Healthy Life Ad
Life Style

နွေပူပူတွင် အအေးမိခြင်း

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆောင်းရာသီနဲ့ မိုးရာသီလို အေးတဲ့ရာသီတွေမှာ အအေးမိဝေဒနာ ဖြစ်လွယ်တတ်ပါတယ်။ နွေရာသီမှာကော အအေးမိဝေဒနာရနိုင်ပါသလား ဆရာ။

ဖြေ. ဆောင်းရာသီနဲ့ မိုးရာသီမှာ အအေးမိဝေဒနာ ရလွယ်တတ်ပါတယ်။ ဒါပေမဲ့လည်း နွေရာသီမှာ အပြင်ပတ်ဝန်းကျင်က ဘယ်လောက်ပဲပူပူ Rino-virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် အအေးမိဝေဒနာ (Common Cold) ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကျနေတဲ့အခါ ပူပြင်းတဲ့ရာသီမှာ ပတ်ဝန်းကျင်က ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားပိုးတွေ ဝင်လာတဲ့အတွက် အအေးမိဝေဒနာ ဖြစ်တတ်ပါတယ်။

နွေရာသီမှာ အပြင်ပတ်ဝန်းကျင်က ဘယ်လောက်ပဲပူပူ Rino-virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် အအေးမိဝေဒနာ (Common Cold) ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကျနေတဲ့အခါ …

မေး. နွေပူပူမှာ အအေးမိဝေဒနာဖြစ်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. နှာစေးမယ်၊ ချောင်းဆိုးမယ်၊ တချို့တွေမှာ ရင်ကျပ်မယ် စတဲ့ အအေးမိဝေဒနာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ပူတာ၊ ဖျားတာလည်း ဖြစ်တတ်ပါတယ်။

မေး. နွေပူပူမှာ အအေးမိဝေဒနာကို ဘယ်လိုလူတွေက အဓိကခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. အထူးသဖြင့်ကိုယ်ခံအားကျတဲ့သူတွေ၊ အလုပ်ပင်ပန်းပြီး အိပ်ရေးမဝတဲ့သူတွေ၊ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ ဆီးချိုရောဂါလို နာတာရှည်ရောဂါရှိသူတွေ၊ အလုပ်ကြမ်းလုပ်ပြီး ချွေးထွက်များတဲ့သူတွေမှာ အအေးမိဝေဒနာ ဖြစ်နိုင်ခြေများပါတယ်။

မေး. အအေးမိဝေဒနာဖြစ်နေချိန်မှာ အမြန်ဆုံးသက်သာအောင် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. နွေရာသီမှာ ခေါင်းကိုက်တာ၊ နှာစေးတာ၊ ချောင်းဆိုးတာ စတဲ့ အအေးမိချင်သလိုလို ဝေဒနာတွေဖြစ်လာရင် အိမ်မှာကိုယ့်ဘာသာ ဆေးလေးတွေသောက်လို့ရပါတယ်။ ခေါင်းကိုက်ရင် အကိုက်အခဲပျောက်ဆေး သောက်တာမျိုး၊ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး သောက်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။ အရည်များများသောက်တာ၊ ဗီတာမင်စီပါဝင်မှုများတဲ့ အစားအသောက်တွေစားတာ၊ ကြက်စွပ်ပြုတ်ပူပူသောက်တာ၊ အိပ်ရေးဝ၀အိပ်စက်အနားယူတာ စတဲ့ နည်းလမ်းတွေကို လိုက်နာပေးရင်လည်း အအေးမိဝေဒနာကို အမြန်ဆုံးသက်သာစေပါတယ်။

မေး. နွေပူပူမှာ အအေးမိဝေဒနာမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်သင့်တယ်ဆိုတာကို အများပြည်သူကို အကြံပြုပေးပါဦး ဆရာ။

ဖြေ. အထူးသဖြင့် အကြံပြုချင်တာက လက်သန့်ရှင်းရေးပါ။ လက်သန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ လက်ကို အမြဲတမ်းသန့်စင်အောင်ဆေးဖို့ လိုပါတယ်။ လက်ဆေးဖို့ မလွယ်ကူတဲ့ နေရာတွေမှာဆိုရင် လက်ဆေးဂျဲလ် (Hand Gel) လေးတွေ ဆောင်ထားပြီး အဲဒါလေးပွတ်ပေးဖို့ လိုပါတယ်။

နောက်တစ်ခုက ရေများများသောက်ပေးဖို့ အရေးကြီးပါတယ်။ အစာအာဟာရ ပြည့်ဝအောင် စားပေးဖို့လိုပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးဖို့ လိုပါတယ်။ အားဆေးသောက်ချင်ရင် ဗီတာမင်စီပါတဲ့ အားဆေးမှီဝဲပေးဖို့လိုပါတယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ လိုပါတယ်။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချဖို့ လိုပါတယ်။ ဒီအချက်တွေကို လိုက်နာရင်တော့ နွေရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဝေဒနာမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နွေရာသီမှာ အပြင်ထွက်တဲ့အခါ ထီး ဒါမှမဟုတ် ဦးထုပ်ဆောင်းပါ။ အပူထဲကပြန်လာပြီး ချက်ချင်းရေချိုးတာ၊ ခြေထောက်ဆေးတာ ရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top