Healthy Life Ad
Health Tips

ပိုးမွှားကပ်ညိမှုအများဆုံးဖြစ်သည့် အများပြည်သူနှင့် ဆိုင်သောနေရာများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အအေးမိ၊ တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ နှာချေ၊ ချောင်းဆိုးရာကနေ အသုံးအဆောင်တွေပေါ်ကပ်ငြိရာမှ၊ နှာချေ၊ ချောင်းဆိုးတာကို ကာလိုက်တဲ့လက်နဲ့ အသုံးအဆောင်တွေကို ထိတွေ့မိရာမှ ရှိနေတတ်ပါတယ်။ အဲဒီအသုံးအဆောင်တွေကို တခြားလူက ထိတွေ့မိပြီး နှာခေါင်း၊ ပါးစပ်ကနေတစ်ဆင့်အသက်ရှူ လမ်းကြောင်းတစ်လျှောက်ဝင်ရောက်ရာက ဖျားနာတတ်ပါတယ်။ ဒါကြောင့် ပိုးမွှားကပ်ညိမှုအများဆုံးဖြစ်တဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို သိထားစေဖို့ဖော်ပြပေးလိုက်ပါတယ်။

(၁) လှေကားလက်ရမ်း

(၂) ဓာတ်လှေကားခလုတ်

(၃) စူပါမားကတ်ရှိ လက်တွန်းလှည်းလက်ကိုင်

(၄) စားသောက်ဆိုင်က မီနူးကတ်

(၅) ငွေစက္ကူ

(၆) အများသုံးနေရာရှိ မီးခလုတ် (ဥပမာ- ရေချိုးခန်းမီးခလုတ်၊ အိမ်သာမီးခလုတ်)

(၇) စားသောက်ဆိုင်ရှိ ဆားဗူး၊ ငရုတ်ကောင်းဗူး

(ဂ) ရေဘူးနှိပ်တဲ့ လက်ကိုင်

(၉) အားကစားခန်းမက အားကစားကိရိယာအသုံးအဆောင်များ

ဒီနေရာတွေမှာ ပိုးမွှားတွေကပ်ငြိမှုများတာကြောင့် ဒီနေရာတွေကို မထိတွေ့အောင် ရှောင်လွှဲမယ်လို့များ တွေးမိပါသလား။ ဒါလည်း တကယ်တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီလိုအများသုံးနေရာတွေကို သုံးပြီးထိတွေ့မိပြီးတဲ့အခါ သင့်မှာ ပိုးမွှားကပ်ငြိမှုနည်းအောင် အောက်ပါအချက်တွေကို လိုက်နာပေးပါ။

– လက်ကိုစင်ကြယ်အောင် ဆေးကြောပါ

အစားအသောက်တွေကို မချက်ပြုတ်ခင်၊ မစားသောက်ခင်နဲ့ မျက်ကပ်မှန်မထည့်ခင်မှာ လက်ကိုစင်ကြယ်အောင် ဆေးကြောပါ။ ဟင်းချက်ပြီးတဲ့အခါ၊ အိမ်သာသွားပြီးတဲ့အခါ၊ အိမ်မွေးတိရစ္ဆာန်တွေကို ပွတ်သပ်ပြီးတဲ့အခါ၊ နှာချေ၊ ချောင်းဆိုးတာကို လက်နဲ့ကာမိတဲ့အခါ၊ နှာခေါင်းကိုကိုင်ပြီးတဲ့အခါတွေမှာ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ ရေသုံးကာဆေးကြောပါ။

– ရေမလိုသော လက်ဆေးဆပ်ပြာရည်ကိုဆောင်ပါ

သင့်အနေနဲ့ အများသုံးနေရာတွေကို သွားရောက်ပြီး သင့်လက်ကို မသန့်ရှင်းဘူးလို့ ခံစားရတဲ့အခါတွေမှာ ရေမလိုဘဲအလွယ်တကူသုံးလို့ရအောင် အယ်လ်ကိုဟောအခြေခံ လက်ဆေးဆပ်ပြာရည်ကို ဆောင်ထားပါ။ ဒီဆပ်ပြာရည်ဟာ ပိုးမွှားတွေကို သေစေတာကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် အဆင်ပြေစွာ သုံးနိုင်ပါတယ်။

– မျက်နှာကို လက်နှင့်မထိသင့်ပါ

သင့်အနေနဲ့ လက်ကိုဘယ်လောက်ပဲဆေးဆေး၊ အများနဲ့ဆိုင်တဲ့နေရာတွေကို ရောက်နေချိန်မှာ သင့်လက်မှာ ပိုးမွှားတွေကပ်ညိနေနိုင်ပါတယ်။ ပိုးမွှားပါတဲ့လက်နဲ့ မျက်စိ၊ နှာခေါင်း၊ နှုတ်ခမ်းစတာတွေကို ပွတ်သပ်မိရင် ပိုးမွှားတွေက သင့်ခန္ဓာကိုယ်ထဲကို အလွယ်တကူရောက်ရှိသွားနိုင်ပါတယ်။

– အများသုံးချိုချဉ်ဘူးကို လက်မနှိုက်သင့်ပါ

လက်ဆေးပါတယ်လို့ပြောတဲ့ လူ ၆၇ရာခိုင်နှုန်းအနက် သုံးပုံတစ်ပုံကသာ ဆပ်ပြာသုံးပြီး လက်ဆေးလေ့ရှိတာကြောင့် ဟိုတယ်တွေ၊ အရောင်းဆိုင်တွေမှာ တင်ထားတဲ့ချိုချဉ်ဘူးတွေကို ရှောင်သင့်တာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top