Healthy Life Ad
Q & A

ကြွက်သားဖွံ့ထွားချင်ပါတယ် . . .

မေး ။ ကြွက်သားသန်စွမ်းချင်တယ်ဆိုရင် ဘယ်လိုနည်းတွေနဲ့ စားသောက်ပေးသင့်ပါသလဲ။
ပါမောက္ခဦးနေဝင်း(အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ပုံမှန်ခန္ဓာကိုယ်အလှ (Body Beauty)ရအောင် လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင် ကိုယ့်အရပ်အမောင်း၊ ခန္ဓာကိုယ် အနေအထားပေါ် မူတည်ပြီး အမျိုးသားတွေရော အမျိုးသမီးတွေပါ ကြွက်သား သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ခန္ဓာကိုယ်ကို ဘယ်လိုပုံစံမျိုးဖြစ်ချင်တာလဲ၊ ဘယ်ကြွက်သားတွေကို ပေါ်လွင်စေချင်တာလဲဆိုတဲ့အပေါ် မူတည်ပြီး လေ့ကျင့်ခန်းကို ရွေးချယ်လုပ်ဆောင်လို့ရပါတယ်။

ကြွက်သားသန်စွမ်းဖို့ အစားအသောက်ကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်ကြီးအောင်၊ အမျိုးသားတွေ ရင်ဘတ်နဲ့ ရင်အုပ်ပိုင်းကြွက်သားတွေကြီးစေဖို့ အာဟာရ ပြည့်ပြည့်စုံစုံ မျှမျှတတရအောင် ပုံမှန်ထက်ပိုပြီး စားပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်ကို အားရှိရှိ စားသောက်တာတို့ တွဲလိုက်မယ်ဆိုရင် ကြွက်သားတွေက ပိုပြီး သန်စွမ်းလာမှာဖြစ်ပါတယ်။ နေ့တိုင်း စားတဲ့အခါ ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ ကောင်းတဲ့ အဆီဓာတ် စတာတွေကို မျှမျှတတရရှိအောင် ပုံမှန် စားပေးမှ ကြွက်သားတွေ တင်းရင်းလာမှာပါ။

တချို့လူတွေက ကြွက်သားတွေ သန်စွမ်းတင်းရင်းဖို့ စတီးရွိုက်ဆေးတွေ သုံးကြတာ ရှိပါတယ်။ ဒါက ဖြတ်လမ်းနည်းပါ။ စတီးရွိုက်တွေကို သုံးလိုက်တဲ့အတွက် ကြွက်သားတွေက ခပ်မြန်မြန် ကြီးထွားလာတာ မှန်ပါတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးက များလွန်းတဲ့အတွက် မလုပ်သင့်ပါဘူး။ စတီးရွိုက်ဆေးကြောင့် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူကို ဒုက္ခပေးနိုင်ပါတယ်။ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ စတီးရွိုက်ဆေးတွေ သုံးစွဲတဲ့အတွက် ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် မရတော့တာမျိုးတွေရှိသလို တချို့လူတွေကလည်း ကြွက်သားသန်စွမ်းရင်ပြီးရောဆိုပြီး အပျော်သက်သက် စတီးရွိုက်ဆေးတွေကို သုံးကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို သုံးတာကြောင့် နောက်ပိုင်းမှာ ကျန်းမာရေး ထိခိုက်နိုင်ခြေများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top