Healthy Life Ad
International

ပထမဦးဆုံး နှုတ်ခမ်း အပေါ်အောက်တစ်စုံလုံးကို အစားထိုးအောင်မြင်ခဲ့သူ

၊ ကိုထက် ၊

အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ အဲလတ်စ်ဟာ အရေပြား ပျက်စီးသွားစေနိုင်လောက်အောင် ပြင်းထန်တဲ့ ရောဂါပိုးကူးစက်မှုကို ခံခဲ့ရပါတယ်။ ဒီရောဂါပိုးက သူရဲ့ခြေတွေလက်တွေကိုသာမက နှုတ်ခမ်းသားတွေကိုပါပျက်စီးစေခဲ့ပါတယ်။ ပျက်စီးသွားတဲ့ နှုတ်ခမ်းနေရာတွေကို သူရဲ့ပခုံးသားတွေ နဲ့အစားထိုးပေးခဲ့ပြီး ပထမဦးဆုံး အပေါ်အောက်နှုတ်ခမ်းတစ်စုံလုံးကို အသားပြားတစ်ခုတည်းနဲ့ အစားထိုးအောင်မြင်ခဲ့သူအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ အဲလတ်စ်ဟာ နှစ်ပတ်ခန့်ဖျားနေခဲ့ပြီး သာမန်တုပ်ကွေးဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။ တစ်ညမှာတော့ တရေးနိုး အပေါ့သွားရာ ဆီးထဲမှာ သွေးတွေပါတာကို တွေ့ခဲ့ရပြီး နောက်တစ်နေ့ မနက်အိပ်ရာကနိုးချိန်မှာတော့ သူရဲ့အရေပြားနေရာ တော်တော်များများဟာ ခရမ်းရောင်ပြောင်းပြီး ခြေတွေလက်တွေက လှုပ်လို့မရတော့ဘဲ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အဲလတ်စ်ဟာ ဆေးရုံကိုအလျင်အမြန်ရောက်ရှိလာခဲ့ပါတယ်။

အဲလတ်စ်ဟာ သွေးဆိပ်အပြင်းအ ထန်တက်စေနိုင်တဲ့ ရောဂါပိုး၃မျိုးကူးစက်ခြင်းခံခဲ့ရတာဖြစ်ပြီး တစ်မျိုးစီမှာ ပြင်းထန်တဲ့ ကိုယ်တွင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေကာ ၃မျိုး ပေါင်းသွားတဲ့အတွက် အလွန်ပြင်းထန်တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ အဲလတ်စ်ဟာ အသက်ရှင်နိုင်ခြေ ၃ ရာခိုင်နှုန်းသာရှိတယ်လို့ ဆရာဝန်တွေသုံးသပ်ခဲ့ကြပါတယ်။ ဆေးရုံတက်ချိန် ၆ လခွဲအတွင်းမှာ ခွဲစိတ်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့ရပြီး ခြေနှစ်ဖက်လက်နှစ်ဖက်အပြင် ပျက်စီးသွားတဲ့ နှုတ်ခမ်းသားကိုလည်း ခွဲထုတ်လိုက်ရတဲ့အတွက် အဲလတ်စ်ရဲ့အခြေအနေဟာ တိုက်ပွဲမှာ ဗုံးဒဏ်ခံခဲ့ရတဲ့သူလို ခန္ဓာကိုယ်အပြင်ပိုင်း တော်တော်များများ ထိခိုက်ပျက်စီးနေပြီး ပြန်လည်ကောင်းမွန်လာဖို့ အချိန်အလွန်အမင်းကြာနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ပိုးတွေဟာ ခြေတွေ၊ လက်တွေမှာ အရင်ပြန့်နှံ့ခဲ့ပြီး ၃ရက်အတွင်းမှာ ခြေထောက်နှစ်ဖက်လုံး အမည်းရောင်ဖြစ်သွားပြီးသုံးမရတော့ပါဘူး။ ပိုးတွေပိုပြီးပြန့်မလာအောင် မတားဆီးနိုင်တဲ့အတွက် ဆရာဝန်တွေက ပိုးရှိတဲ့နေရာတွေကို ဖြတ်ထုတ်ပစ်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ ပိုးတွေဟာ မျက်နှာပိုင်းတွေကို ရောက်လာချိန်မှာလည်း နှာခေါင်းအရင်းပိုင်းတွေ၊ နှုတ်ခမ်းတွေပိုးကူးသမျှနေရာတိုင်းကို ဖြတ်ထုတ်ခဲ့ပါတယ်။

အဲလတ်စ်ရဲ့မိသားစုဟာ ကြည့်ရအလွန်ဆိုးနေတဲ့အဲလတ်စ်နားမှာနေပြီး နှုတ်ဆက်ချိန်ကိုသာ စောင့်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲလတ်စ်ရဲ့ပျက်စီးသွားတဲ့ အပိုင်းတွေကိုဖြတ်ထုတ်ပြီး ရောဂါပိုးတွေ ကုန်သွားတဲ့အထိ ကုသမှုကိုခံယူရင်းသက်သာလာတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲလတ်စ်ရဲ့နှုတ်ခမ်းနေရာမှာ အစားထိုးပစ္စည်းတစ်ခုကို ၉ လကြာအောင် ချုပ်ထားခဲ့ရပါတယ်။ အဖျားပျောက်သွားချိန်မှာတော့ ပျက်စီးသွားတဲ့ မျက်နှာကို အရေပြားအစားထိုးကုသဖို့ စီစဉ်ရပါတော့တယ်။

“တစ်ကိုယ်လုံးမှာ ပခုံးသားတွေကပဲ ကောင်းကောင်းကျန်နေတဲ့အတွက် ပခုံးသားကိုပဲ အသုံးပြုခဲ့ရပါတယ်။ ပထမ အဆင့်အနေနဲ့ကတော့ အသားပြားလိုက်ကို နှုတ်ခမ်းနေရာမှာ အရင်ကပ်ပေးခဲ့ရပါတယ်၊ နောက်မှတဖြည်းဖြည်းချင်း နှုတ်ခမ်းသားလိုဖြစ်အောင် ပြုပြင်ခဲ့ရပါတယ်”လို့ ကုသမှုပေးခဲ့တဲ့ ဆရာဝန်ကပြောပြပါတယ်။

ပခုံးအရေပြားတစ်ခုတည်းနဲ့ နှုတ်ခမ်းတစ်စုံလုံးကို အစားထိုးတာ ဒါပထမဆုံး ဖြစ်တယ်လို့လည်းသိရပါတယ်။ ပခုံးသားတွေဟာ မျက်နှာရှိအသားတွေနဲ့ အဆီပါဝင်နှုန်းနဲ့ တခြားမတူညီတာတွေရှိတဲ့ အတွက် ခွဲစိတ်မှု ၆ခါပြုလုပ်ပြီး နှုတ်ခမ်းသားဖြစ်လာအောင် ပြုပြင်ခဲ့ကြရပါတယ်။ နှုတ်ခမ်းသားတွေအဆင်သင့်ဖြစ်သွားချိန် မှာတော့ အမြင်ကြည့်ကောင်းစေဖို့ မျက်နှာပြုပြင်ဆရာဝန်တွေက နှုတ်ခမ်းနေရာကို တက်တူးထိုးပြီးပုံဖေါ်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။ အခုအခါမှာတော့ နှုတ်ခမ်းတွေဟာ ရုပ်လုံးပေါ်နေပြီဖြစ်ပြီး သွေးစီးဆင်းမှုတွေလည်း ပုံမှန်ဖြစ်သွားပြီဖြစ်တယ်လို့သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top