Healthy Life Ad
Life Style

ဖုန်းအသုံးများခြင်းကြောင့် ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး လက်ကိုင်ဖုန်း သုံးလာကြသလို လက်ကိုင်ဖုန်းအသုံးများတာကိုလည်း တွေ့ရပါတယ်။ လက်ကိုင်ဖုန်းအသုံးများတာကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. အခုခေတ်ကတော့ လူအတော်များများက လက်ကိုင်ဖုန်းတွေ၊ တက်ဘလက်တွေ အသုံးများလာကြပါတယ်။ အဲဒီလို အသုံးပြုမှုများလာတဲ့အခါကျတော့ ခေါင်းကိုငုံ့ပြီး ကြာကြာသုံးတဲ့အတွက် ဇက်နာတယ်၊ ဇက်ကြောတက်တယ်၊ ခေါင်းကိုက်တယ် စတာတွေဖြစ်တတ်ပါတယ်။ တချို့တွေမှာ ခေါင်းကိုက်တဲ့ ဝေဒနာကိုဆိုးဆိုးရွားရွား ဖြစ်တာတွေ့ရပါတယ်။ ခေါင်းကိုက်တာတင်မက မျက်နှာပါကိုက်တာ၊ ပခုံးတွေပါကိုက်တာ(ပခုံးတစ်ဖက်ကိုက်တာ၊ နှစ်ဖက်ကိုက်တာ)စတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို ပခုံးကိုက်ရုံတင်မက လက်မောင်းကနေ တောက်လျှောက်တကြောလုံးထုံတာ ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် မျက်နှာတွေမှာပါ ဖြန်းဖြန်း ဖြန်းဖြန်းနဲ့ ထုံသွားတာတွေတောင် ဖြစ်တတ်ပါတယ်။

တချို့တွေမှာဆိုရင် ဖုန်းအသုံးများပြီး ခေါင်းကိုက်တဲ့ ဝေဒနာသာမက မူးတာပါ တွဲဖြစ်တတ်ပါတယ်။ ဒါကိုဇက်ကျီးပေါင်းတက်တယ်၊ လည်ပင်းကျီးပေါင်းတက်တယ်လို့ ယေဘုယျခေါ်ပါတယ်။ အရင်တုန်းက လည်ပင်းကျီးပေါင်းတက်တယ်ဆိုရင် အသက်ကြီးမှဖြစ်လေ့ရှိကြတယ်။ အခုနောက်ပိုင်း နည်းပညာတိုးတက်လာတော့ ဖုန်းတွေ၊ တက်ဘလက်တွေသုံးရင်း သုံးရင်းနဲ့ အသုံးများလာတဲ့အခါ အသက် ၃၀ ပတ်ချာလည်လောက်မှာတင် ဇက်ကြောတက်တယ်၊ ခေါင်းကိုက်တယ်၊ မျက်ရိုးကိုက်တယ်၊ ပခုံးနာတယ် စသဖြင့် စတင်ပြတတ်ပါတယ်။

မေး. ဒီလိုဝေဒနာတွေက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ဖြစ်ရတဲ့အကြောင်းရင်းက လည်ဆစ်ရိုးနှစ်ခုကြားမှာ ချစ်ပ်ပြားလေးရှိတယ်။ အဲဒါလေးက ကွေးဖို့၊ ဆန့်ဖို့ အဆင်ပြေအောင် လုပ်ပေးထားတယ်။ အဲဒီချစ်ပ်ပြားလေးက ချော်ထွက်သွားတာ ဒါမှမဟုတ် ပိုပြားသွားတာ ဒါမှမဟုတ် ရေဓာတ်ခမ်းခြောက်သွားတာကြောင့် ဝေဒနာတွေဖြစ်တတ်ပါတယ်။ တစ်ခါတလေကျရင် အရိုးအဆစ်နှစ်ခုကြားမှာ အရိုးအတက် သေးသေးလေးတွေ ထွက်လာတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

မေး. ဖုန်းအသုံးများလို့ဖြစ်ရတဲ့ ဇက်ကြောတက်၊ လည်ပင်းနာတဲ့ ဝေဒနာသက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ဆရာ။

ဖြေ. ဒီလိုဇက်ကြောတက်တာ၊ လည်ပင်းနာတာတွေ သက်သာအောင် အကိုက်အခဲပျောက်ဆေးသောက်လို့ရတယ်။ တချို့လည်း အာရုံကြောအားဆေးနဲ့ တွဲသောက်လေ့ရှိကြပါတယ်။ အထူးသဖြင့် ပြုလုပ်သင့်တာကတော့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ခေါင်းနဲ့ ပခုံးလေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ တစ်ခါတလေ ကိုက်ခဲတဲ့ လည်ကုပ်နေရာကို ရေခဲဖတ် ဒါမှမဟုတ် ရေနွေးအိတ်ကပ်ပေးရပါမယ်။ တချို့ဆိုးဆိုးရွားရွား ဖြစ်တဲ့သူတွေဆိုရင် ရေနွေးနဲ့ ရေချိုးခိုင်းပါတယ်။ အိပ်ရေးပျက်သိပ်မခံပါနဲ့၊ အအေးသိပ်မခံပါနဲ့။ တချို့လည်းကြပ်ထုပ်ထိုးတာတွေ လုပ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနည်းတွေနဲ့ မသက်သာဘဲ ကိုက်ခဲနာကျင်နေတယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းကို ပြသသင့်ပါတယ်။ လိုအပ်ရင် ဓာတ်မှန်ရိုက်စစ်ဆေးရပါမယ်။

ဖုန်းအသုံးများတာကြောင့် ဇက်ကြောတက်၊ လည်ပင်းနာ၊ ခေါင်းကိုက်ဝေဒနာတွေဖြစ်နေပြီဆိုရင် ခေါင်းကို ဆတ်ခနဲခါတာတွေ မလုပ်ပါနဲ့။ ခေါင်းအုံးအမြင့်နဲ့ မအိပ်ပါနဲ့။ နေထိုင်တဲ့အခါ ခါးကို မတ်မတ်ထားပေးပါ။ အိပ်ရင်လည်း အနေအထားမှန်မှန် အိပ်စက်အနားယူပေးပါ။ ဖုန်းကို တတ်နိုင်သမျှ လျှော့သုံးပေးပါလို့ အကြံပြုချင်ပါတယ် . . .

မေး. ဒီအကြောင်းနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောပြပေးပါဦး ဆရာ။

ဖြေ. ဖုန်းအသုံးများတာကြောင့် ဇက်ကြောတက်၊ လည်ပင်းနာ၊ ခေါင်းကိုက်ဝေဒနာတွေဖြစ်နေပြီဆိုရင် ခေါင်းကိုဆတ်ခနဲ ခါတာတွေမလုပ်ပါနဲ့။ ခေါင်းအုံးအမြင့်နဲ့ မအိပ်ပါနဲ့။ နေထိုင်တဲ့အခါ ခါးကို မတ်မတ်ထားပေးပါ။ အိပ်ရင်လည်း အနေအထားမှန်မှန်အိပ်စက်အနားယူပေးပါ။ ဖုန်းကိုတတ်နိုင်သမျှ လျှော့သုံးပေးပါလို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top