရှိအဓိပ္ပာယ် ကောက်ယူနိုင်တာက မတူပါဘူး။ နောက်စေ့ဦးနှောက်ပိုင်း (Occipital Lobe)က မြင်လိုက်တဲ့အရာဝတ္ထုကို ပုံရိပ်ကြမ်းအဖြစ် ဓာတ်ပုံရိုက်ပေးတယ်။ အဲဒီပုံရိပ်ကြမ်းကို အမျိုးအမည်ခွဲခြားအဓိပ္ပာယ်ဖော်ပေးဖို့ ညာဘက်ဦးချိုဦးနှောက်ပိုင်း (Parietal Lobe)နဲ့ ညာဘက်နားထင်ဦးနှောက်ပိုင်း (Temporal Lobe)တို့က ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ဦးချိုဦးနှောက်ပိုင်းနဲ့ နားထင်ဦးနှောက်ပိုင်း ဆက်စပ်နေတဲ့နေရာမှာ ဒဏ်ရာရရင် အမ်အိုင်ဒီရောဂါ ဖြစ်ပွားနိုင်တယ်လို့ ယူဆပါတယ်။ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါမှာလည်း တွေ့ရှိနိုင်တယ်။ မျက်နှာကို မမှတ်မိတဲ့ ဦးနှောက်ရောဂါတစ်ခုရှိသေးတယ်။ ကြည့်မှန်ရှေ့မှာ ရပ်ကြည့်လိုက်ရင် ဒေါ်မှုန် ဘာမြင်သလဲ”

“ကိုယ့်မျက်နှာကို ကိုယ်မြင်တာပေါ့”

“ဒါပေမဲ့ ကြည့်မှန်ထဲမှာ မြင်ရတဲ့မျက်နှာက “ငါ့မျက်နှာမဟုတ်ဘူး”လို့ ယုံကြည်တဲ့ လူနာရှိတယ်။ အဲဒီရောဂါကို “မျက်နှာကန်းရောဂါ” (Prosopagnosia)လို့ ခေါ်တယ်။ ကိုယ့်မျက်နှာကို ကိုယ်မသိတဲ့ရောဂါ။ ကိုယ့်မျက်နှာကို ကိုယ်မမှတ်မိတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါကို နောက်စေ့ဦးနှောက်ပိုင်းနဲ့ နားထင်ဦးနှောက်ပိုင်းကို ဆက်သွယ်ထားတဲ့ (Fusiform Gyrus) လို့ ခေါ်တဲ့ ဦးနှောက်ပိုင်း ဒဏ်ရာရရင် တွေ့ရှိရပါတယ်”
သူရဲ့တစ္ဆေရှိတာကို ယုံကြည်တဲ့ ဒေါ်မှုန်က မှတ်ချက်ချပါတယ်။

“အပမှီနေတာလို့ မပြောနိုင်ဘူးလား”

“အဲဒါတော့ ကျွန်တော်မသိဘူး။ အပမှီနေတယ်။ မကောင်းဆိုးဝါးပူးနေတယ်လို့ ထင်မြင်ယူဆနိုင်တဲ့ တခြားရောဂါတွေရှိသေးတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top