မေး ။ ဗီတာမင်အေချို့တဲ့လို့ ကြာဆူးဖြစ်ရတယ်လို့ ကြားဖူးပါတယ်၊ မှန်ပါလား ဆရာမ။
ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ မှန်ပါတယ်။ ဗီတာမင်-အေ ချို့တဲ့လို့လည်း ကြာဆူးဖြစ်နိုင်ပါတယ်။ မွေးညင်းပေါက်လေးတွေ နေရာနားက အရေပြားထူလာပြီး အဖုလေးတွေအဖြစ်မြင်ရတတ်တာပါ။ ဖားပြုတ်အရေပြား (Toad Skin)လို့လည်း ခေါ်ကြပါတယ်။ ကလေးတွေမှာ ကြာဆူးဖြစ်တတ်ပါတယ်။ အာဟာရထဲမှာပါတဲ့ အဆီဓာတ်ကိုမစုပ်ယူနိုင်တဲ့ ရောဂါရှင်တွေမှာ ပိုဆိုးတတ်ပါတယ်။ နှုတ်ခမ်းရောင်တာ၊ လျှာရောင်ရမ်းတာ၊ မျက်ခွံရောင်တာ၊ ညဘက်မှာ မျက်စိမမြင်ရတာ၊ ဝမ်းလျှောတာ၊ ကြွက်သားပျော့တာ၊ အာရုံကြောရောင်တာတွေနဲ ့တွဲဖြစ်တတ်ပါတယ်။ တခြားဗီတာမင်ချို့တဲ့တဲ့ အခြေအနေတွေနဲ့လည်း တွဲဖြစ်တတ်ပါတယ်။
ဗီတာမင်အေသာမက ဗီတာမင်အီး၊ ဗီတာမင်ဘီအုပ်စုနဲ့ လိုအပ်တဲ့အဆီ (Essential Fatty Acids) စတဲ့ အာဟာရဓာတ်တွေ ချို့တဲ့ရင် အဖုလေးတွေ (Follicular hyperkeratosis) ဖြစ်တတ်ပါတယ်။
အစာကို ကောင်းကောင်း မစုပ်ယူနိုင်တဲ့ ရောဂါ၊ ဥပမာ- အူဖြတ်ပြီး ခွဲစိတ်ထားတာ၊ အူရောင်ရောဂါ၊ ပန်ကရိယရောဂါ တွေဖြစ်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။
ကယ်လိုရီစားသုံးမှုနည်းလွန်းတဲ့လူတွေနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အဆီမစားတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)