Healthy Life Ad
Health Tips

သင့်သွားတွေကို ကျန်းမာဖြူစင်စေလိုပါသလား

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

သွားကျန်းမာဖြူစင်တာက သင်စားသမျှ အစားအစာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးအပေါ် အကောင်းအဆိုး သက်ရောက်မှုရှိတဲ့ အစာတွေကို ဖော်ပြလိုက်ပါတယ်။

သွားနှင့် သွားဖုံးကျန်းမာစေမည့်အစားအစာ

သွားဆရာဝန်တွေက သွားနဲ့ သွားဖုံး ကျန်းမာစေဖို့ အောက်ပါ အစားအသောက်တွေ စားပေးဖို့ အကြံပြုထားပါတယ်။

(၁) မုန်လာဥနီ
ကာရိုတင်းက ခံတွင်းနဲ့သွားဖုံးရှိ အချွဲမြှေး တွေအတွက် အကျိုးရှိပြီး သွားကြွေလွှာကို သန်စွမ်းစေပါတယ်။ မုန်လာဥနီစားတာကြောင့် သွားကျန်းမာစေပြီး သွားချေးဖတ်ကင်းစင်ကာ သွားဖုံးတွေကို နှိပ်နယ်သလို ဖြစ်စေပါတယ်။

(၂) ငါး
သွားတွေခိုင်ခံ့သန်စွမ်းဖို့ ကယ်လ်ဆီယမ်အပြင် ဖော့စ်ဖရပ်စ်လည်း လိုပါတယ်။

(၃) တရုတ်နံနံ
တရုတ်နံနံမှာလည်း ကယ်လ်ဆီယမ်ပါဝင်တာကြောင့် သွားတွေကို အနံ့အသက်ကင်းစင်ပြီး ကျန်းမာစေပါတယ်။

(၄) ပန်းသီး
ပန်းသီးစားတာကြောင့်သွားဖုံးကို နှိပ်နယ်သလို ကျန်းမာစေပြီး သွားချေးဖတ်ကင်းစင်စေကာ ခံတွင်းနံ့သင်းပျံ့စေပါတယ်။

(၅) ကီဝီသီး
ကီဝီသီးမှာ ဗီတာမင်စီပါဝင်မှုများပါတယ်။ ဗီတာမင်စီနည်းနေရင် ကော်လာဂျင်ထုတ်လုပ်မှု လျော့ကျကာ သွားဖုံးကနေ သွေးစတင်ထွက်လာပါလိမ့်မယ်။

(၆) ကြက်သွန်နီ
ကြက်သွန်နီမှာ သဘာဝပိုးသတ်အစွမ်းရှိတာကြောင့် ခံတွင်းထဲကအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။

(၇) နှမ်း
နှမ်းကလည်း သွားချေးဖတ်ကို ကောင်းကောင်း ဖယ်ရှားပေးကာ သွားကြွေလွှာကို သန်စွမ်းစေပါတယ်။

(၈) ဒိန်ခဲ
ဒိန်ခဲမှာ ဆားနည်းနည်းနဲ့ ကယ်လ်ဆီယမ်များများပါဝင်ကာ ခံတွင်းထဲက သဘာဝစံအဆင့်ကို ဟန်ချက်ညီစေပါတယ်။

(၁၀) လက်ဖက်စိမ်းရေနွေးကြမ်း
လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့ ကက်တီချင်က သွားပိုးပေါက်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပြီး ခံတွင်းရနံ့သင်းပျံ့စေပါတယ်။

သွားများကို အစွန်းအထင်းထင်စေနိုင်သည့် အစာ
သွားအရောင်တွေကို စွန်းထင်စေနိုင်တဲ့ အစာတွေ ရှိပါတယ်။ အဲဒီအစာတွေ စားပြီးရင် သွားဖြူစင်စေဖို့ ပြန်လုပ်ဆောင်ပေးသင့်တာတွေ ရှိပါတယ်။

လက်ဖက်ရည်နှင့် ကော်ဖီ
ရေနွေးကြမ်းအဖြူနဲ့ လက်ဖက်စိမ်းရေနွေးကြမ်း က သွားအရောင်ပေါ် သက်ရောက်မှုအနည်းဆုံးပါ။ လက်ဖက်ရည်၊ ကော်ဖီသောက်ပြီး သွားမှာ အစွန်းအထင်းထင်နေရင်နည်းနည်းကြာတဲ့အခါ နွားနို့သောက် လိုက်ပါ။ အစွန်းအထင်းပျက်ပြယ်သွားစေပါတယ်။

ဝိုင်နီ
ဝိုင်ရဲ့ အရောင်နဲ့ တန်နင်ဓာတ်ပါဝင်မှုမြင့်မားတာက သွားအရောင် ပြောင်းလဲစေနိုင်ပါတယ်။ ဝိုင်နီသောက်ပြီးနောက် ခံတွင်းကို ရေသန့်နဲ့ ပလုတ် ကျင်းပေးလိုက်ပါ။ ချက်ချင်း သွားမတိုက်သင့်ပါဘူး။

သစ်သီး Juice
သစ်သီး Juice မှာ အက်စစ်ဓာတ် ပါဝင်တာကြောင့် သွားကြွေလွှာကို အားနည်းစေနိုင်ပါတယ်။ စတော်ဘယ်ရီနဲ့ ဟင်းသီးဟင်းရွက်တွေစားရင် တံတွေးအထွက်နှုန်း မြန်ပြီး သွားမှာစွန်းထင်းတဲ့ အစွန်းအထင်းကို ပျက်ပြယ်စေပါတယ်။

ဥနီ (Beetroof)
ဥနီမှာ ပါတဲ့ ခရိုမိုဂျန်က သွားကို ဝါစေနိုင်ပါတယ်။ ရေနဲ့ ပလုတ်ကျင်းပေးပါ။

ဟင်းခတ်အမွှေးအကြိုင်များ
နနွင်းမှုန့်လို ဟင်းခတ်အမွှေးအကြိုင်တွေက သွားအရောင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီအချိန်မှာ လက်ဖက်စိမ်းရေနွေးကြမ်းထဲ သံပရိုသီးညှစ်ကာ သောက်ပေးပါ။

ပဲပိစပ်ဆော့စ်
သွားမှာ အရောင်ရင့်တဲ့ အစွန်းအထင်းထင်စေနိုင်ပါတယ်။

အရောင်ရှိဆော်ဒါအချိုရည်များ
အရောင်ရှိတဲ့ဆော်ဒါအချိုရည်မှာ ဓာတုပစ္စည်းပါတဲ့အတွက် သွားအရောင်ပြောင်းပြီး သွားကြွေလွှာ ထိခိုက်စေနိုင်ပါတယ်။


သွားအရောင်ချွတ်ပေးသည့် သဘာဝအစာများ

သစ်တော်သီး-ဒီသစ်သီးက သွားဖုံးကို နှိပ်နယ်ပေးပြီး သွားချေးဖတ်ကင်းစင်စေပါတယ်။

ဖရုံသီး-အကောင်းဆုံး သဘာဝကြေး ချွတ်တဲ့ သစ်သီးပါ။

စတော်ဘယ်ရီသီး-တောက်ပတဲ့ အရောင်ရှိပေမယ့် စတော်ဘယ်ရီသီးက သွားဖြူစေတဲ့ အစွမ်းရှိပါတယ်။

ပန်းသီး-အက်စစ်ပါတဲ့အတွက် သွားချေးဖတ်ကို ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း-ပန်းဂေါ်ဖီစိမ်းက သွားမှာ စွန်းထင်းတဲ့ အမည်းစက်ကို ဖယ်ရှားပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းကို လတ်လတ်ဆတ်ဆတ် စားသင့်ပါတယ်။

တရုတ်နံနံ-ကြေးချွတ်အစွမ်းရှိပြီး သွားချေးဖတ်ကင်းစင်စေကာ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။

လိမ္မော်သီး-လိမ္မော်သီးမှာပါတဲ့ စစ်ထရစ် အက်စစ်က သွားဖြူစေပါတယ်။ ဒါပေမဲ့ သွားကျဉ်တတ်ရင် သတိပြုရပါမယ်။

တရုတ်နံနံ-တစ်ခုခုစားပြီး တရုတ်နံနံကို စားပေးလိုက်တာက သွားတွေကို ဖြူစင်သွားစေပါတယ်။


ခံတွင်းနံ့ထွက်စေသော အစာ
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဝိုင်နီ၊ ချိစ်(ဒိန်ခဲ)၊ သကြားလုံး၊ ကော်ဖီ၊ ချဉ်တဲ့ အစာ၊ ငါး စတာတွေက ခံတွင်းနံ့ထွက်စေပါတယ်။
ခံတွင်းနံ့ပြယ်စေတဲ့ အစာတွေက ပန်းသီး၊ သစ်ကြံပိုးခေါက်၊ ချယ်ရီသီး၊ ပင်စိမ်း၊ ဟင်းနုနယ်ရွက်၊ ဖရဲသီး၊ လက်ဖက်စိမ်းရေနွေးကြမ်းတို့ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top