Healthy Life Ad
Health Tips

ခံတွင်းပျက်နေသလား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူတွေမှာ အရသာခံအဖုပေါင်း တစ်သောင်းကျော်ရှိနေကြပြီး အဲဒီအရသာခံအဖုတွေက လျှာ၊ အာခေါင်မိုး၊ ပါးစောင်၊ နှုတ်ခမ်းအပါအဝင် ခံတွင်းတစ်ခုလုံးအနှံ့ရှိနေကြပါတယ်။ ဒီအရသာခံအဖု တွေရှိတာက အစားအစာတွေ၊ သရေစာတွေကို သဘောကျစားသောက်နေကြတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ ကျွန်မတို့ စာသင်ကြားစဉ်က အရသာခံအာရုံမှာ ချို၊ ချဉ်၊ ငန်၊ ဖန်၊ ခါး ဆိုပြီး ငါးမျိုးရှိကြောင်း လေ့လာဖူးပါတယ်။ ဒါပေမဲ့ လူအများစုဟာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ပါးစပ်ထဲမှာ မကောင်းတဲ့ အရသာဖြစ်ပေါ်နေတယ်လို့ဆိုတတ်ကြပြီး (ခံတွင်းပျက်တယ်လို့ ပြောလေ့ရှိပါတယ်)အကြောင်းရင်းကိုတော့ တိတိကျကျ မသိကြပါဘူး။

ခံတွင်းပျက်ရသည့်အကြောင်းရင်
ခံတွင်းထဲမှာ အရသာခံအာရုံ ပြောင်းလဲပြီး ပုံမှန်မဟုတ်တဲ့ မကောင်းတဲ့ အရသာပေါ်ရတာက အောက်ပါ အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဆေးဝါးကုသမှု
ခံတွင်းထဲမှာ ဆိုးရွားတဲ့ အရသာကို ဖြစ်ပေါ်စေတာက တချို့ဆေးဝါးတွေကို သောက်သုံးတာကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဇင့်(Zinc)ပါတဲ့ ဆေးတွေ သောက်ရင်ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ကုသဆေးတွေနဲ့ အာရုံကြောအတွက် ဆေးတွေသောက်နေရင် ခံတွင်းထဲမှာ သတ္တုအရသာဖြစ်ပေါ်နေတတ်ပါတယ်။ ဒါ့အပြင် ကင်ဆာဆေးသွင်းကုသမှုခံယူတာလို အခြေအနေတွေကြောင့်လည်း ခံတွင်းထဲမှာ မကောင်းတဲ့အရသာ ဖြစ်နေတတ်ပါတယ်။

ခံတွင်းအနံ့ဆိုးထွက်ခြင်း
အရသာခံအာရုံကို စေ့ဆော်မှု ၇၅ ရာခိုင်နှုန်း နီးပါးဟာ အရသာခံအာရုံအပါအဝင် နာ့ဗ်ဆဲလ်တွေကနေ လာပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးထွက်နေတယ်ဆိုရင် ခံတွင်းထဲက အရသာခံအာရုံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပြီး ခံတွင်းပျက်တတ်ပါတယ်။

သွားနှင့် ခံတွင်းထိန်းသိမ်းမှု မကောင်းခြင်း
သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို အလေးမထားတာကြောင့် ခံတွင်းထဲမှာ မကောင်းတဲ့ အရသာဖြစ်ပေါ်တတ်ပါတယ်။ ကျွန်မတို့ စားလိုက်တဲ့ အစားအစာတွေကို ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်လိုက်ပါတယ်။ သွားနဲ့ သွားဖုံးကြားက စားကြွင်းစားကျန်တွေဟာ ခံတွင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို ရုတ်တရက်ကြီးထွားမှု ဖြစ်စေနိုင်တာကြောင့် ခံတွင်းအနံ့ဆိုးထွက်စေရုံသာမက ခံတွင်းထဲမှာ မကောင်းတဲ့အရသာကိုလည်း ဖြစ်ပေါ်စေပါတယ်။

ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိချိန်အတောအတွင်းမှာ ခံတွင်းထဲ မကောင်းတဲ့အရသာဖြစ်ပေါ်တတ်ပြီး ခံတွင်းပျက်တတ်ပါတယ်။ ဒီအချိန်မှာ အနံ့ခံအာရုံလည်းထိခိုက်နေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားတဲ့အခါ ခါးသက်တဲ့အရသာ ဖြစ်ပေါ်တတ်ပါတယ်။ အထူးသဖြင့် အစာစာပြီးချိန်မှာ ဖြစ်တတ်ပါတယ်။

ရောဂါများ
အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ဖျားတာ၊ နှာခေါင်းဝေဒနာစတာတွေလို ကျန်းမာရေးပြဿနာတွေကြောင့် ခံတွင်းထဲမှာမကောင်းတဲ့ အရသာဖြစ်ပေါ်တတ်ပါတယ်။ ဒီအခြေအနေက မှို၊ ဖုန် စတဲ့ ဓာတ်မတည့်မှုတွေကြောင့် ဖြစ်တတ်ပြီး အရသာခံအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါလို တခြား ကျန်းမာရေးအခြေအနေတွေကြောင့်လည်း အစာစားပြီးချိန်မှာ အရသာခံအာရုံကို ထိခိုက်စေနိုင်ကာအစာစားပြီးချိန်မှာ ခံတွင်းထဲ ဆိုးရွားတဲ့ အရသာဖြစ်ပေါ်တတ်ပါတယ်။ အစာအိမ်အတွင်းက အစာတွေအထက်ကို ပြန်လှန်တက်တဲ့အခြေအနေ(Acid Reflux)ကြောင့်လည်း ခံတွင်းထဲမှာ မကောင်းတဲ့အရသာဖြစ်ပေါ်တတ်ပါတယ်။

ခံတွင်းပျက်ခြင်းမဖြစ်စေရန် ကာကွယ်မှု

(၁) သွားနဲ့ ခံတွင်းသန့်စင်အောင် သေချာထိန်းသိမ်းပေးသင့်ပါတယ်။ သွားတွေကို နံနက်စာစားပြီးတစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် ပုံမှန်တိုက်ပေးပါ။ နေ့စဉ် သွားကြားထိုးကြိုးသုံးကာ သန့်စင်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

(၂) ခံတွင်းထဲမှာ ရေဓာတ်ပြည့်ဝပြီး အာမခြောက်အောင် ရေကို များများသောက်ပါ။ အာခြောက်နေရင်ခံတွင်းထဲမှာ မကောင်းတဲ့အရသာဖြစ်ပေါ်တတ်ပါတယ်။

(၃) ခံတွင်းကို ဆားရေနဲ့တစ်နေ့နှစ်ကြိမ်ပလုတ် ကျင်းပေးတာက ခံတွင်းသန့်ရှင်းရေးကောင်းမွန်စေပါတယ်။

(၄) သင်စားတဲ့ အစားအစာထဲ သစ်သီးဝလံတွေ နဲ့ ဟင်းသီးဟင်းရွက်အများအပြားပါဝင်ပါစေ။ လိမ္မော်သီး၊ သံပုရာသီး စတဲ့ ချဉ်တဲ့ သစ်သီးတွေကိုစားတာက တံတွေးထွက်နှုန်းတိုးစေပြီး ခံတွင်းထဲက မကောင်းတဲ့ အရသာကို လျော့ကျစေပါတယ်။

(၅) သင်သောက်နေတဲ့ ဆေးဝါးတွေကြောင့် ခံတွင်းအရသာ ပြောင်းလဲတယ်လို့ ထင်နေရင် ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးပြောင်းပေးနိုင်မလားဆိုတာကို တိုင်ပင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top