Healthy Life Ad
Health Tips

အစာစားတိုင်း သွားကြားညပ်နေလျှင်

စူး (ဆေးဝါးတက္ကသိုလ်)

အစာစားတိုင်း သွားကြားညပ်တာက သွားအနေအထားကြောင့်လည်း ဖြစ်တတ်သလို အသက်ကြီးလာလို့လည်း ဖြစ်နိုင်ပါတယ်။ သွားကြားညပ်ရတဲ့ အကြောင်းရင်းဟာ အမျှင်ပါတဲ့အစားအစာကို စားတာရယ်၊ သွားက မကျဲတကျဲအနေအထားဖြစ်နေတာရယ်ကြောင့် သွားကြားညပ်ရတာပါ။

သွားကြားညပ်ခြင်း ကင်းစေရန်
စားထားတဲ့ အစာတွေက သွားထဲမှာ ညပ်နေတတ်ပါတယ်။ ဒီတော့ စားကြွင်းစားကျန် မကျန်အောင် သွားတိုက်တာ၊ ပလုတ်ကျင်းတာ၊ သွားကြား ထိုးကြိုးသုံးတာ၊ သွားတိုက်တဲ့အခါ သွားတိုက်နည်းစနစ်မှန်တာ၊ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်တာ၊ ကြာကြာ ဝါးမယ့် သွားအရိုးကြည့်ရှောင်ဆိုသလို မာတဲ့ အစားအစာကို တတ်နိုင်သမျှ ရှောင်တာ၊ အချဉ်ကို စားရင်လည်း သွားမျက်နှာပြင်မှာ ကြာကြာမထားတာ၊ နုတ်ထားတဲ့ သွားရှိရင်လည်း ပြန်လည်အစားထိုးပြုပြင်တာနဲ့ ချိုပြီး စေးကပ်တဲ့ အစားအစာကို ကြိမ်ဖန်များစွာ မစားတာစတဲ့ အချက်တွေကို လိုက်နာရပါမယ်။

သွားကြားထိုးတံဖြင့် သွားကြားထိုးလျှင်
သွားကြားညပ်တဲ့ အကြောင်းက သွားနှစ်ချောင်းက မကျဲတကျဲဖြစ်နေလို့ ညပ်တာပါ။ သွားက လုံးဝစေ့နေရင် လုံးဝ မညပ်နိုင်ပါဘူး။ သွားက မကျဲတကျဲ အနေအထားရှိရင်၊ စားတဲ့ အစားအစာက မကျက်တကျက်ဖြစ်ရင်၊ အသီး အရွက်တွေစားရင် သွားကြားညပ်တတ်ပါတယ်။ သွားကြားညပ်တဲ့အခါ လူတွေက သွားကြားထိုးတတ်ပါတယ်။ သွားကြားထိုးတဲ့အခါ အခန့်မသင့်ရင် သွားကြားထိုးတံက သွားထဲ ကျိုးကျန်ခဲ့ပါက ရောဂါပိုးဝင်တတ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ သွားကြားညပ်တဲ့ ပြဿနာကို သွားကြားပွတ်ကြိုးနဲ့ ဖြေရှင်းလို့ရပါတယ်။

သွားကြားရှိ စားကြွင်းစားကျန်များ ဖယ်ရှားနည်း
သွားကြားတွေမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေကို မဖယ်ရှားရင်တော့ စားကြွင်းစားကျန်က အချဉ်ပေါက်ပြီး အက်စစ်ဖြစ်လာပါတယ်။ အဲဒီအက်စစ်ကနေ သွားမျက်နှာပြင်တွေစားပြီး သွာပိုးစား ရောဂါဖြစ်ပါမယ်။ ဒီသွားပိုးစားရောဂါကိုမှ မကုသခဲ့ရင်တော့ သွားကိုက်၊ သွားနာတာတွေ၊ အစာစားမရတာတွေ၊ သွားဖုံး ရောင်တာ၊ မျက်နှာမေးရိုး ရောင်တာ၊ ပါးစပ်ဟ မရတာ၊ အိပ်လို့မရတာ၊ အဖျားတွေ ဝင်လာတာဖြစ်လာပြီး နောက်ဆုံးအဆင့်မှာတော့ သွားနုတ်လိုက်ရပါတယ်။ ဒါဟာ စားကြွင်းစားကျန်မဖယ်ရှားတာရဲ့ ဆိုးကျိုးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top