Healthy Life Ad
Life Style

ပရိုဘိုင်အိုးတစ် (၃) (Probiotic)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါအတွက်ရော ပရိုဘိုင်အိုးတစ်တွေက ဘာတွေအကျိုးပေးပါသလဲဆိုတာ လေ့လာကြည့်ပါမယ်။

အမေရိကန် နှလုံးအဖွဲ့ကြီးရဲ့ သိပ္ပံဟောပြောပွဲမှာ အွန်တာရီယိုး (Ontario)မှာပြုလုပ်ထားတဲ့ သုတေသနတစ်ခုကို စာတမ်းဖတ်ခဲ့ပါတယ်။ ဒီလေ့လာ ဆန်းစစ်ချက်မှာ သွေးတိုးတဲ့ လူနာ ၈၀ထဲမှ တချို့ကို သွေးတိုးအတွက် ကျန်းမာတဲ့အစားအစာဖြစ်တဲ့ DASH Diet (Dietary Approaches to Stop Hypertension) ကို သုံးလ စားသုံးစေပြီး တချို့ကို DASH အစားအစာအပြင် ပရိုဘိုင်အိုးတစ် များများပါတဲ့ အစာတွဲကျွေးပြီး သုံးလကြာတဲ့အခါ ပြန်စစ်ဆေးကြည့်ပါတယ်။ ပရိုဘိုင်အိုးတစ်အစာ စားတဲ့အဖွဲ့မှ လူတွေဟာ သုံးလစာ ပျမ်းမျှသွေးချို HbA1c ပိုပြီး လျော့သွားတာတွေ့ရပါတယ်။ တခြားလေ့လာချက်တွေမှာလည်း ဒီအတိုင်တွေ့ရပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းသပ်တဲ့အခါ Lactobacillus acido­philus and L. casei အမျိုးအစားတွေက သွေးချိုကျစေတာတွေ့ရပါတယ်။ ဒါတွေကို ခိုင်မာဖို့ ဆက်ပြီးအတည်ပြုနိုင်အောင် လေ့လာဖို့လိုအပ်နေပါသေးတယ်။

ဆီးချိုသွေးချိုသိပ်များနေတဲ့သူတွေရဲ့ ခုခံအားတွေဟာ လျော့နေတတ်ပါတယ်။ အိပ်ချိန်မမှန်တဲ့သူတွေ၊ အလုပ်မှာ ဖိစီးမှုတွေများတဲ့သူတွေအဖို့ ခုခံအားပိုပြီးနည်းတတ်ပါတယ်။ ဒီလိုလူတွေမှာ ပရိုဘိုင်အိုးတစ်များစေတဲ့အစာ စားသုံးခြင်းဖြင့် ခုခံအားတွေ ပြန်ပြီးကောင်းလာစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရှိသူတွေဟာ ပရိုဘိုင်အိုးတစ်များများပါဝင်တဲ့ အစာတွေပိုစားရင် အကျိုးရှိပါတယ်။ သွေးချိုလည်းကျ၊ သွေးတွင်းအဆီလည်းကျလို့ နှလုံးကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။

အမျှင်ဓာတ်နှင့် ပရိုဘိုင်အိုးတစ်ဆက်စပ်ပုံ

အမျှင်ဓာတ်တွေများများစားခြင်းဖြင့်လည်း ပရိုဘိုင်အိုးတစ်တွေ ပွားများစေနိုင်ပါတယ်။ ပရိုဘိုင်အိုးတစ် ဘက်တီးရီယားပိုးတွေ ပွားများစေခြင်းဖြင့် အင်ဆူလင်တုန့်ပြန်မှု ကောင်းလာခြင်း၊ GLP-1 လို့ခေါ်တဲ့ အူဟော်မုန်းတွေပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်မများအောင် ကူညီပေးခြင်းတို့ကြောင့် ဆီးချိုရောဂါရှိသူတွေ အမျှင်ဓာတ်များများစားသင့်ပါတယ်။ သွေးချိုထိန်းသိမ်းရာမှာလည်း အကျိုးပြုပါတယ်။ အမျှင်ဓာတ်ကို ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဂျုံ၊ ဆန်အလုံးလိုက် စားသုံးခြင်းဖြင့်ရရှိနိုင်ပါတယ်။ ဒါတွေမစားဖြစ်တဲ့အခါ psyllium စီလီယမ်လို့ခေါ်တဲ့ အမျှင်ဓာတ်အထုပ်တွေကို ဖျော်သောက်ရင်လည်း အကျိုးရှိပါတယ်။ အမျှင်ဓာတ်စားရင် ဆီးချိုသွေးချိုလည်း ကာကွယ်ပါတယ်။

အနောက်တိုင်းအစားအစာတွေမှာ ပြည့်ဝအဆီတွေများပြီး အမျှင်ဓာတ်ပါဝင်မှု အလွန်နည်းတဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဆီးချိုကုထုံးမှာ အမျှင်ဓာတ်ဖြည့်စွက်ပေးခြင်းဟာ လူနာတွေလိုက်နာရမယ့် အာဟာရလမ်းညွှန် တစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်က အူထဲမှာ ချေဖျက်နိုင်ခြင်းမရှိတဲ့ ကစီဓာတ်တစ်မျိုးဖြစ်ပြီး အူထဲမှာ short chain fatty acid ဖက်တီးအက်စစ်တစ်မျိုးသို့ ပြောင်းလဲသွားပြီး ဖက်တီးအက်စစ်က ပရိုဘိုင်အိုးတစ်တို့ရဲ့ ပိုးစာဖြစ်သွားပါတယ်။

Probiotic Supplement ပရိုဘိုင်အိုတစ်ဖြည့်စွက်ဆေးများပေးခြင်းဖြင့် ပိုးကောင်းတွေဖြည့်ပေးခြင်း

လျော့နည်းနေတဲ့ ပရိုဘိုင်အိုးတစ်ပိုးတွေကို ဆေးအနေနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဈေးကွက်မှာတော့ ပရိုဘိုင်အိုးတစ် အမျိုးမျိုးရရှိနိုင်ပါတယ်။ ပိုးတစ်မျိုးထဲပါဝင်တဲ့ ဆေးတွေရှိသလို တစ်မျိုးထက်ပိုပြီးပါဝင်တဲ့ ဆေးတွေလည်းရှိပါတယ်။ ပိုးအမျိုးများများပါတဲ့ ဆေးကပိုကောင်းပါတယ်။ ပိုးအနည်းဆုံး ကုဋေ ၃၀ ပါဝင်ဖို့လိုပါတယ်။

ပရိုဘိုင်အိုးတစ်တွေကို ပိုးသတ်ဆေးနဲ့အတူ ကြိုပေးထားရင် C.difficile ကြာင့် ဝမ်းလျှောတာကို ကာကွယ်ကုသပေးနိုင်ပါတယ်။ ပရိုဘိုင်အိုးတစ်ကိုသောက်ရန် မသင့်သူတွေကတော့ အူထဲမှာ မှိုတွေပွါးနေတဲ့သူတွေ၊ အူထဲမှာ ဘက်တီးရီးယားပိုးတွေ အရမ်းပွားများနေသူတွေ၊ ခုခံအားသိပ်နည်းလွန်းတဲ့သူတွေမှာ ပရိုဘိုင်အိုးတစ်တွေ ပေးဖို့မသင့်ပါဘူး . . .

ဆေးရုံမှာ ပဋိဇီဝပိုးသတ်ဆေးပြင်းတွေ ထိုးရ၊ သောက်ရတဲ့အခါ အူထဲမှ အကာအကွယ်ပေးနေတဲ့ ပရိုဘိုင်အိုးတစ်တွေ လျော့သွားပြီး C.difficile ပိုးတွေကို ထိန်းမထားနိုင်ဘဲ ဝမ်းတွေဒလဟောသွားတတ်ပါတယ်။ ဗိုက်နာခြင်း၊ ဖျားခြင်း၊ သွေးတွေ၊ ချွဲတွေပါတတ်ပါတယ်။ အန်ပြီး ရေဓာတ်ခမ်းခြောက်ကာ နောက်ဆုံးကျောက်ကပ်ပျက်စီးတတ်ပါတယ်။ အူပေါက်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ရောဂါကို ပဋိဇီဝ ပိုးသတ်ဆေးတွေထပ်ပေးရင် ပိုဆိုးတတ်ပါတယ်။ ပရိုဘိုင်အိုးတစ်တွေကို ပိုးသတ်ဆေးနဲ့အတူ ကြိုပေးထားရင် C.difficile ကြာင့် ဝမ်းလျှောတာကို ကာကွယ်ကုသပေးနိုင်ပါတယ်။ ပရိုဘိုင်အိုးတစ်ကို သောက်ရန်မသင့်သူတွေကတော့ အူထဲမှာ မှိုတွေပွါးနေတဲ့သူတွေ၊ အူထဲမှာ ဘက်တီးရီးယားပိုးတွေ အရမ်းပွားများနေသူတွေ၊ ခုခံအားသိပ်နည်းလွန်းတဲ့ သူတွေမှာ ပရိုဘိုင်အိုးတစ်တွေပေးဖို့မသင့်ပါဘူး။

နိဂုံးချုပ်အနေနဲ့ပြောရရင် ပရိုဘိုင်အိုးတစ် probiotic တွေဟာ ခန္ဓာတစ်ကိုယ်လုံး ကျန်းမာရေးအတွက် အလွန်တရာအရေးကြီးပါတဲ့ ကောင်းကျိုးပေးတဲ့ ဘက်တီးရီယားပိုးတွေဖြစ်ပြီး သဘာဝအလျောက်ရှိနေတဲ့ သဘာဝဆေးတွေပဲဖြစ်ပါတယ်။ ပရိုဘိုင်အိုတစ်တွေ အများကြီးပါဝင်တဲ့ အစားအသောက်တွေ များများစားသုံးခြင်းဖြင့် ကျန်းမာစွာနေထိုင်ပါ။ ခန္ဓာမှာမလုံလောက်ရင် ဆေးအဖြစ်ဖန်တီးထားတဲ့ ပရိုဘိုင်အိုးတစ်တွေကို သောက်သုံးသင့်ပါတယ်။

See More

ပရိုဘိုင်အိုးတစ် (၁) (Probiotic)

ပရိုဘိုင်အိုးတစ် (၂) (Probiotics)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top