Healthy Life Ad
Health Tips

ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း (Exercise after Surgery)

———၊ ဒေါက်တာတင့်ဆွေ ၊———

ဆရာရှင့် ဗိုက်ခွဲပြီး ကလေးမွေးထားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်အချိန်လောက်မှာ လေ့ကျင့်ခန်း စလုပ်နိုင်ပါသလဲ။ ဝိတ်ချတာ ဘယ်လိုနည်းနဲ့ ချနိုင်ပါမလဲ။ အခု ဒုတိယကလေးကို ခွဲမွေးတာ အတွင်းအနာက အခု ၂ လခွဲအထိ သိပ်မကျက်ချင်ဘူး ဖြစ်နေတယ်။ စမ်းမိရင် နာနေတုန်းပါပဲ။ အတွင်းချုပ်ရိုးက အနားစပ်မှာ လုံးလုံးလေး ဖြစ်နေတယ်။ ပြဿနာများ ရှိနိုင်မလားဆရာ။ သားဦးတုန်းကတော့ ဘာမှမနာခဲ့သလိုပါပဲ။ သူငယ်ချင်းလည်း သူ့ဒုတိယကလေး ၂ နှစ်ကျော်တာတောင် နာနေတုန်းလို့ ပြောပါတယ်။ ပြီးတော့ ဗိုက်ခွဲကလေးမွေးတဲ့အခါ ချုပ်ရိုး ၃ ခါချုပ်ရတယ်လို့ ကြားဖူးပါတယ်။ အသေးစိတ် ဖြေကြားပေးနိုင်မလားရှင့်။

ကိုယ်အလေးချိန်ချတာကို သပ်သပ်ရေးထားပါတယ်။

ချုပ်ရိုးမှာ လုံးလုံးလေးတွေလို စမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ချည်၊ အောက်ကအလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး(ကက်ဂတ်)တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာ ဖြစ်ပါမယ်။ ကြာလေ အသားကျလေဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလိုပန်းရောင်၊ အနီရောင်နေရာလေးတွေရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။

ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွားတာဆိုရင် သားအိမ်ကိုလည်း ၃ ထပ်ချုပ်ပေးရတယ်။ နာတာမှာ ခံစားမှုမတူတာရှိတယ်။ ဗိုက်ကို တခါမကခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ “Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ်” စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။ ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျပြောနိုင်တယ်။

အနာ၊ ဒဏ်ရာနဲ့ခွဲစိတ်နာတွေက အပေါ်ယံအရေပြားကျက်ဖို့ (၈) ရက်ထက် မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာ ကြတယ်။ ချုပ်ရိုးဖြေတဲ့ရက်တွေ ဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။ အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလည်း ရက်တူလောက်မှာ အနာကျက်ပါတယ်။ အကြမ်းဖျဉ်းနှစ်ပတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာမဟုတ်ရင် ပြောတာဖြစ်ပါတယ်။ ဗိုက်ကို အကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက် တွေ့ရဖူးတယ်။ အဲလိုလူမျိုးကတော့ ပိုစောင့်ရမယ်။

ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေး ပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာ စတဲ့ တချို့ခြွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။ အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေ လုပ်စေတယ်။ လမ်းလျှောက်နိုင်တာလည်း ရက်မကြာပါ။ လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပျော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။ ၄ ပတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာ ဖြစ်ပါတယ်။ လက်ကိုခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ရပါတယ်။

အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွားလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပတ်ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း၊ ဆီးလမ်းအားကောင်းစေဖို့ လုပ်နည်းကို ဆိုလိုတာပါ။ လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမယ့်ဆေးတွေလည်း ကူသင့်တယ်။ ဥပမာ-မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တစ်ရှူး)တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း)ဓာတ်မနည်းစေရပါ။ ကြွက်သားအားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ ဗီတာမင်(စီ)လဲ ၅၀ဝ မီလီဂရမ်သောက်တာ ကောင်းပါတယ်။

Most Popular

Healthy Life Ad
To Top