Healthy Life Ad
International

အသက် ၃၉ နှစ်အရွယ်နဲ့သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါဖြစ်ပွားခဲ့သူ

၊ ကိုထက် ၊

အသက် ၃၉ နှစ်အရွယ် ကလေးနှစ်ယောက် မိခင်ဆာရာပတ်ဟာ လွန်ခဲ့တဲ့ ၁၈ လခန့်ကတည်းက ပုံမှန်မဟုတ်ဘဲ ပြောပြီးသားစကားတွေ ပြန်ပြန်ပြောနေခဲ့တာကို သူရဲ့ အမျိုးသားဖြစ်သူ ရစ်ချက်က သတိထားမိခဲ့ပါတယ်။ သူဟာ ပြောပြီးသားစကားတွေကိုလည်း ထပ်ခါထပ်ခါပြောနေသလို ကလေးတွေရဲ့ လျှော်ပြီးသား အဝတ်တွေကို ထပ်လျှော်တာတွေပြုလုပ်လာခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အငယ်တန်းနှလုံးအထူးကုဆရာဝန်ဖြစ်တာကြောင့် သူရဲ့လူနာတွေကို အသက်အန္တရာယ် ထိခိုက်မှုတွေဖြစ်လာမှာစိုးတဲ့အတွက် အလုပ်ကနေ အနားယူခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆေးစစ်ချက်ကို အရင်ထက် အချိန်နှစ်ဆပေးပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်လောက် ဂရုတစိုက်ပြုလုပ်ပေမယ့်လည်း အမှားတွေကို အမြဲတွေ့ခဲ့ပါတယ်။ မှားတာတွေကို တွေ့မှမှားနေမှန်းသိပြီး ဘာကြောင့် အဲ့ဒီအချိန်က ဒီအမှားကိုလုပ်ခဲ့မိမှန်း ပြန်စဉ်းစားလို့မရတော့ဘူးလို့ သူကပြောပြခဲ့ပါတယ်။ သူဟာ အမှားတွေကို သေချာဂရုတစိုက်စစ်ဆေးတဲ့အတွက် ပြသနာကြီးကြီးမားမားမရှိခဲ့ပေမယ့် တစ်ချိန်ချိန်မှာ အသက်အန္တရာယ်နဲ့ သက်ဆိုင်တဲ့ လွဲမှားမှုတွေဖြစ်လာစိုးတဲ့အတွက် အလုပ်မှ အနားယူလိုက်ပါတယ်။

စိတ်ကျန်းမာရေးဆရာဝန်တွေက သူဟာ စိတ်ဖိစီးမှုတွေများလွန်းပြီး အယ်ဇိုင်းမားရောဂါ ဒါမှမဟုတ်သူငယ်ပြန်ရောဂါတွေဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဆာရာပတ်ရဲ့ ဖခင်ဖြစ်သူကလည်း စိတ်ရောဂါဝေဒနာတစ်မျိုးကြောင့် အသက် ၄၀ အရွယ်မှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူကလည်း ဖခင်လို စိတ်ပိုင်းဆိုင်ရာဝေဒနာဖြစ်လာတဲ့အတွက် အလွန်စိုးရိမ်လာခဲ့တယ်လို့ သိရပါတယ်။

သူငယ်ပြန်ဖို့အတွက် ငယ်သေးတယ်လို့ သူ့ကိုယ်သူထင်ခဲ့ပေမယ့် သူ့အမျိုးသားကတော့-

“ပြောပြီးတဲ့စကားတွေကို ပြန်ပြန်ပြောလာတာအပြင် ဟင်းချက်တဲ့အခါ ထည့်ပြီးသားတွေကို ထပ်ထပ်ထည့်နေတာတွေ သတိထားမိလာတယ်၊ အပြင်မှာထက် အိမ်မှာဆိုရင် ပိုပြီး အဖြစ်များတာကို သတိထားမိတယ်”လို့ ပြောပြခဲ့ပါတယ်။

ဆရာဝန်တွေနဲ့ ပြတိုင်း သူရဲ့ အလုပ်ကြောင့် စိတ်ဖိစီးမှုများပြီး သတိမေ့တတ်နေတာလို့သာ အဖြေပေးခဲ့ကြပြီး တိကျတဲ့ ရောဂါနာမည်မပေးနိုင်ခဲ့ကြပါဘူး။ ဒီလိုတွေဖြစ်ပြီး ၁ နှစ်ခန့်ကြာချိန်မှာတော့ သူမရဲ့ စစ်ဆေးမှုတွေက ပြည့်စုံသလောက်ဖြစ်နေပြီး ကျွမ်းကျင်သူတွေက သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါဖြစ်နိုင်ကြောင်းကို စတင်ထောက်ပြခဲ့တယ်လို့ သိရပါတယ်။

“ ဒီအဖြေကို သိလိုက်ရချိန်မှာ ကျွန်တော်တို့ နှစ်ယောက်လုံး ကလေးတွေကျောင်းသွားချိန်မှာ အိမ်ပြန်လာပြီး အခန်းထဲမှာတစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုခဲ့ကြပါတယ်”လို့ ရစ်ချက်က ပြောခဲ့ပါတယ်။နောက်တော့ ရစ်ချက်ဟာ ကလေးနှစ်ယောက်ကို မိခင်ရဲ့ ကျန်းမာရေးအခြေအနေ နားလည်အောင် ပြောပြပြီး အမေကို ဘယ်လို ပြုစုစောင့်ရှောက်ကြမယ် ဆိုတဲ့အကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။

ဆာရာပတ်ဟာ ကျန်းမာရေးအထောက်အကူ ဖြစ်စေဖို့ နေ့စဉ် စက်ဘီးနင်း ကိရိယာနဲ့ လေ့ကျင့်ပြီး မနက်တိုင်း ခွေးလေးနဲ့အတူ ဆွေမျိုးအိမ်တွေ၊ သူငယ်ချင်းအိမ်တွေသို့ လမ်းထွက်လျှောက်ကာ အိမ်မှာလည်း ပန်းပင်စိုက်ပျိုးတာနဲ့ ခရစ်ကတ်ဘောလုံး ကစားတာတွေပြုလုပ်နေပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top