Healthy Life Ad
Life Style

ခေတ်စားနေတဲ့ ဗီတာမင်ဒီ (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဗီတာမင်ဒီ ချို့တဲ့ခြင်းကို ဘယ်သူတွေမှာ ပိုတွေ့ရတတ်သလဲ

ဗီတာမင်ဒီ လုံလောက်ပြည့်ဝစေဖို့အတွက် စားတဲ့အစာတစ်ခုတည်းနဲ့ သိပ်မလုံလောက်ပါဘူး။ အထူးသဖြင့် နေရောင်မရှိတဲ့နေရာမှာ နေတဲ့သူတွေ၊ အီကွေတာနဲ့ဝေးရာ တိုင်းပြည်တွေမှာနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အိမ်တွင်းမှာ အလုပ်လုပ်သူတွေ၊ အသားအရေမည်းသူတွေ၊ နေမလောင်အောင် ဆေး (sunscreen)တွေ အမြဲလိမ်းထားသူတွေ၊ အဝလွန်သူ၊ ငါးမစားသူ၊ နို့မသောက်သူတွေအဖို့ ဗီတာမင်ဒီချို့တဲ့ခြင်းကို ပိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့တာအတွက် ဗီတာမင်ဒီ ၄၀ဝ မှ ၈၀ဝ IU ယူနစ်စားဖို့လိုအပ်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ခြင်းဟာ အပေါ်ယံကြည့်ရင် သိပ်မသိသာပေမယ့် သွေးကိုစစ်ဆေးကြည့်တော့မှ အလွန်ပေါများတာ တွေ့လာကြပါတယ်။ နေရောင်ပေါများတဲ့နိုင်ငံတွေမှာ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း မထင်မှတ်ဘဲ တော်တော်များပြားနေတာ တွေ့ရပါတယ်။

အထူးသဖြင့် နေရောင်မရှိတဲ့နေရာမှာ နေတဲ့သူတွေ၊ အီကွေတာနဲ့ဝေးရာ တိုင်းပြည်တွေမှာ နေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အိမ်တွင်းမှာ အလုပ်လုပ်သူတွေ၊ အသားအရေမည်းသူတွေ၊ နေမလောင်အောင် ဆေး (sunscreen) တွေ အမြဲလိမ်းထားသူတွေ၊ အဝလွန်သူ၊ ငါးမစားသူ၊ နို့မသောက်သူတွေအဖို့ ဗီတာမင်ဒီ ချို့တဲ့ခြင်းကိုပိုဖြစ်စေပါတယ် . . .

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အာဟာရကောင်းမွန်ပေမယ့်လည်း ဗီတာမင်ဒီချို့တဲ့သူတွေ အများကြီးဖြစ်နေကြတာတွေ့ရပါတယ်။ ဥပမာ- အမေရိက USA မှာ ၂၀၁၁ခုနှစ်က တွေ့ရှိချက်တစ်ခုအရ လူကြီးအရွယ်မှာ ဗီတာမင်ဒီချို့တဲ့သူ ၄၁ ဒသ မ ၆ ရာခိုင်နှုန်းရှိပါတယ်။ ဟစ်စ်ပန်နစ် Hispenic လို့ ခေါ်တဲ့ စပိန်စကားပြောတဲ့ အမေရိကန် (Latin American) တွေမှာ ၆၉ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး၊ အာဖရိကန်-အမေရိကန်တွေမှာတော့ ၈၂ ဒသမ ၁ ရာခိုင်နှုန်းထိတောင် များတာတွေ့ရပါတယ်။ ဝလွန်းသူတွေမှာ ဗီတာမင်ဒီ ပိုနည်းတာနဲ့ ဆက်စပ်မှုရှိနေ တာတွေ့ရပါတယ်။ ဗီတာမင်ဒီက အဆီထဲမှာပဲပျော်ဝင်တဲ့ ဓာတ်တစ်ခုဖြစ်လို့ အဆီများတဲ့ အဝလွန်သူတွေမှာ သွေးတွင်းမှာရှိတဲ့ ဗီတာမင်ဒီတွေဟာ များပြားလှတဲ့ အဆီထဲဝင်သွားလို့သွေးထဲမှာ လျော့နေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဗီတာမင်ဗီဒီ ချို့တဲ့ရင် ဘာတွေဖြစ်တတ်သလဲ . . .

ဗီတာမင်ဒီ ချို့တဲ့သူတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ အရိုးနဲ့ကြွက်သားဆိုင်ရာ ရောဂါတွေကို အရှေ့မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် အရိုးနဲ့ကြွက်သားတွေအပြင် တခြားဘာတွေကော ဖြစ်နိုင်သလဲဆိုတာ ဆက်ပြောပါမယ်။ ဗီတာမင်ဒီနဲ့ပတ်သက်လို့ ယခုနောက်ပိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာတွေ့ရှိချက်တွေကတော့ သွေးတွင်းဗီတာမင်ဒီ နည်းသူတွေဟာ ခုခံအားနည်းပြီးရောဂါပိုး ဝင်လွယ်တာ၊ အဆုတ်အအေးမိရောဂါ ပိုဖြစ်တတ်တာ၊ ကင်ဆာရောဂါပိုဖြစ်တာ၊ ခုခံအား မူမမှန်ခြင်းကြောင့်ဖြစ်တဲ့ Autoimmune သွေးကြောရောင်ရောဂါ၊ သွေးလေးဘက်နာရောဂါ၊ အရေပြား လေးဘက်နာရောဂါ၊ နှလုံးနဲ့သွေးကြောကျဉ်းရောဂါ၊ အဝလွန်၊ သွေးတိုးနဲ့ ဆီးချိုသွေးချိုရောဂါ၊ ကြွက်သားရောဂါ၊ သူငယ်ပြန်ရောဂါ၊ အိုမင်းရင့်ရော်ခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့လာကြပါတယ်။ ဆက်စပ်ခြင်းဆိုတာကို ဖြစ်စေတယ်လို့လည်း ပြောလို့မရပါဘူး။ ထန်းသီးကြွေတာနဲ့ ကျီးနင်းတာ သွားပြီးထပ်နေတာလည်းဖြစ်နိုင်တယ်လို့ သဘောပေါက်အောင် ရှင်းပြပါရစေ။ အကယ်၍သာ ဗီတာမင်ဒီချို့တဲ့တယ်လို့ ပြောခံရသူတွေ အထက်ပါရောဂါတွေဖြစ်လာရင် ဗီတာမင်ဒီ ဆေးတွေပေးပြီး ရောဂါပျောက်ကင်းစေနိုင်မလားဆိုတာ ပြန်တွေးကြည့်ဖို့လိုလာပါတယ်။ အသွားအပြန် ဆက်စပ်မှုခိုင်မာဖို့ လိုအပ်ပါသေးတယ်။ ဗီတာမင်ဒီ ချို့တဲ့ခြင်းနဲ့ အခုရောဂါတွေ ဆက်စပ်ပုံတချို့ကို ဆက်လက်ဖော်ပြပါမယ်။

ဗီတာမင်ဒီနှင့် ခုခံအားတည်တံ့ကောင်းမွန်ခြင်း

ဗီတာမင်ဒီဟာ Immunity လို့ခေါ်တဲ့ ခုခံအား ပုံမှန်အတိုင်း ကောင်းနေစေအောင် အထောက်အကူပေးပါတယ်။ ရောဂါပိုး အလွယ်တကူမဝင်လွယ်အောင် ကာကွယ်တယ်၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်စေတတ်တဲ့ တုပ်ကွေးအအေးမိတာကို ကာကွယ်တယ်။ တခြားဘက်တီးရီးယားပိုးတွေမှလည်း ကာကွယ်တယ်။ ဘာကြောင့်လဲဆိုတော့ ပိုးတွေကို ခုခံတိုက်ခိုက်တဲ့ သွေးဖြူဥတွေ ပုံမှန်အလုပ်လုပ်ဖို့ ဗီတာမင်ဒီရဲ့ ကူညီပံ့ပိုးမှုတွေ အဓိကလိုပါတယ်။ တနည်းအားဖြင့် သွေးတွင်း ဗီတာမင်ဒီ လျော့နည်းသူတွေဟာ ပိုပြီး အအေးမိရောဂါနဲ့ အဆုတ်ရောင် Pneumonia နမိုးနီးယားရောဂါ ပိုပြီး ဖြစ်လွယ်ကြပါတယ်။ ဒါကြောင့် Vitamin D ကို တစ်နေ့ ၄၀ဝ၀ယူနစ်ဖြည့် ပေးထားရင် အဆုတ်အအေးမိတာ ကာကွယ်နိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေရှိပါတယ်။ တစ်ဖက်မှာလည်း ခိုင်မာတဲ့ အထောက်အထား မတွေ့ ရှိကြောင်းလည်း ဖော်ပြထားတာတွေလည်း တွေ့ရှိရပါတယ်။

ဗီတာမင်ဒီနှင့် အားမရှိခြင်း

အားမရှိခြင်းနဲ့ မောပန်းလွယ်ခြင်းတွေ ဖြစ်စေပါတယ်။ ဒီလိုမောလွယ်၊ နုံးလွယ်တဲ့အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲက ဗီတာမင်ဒီလျော့နည်းခြင်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် ဆရာဝန်တွေဟာ ဗီတာမင်ဒီ ချို့တဲ့ခြင်းအကြောင်းကို ထည့်သွင်းမစဉ်းစားမိဘဲ မေ့နေတတ်တာ များပါတယ်။ ဗီတာမင်ဒီ သိသိသာသာနည်းရင် မောပန်းလွယ်တတ်တာ သတိပြုဖို့လိုပါတယ်။ ဗီတာမင်ဒီ ဖြည့်စွက်ပေးခြင်းဖြင့် မောပမ်းတာ၊ နုံးတာ သက်သာစေပါတယ်။ အားတွေပြန်ရှိစေပါတယ်။ ဒါပေမဲ့ ဗီတာမင်ဒီမချို့တဲ့ဘဲ ဆေးသောက်သုံးနေခြင်းဟာလည်း အကျိုးသိပ်မရှိနိုင်ပါဘူး။ နုံးတာ၊ အားမရှိတာကိုဖြစ်စေတဲ့ တခြားပိုအရေးကြီးတဲ့ အကြောင်းရင်းတွေရှာဖွေတာ မနှောင့်နှေးဖို့ သတိပြုရပါမယ်။

ဗီတာမင်ဒီနှင့် စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျခြင်းသည်လည်း ဗီတာမင်ဒီနည်းခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်တတ်ပါတယ်။ အသက်ကြီးသူတွေမှာ အထူးသဖြင့် တွေ့ရတဲ့ စိတ်ကျရောဂါဟာ ဗီတာမင်ဒီလျော့နေခြင်းကြောင့်လည်း ဖြစ်နိုင်တာ ထည့်စဉ်းစားဖို့၊ စစ်ဆေးကြည့်ဖို့လိုပါတယ်။ ဗီတာမင်ဒီလျော့နေတာတွေ့လို့ ပြန်ဖြည့်ပေးလိုက်ရင် စိတ်ကျရောဂါလည်း သက်သာစေနိုင်ပါတယ်။

ဗီတာမင်ဒီနှင့် ဆီးချိုရောဂါဆက်စပ်ပုံ

မက်တာဘောလစ်စင်ဒရုန်း (Metabolic syndrome) ခေါ် အဝလွန်ပြီး ဆီးချိုဖြစ်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါ၊ သွေးကြောကျဉ်းတာ၊ လေဖြတ်တာ စတာတွေဟာ ဗီတာမင်ဒီနည်းခြင်းနဲ့ ဒွန်တွဲပြီးတွေ့ရတာများပါတယ်။ ဒါကလည်း ဗီတာမင်ဒီနည်းခြင်းက ဒီလိုရောဂါတွေကို မြန်မြန်ဖြစ်သွားစေဖို့ တွန်းပို့ပေးသလိုဖြစ်စေတယ်လို့ လေ့လာတွေ့ ရှိရပါတယ်။ အင်ဆူလင်ကို ဘီတာဆဲလ်မှ စစ်ထုတ်ပေးရာမှာ ဗီတာမင်ဒီရဲ့ ကဏ္ဍကလည်း အရေးပါပါတယ်။ အမျိုးအစား(၁)ရော (၂) ဆီးချိုအတွက်ပါ အကျုံးဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top