Healthy Life Ad
Life Style

ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်သော

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်နေရင် ကျောက်ကပ်ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာ သိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၁) နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း
ကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ ဆီးကနေ အဆိပ်အတောက်တွေ မထွက်နိုင်ဘဲ သွေးထဲမှာရှိနေတတ်ပါတယ်။ အဆိပ်အတောက်ပမာဏ မြင့်လာတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ခက်ခဲလာပါတယ်။
သတိပေးလက္ခဏာ နာတာရှည်ကျောက်ကပ် ရောဂါရှိသူတွေဟာ အိပ်စက်ချိန်မှာ အသက်ရှူခေတ္တရပ်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။ ပြီးရင် ဟောက်သံကျယ်ကျယ် ထွက်လာတတ်ပါတယ်။ အဆက်မပြတ်ဟောက်နေပြီဆိုရင် ဆရာဝန်ပြသင့်နေပါပြီ။


(၂) ခေါင်းကိုက်ခြင်း၊ နုံးခြင်းနှင့် အားနည်းခြင်း
ကျောက်ကပ်က လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တဲ့အခါ Erythropoietin ဓာတ်ထုတ်နိုင်စွမ်း လျော့နည်းသွားတတ်ပါတယ်။ အဲဒီအခါ အောက်ဆီဂျင်သယ်ယူနိုင်တဲ့ သွေးနီးဥအဆင့်လျော့ကျပြီး ကြွက်သားနဲ့ ဦးနှောက်မှာ လေးလံမှုဖြစ်လာတတ်ပါတယ်။
သတိပေးလက္ခဏာ နာတာရှည် ကျောက်ကပ်ရောဂါရှိသူတွေနဲ့ သွေးအားနည်း ရောဂါရှိသူတွေမှာ ပင်ပန်းလွယ်တာ၊ စွမ်းအင်အဆင့်လျော့နည်းတာနဲ့ အထွေထွေအားနည်းတာတို့ အဖြစ်များတတ်ပါတယ်။


(၃) အသားအရေ ခြောက်သွေ့ယားယံခြင်း
သွေးထဲက အရည်ပိုနဲ့ စွန့်ပစ်ပစ္စည်း ဖယ်ထုတ်တာ၊ သွေးနီဥထုတ်လုပ်မှုမှာ ကူညီတာတာ၊ ကိုယ်ခန္ဓာထဲက သတ္တုဓာတ်အလုံအလောက်ရှိအောင်ထိန်းတာ အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို ကျောက်ကပ်က လုပ်ဆောင်ပါတယ်။ ကျောက်ကပ်က သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေကို ဟန်ချက်ညီမျှအောင် မထိန်းနိုင်ရင် အရေပြားယားယံတာနဲ့ ခြောက်သွေ့တာတို့ ဖြစ်တတ်ပါတယ်။
သတိပေးလက္ခဏာ အရေပြား ခြောက်သွေ့ယားယံနေရင် ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းထားဖို့ ပိုလိုအပ်ပါတယ်။ ယားယံမှုအတွက် ဆေးမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။


(၄) ခံတွင်းအနံ့ဆိုးထွက်ခြင်း၊ သတ္တုအရသာ ဖြစ်ပေါ်ခြင်း
သွေးထဲမှာ စွန့်ပစ်ပစ္စည်းတွေ စုပုံတဲ့အခါ အစားအသောက်အရသာပြောင်းလဲပြီး ခံတွင်းထဲ မှာ သတ္တုအရသာဖြစ်နေတတ်ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်တာကလည်း သွေးကြောထဲ အဆိပ်အတောက်တွေ စုပုံရတဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ အစာစားချင် စိတ်လျော့ပြီး ကိုယ်အလေး ချိန်ကျတာလည်း တွဲဖြစ်တတ်ပါတယ်။
သတိပေးလက္ခဏာ ခံတွင်းထဲ သတ္တုအရသာ ပေါ်ရတာက ဓာတ်မတည့်မှုဖြစ်တာကနေ ခံတွင်းကျန်းမာရေးမကောင်းတာအထိ ဖြစ်တတ်တဲ့အတွက် ဖြစ်ရတဲ့အကြောင်းရင်းကို သိနိုင်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။


(၅) အသက်ရှူမဝခြင်း
ကျောက်ကပ်ရောဂါနဲ့ အသက်ရှူမဝတာကြား ဆက်နွှယ်မှုရှိတယ်လို့ သိရပါတယ်။ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အခါ ကိုယ်ထဲက အရည်ပိုတွေက အဆုတ်ထဲကို ရောက်ပြီး အသက်ရှူမဝတာ ဖြစ်တတ်သလို သွေးအားနည်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
သတိပေးလက္ခဏာ ကျောက်ကပ်လုပ်ငန်းဆောင်တာမကောင်းတာ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါ စတဲ့ အခြေအနေတွေမှာလည်း အသက်ရှူမဝတဲ့လက္ခဏာ တွေ့ရတတ်ပါတယ်။ အသက်ရှူမဝတဲ့ လက္ခဏာက မပျောက်နိုင်ဘဲ ကြာရှည်ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။


(၆) ခြေကျင်းဝတ်၊ ခြေထောက်နှင့် လက်ရောင်ရမ်းခြင်း
ကျောက်ကပ်လုပ်ငန်းဆောင်တာမကောင်းတဲ့အခါ ကိုယ်ခန္ဓာထဲက အရည်ပိုတွေကို မဖယ်ထုတ်နိုင်တော့ပါဘူး။ အဲဒီအခါ ဆိုဒီယမ်များလာပြီး ခြေကျင်းဝတ်၊ ခြေထောက်နဲ့ လက်တွေ ဖောရောင်လာတတ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါ၊ ခြေထောက်သွေးကြောဆိုင်ရာ ဝေဒနာကြောင့်လည်း ဖြစ်တတ်ပါတယ်။
သတိပေးလက္ခဏာ ဆေးသောက်တာ၊ ဆားလျှော့စားတာနဲ့ ကိုယ်ခန္ဓာထဲက အရည်ပိုတွေ ဖယ်ရှားတာတို့ လုပ်ဆောင်ရင် ရောင်ရမ်းမှု လျော့ကျနိုင်ပါတယ်။


(၇) ခါးနာခြင်း
ကျောက်ကပ်မကောင်းရင် ခါးနာတတ်ပါတယ်။ နာကျင်မှုက တင်ပဆုံတစ်ဝိုက် ဒါမှမဟုတ် ပေါင်ခြံရှေ့ဘက်မှာ ခံစားရတတ်ပါတယ်။
သတိပေးလက္ခဏာ ကျောက်ကပ်မကောင်းတာကြောင့် ခါးနာတဲ့ ဝေဒနာရရင် နာမကျန်းဖြစ်တာ၊ အန်တာ၊ ကိုယ်အပူချိန်တက်တာနဲ့ ဆီးမကြာခဏသွားတာတွေနဲ့ တွဲဖြစ်တတ်ပါတယ်။


(၈) မျက်ဝန်းတစ်ဝိုက် ဖောင်းခြင်း
ကျောက်ကပ်စစ်တဲ့ စနစ်ထိခိုက်ရင် ဆီးထဲ ပရိုတင်းဓာတ် ပါဝင်တဲ့အခါ မျက်ဝန်းတစ်ဝိုက် ဖောင်းအစ်တတ်ပါတယ်။ မျက်ဝန်းတစ်ဝိုက် ဖောင်းအစ်တာက ကျောက်ကပ်က ဆီးထဲကို ပရိုတင်းဓာတ်များများ ရောက်ရှိလို့ ဖြစ်နိုင်ပါတယ်။
သတိပေးလက္ခဏာ မျက်ဝန်းတစ်ဝိုက်ဖောင်းနေရင် သင့်ခန္ဓာကိုယ်က လုံလုံလောက်လောက် အနားယူဖို့ လိုပါတယ်။


(၉) သွေးတိုးခြင်း
သွေးလှည့်ပတ်မှုစနစ်နဲ့ ကျောက်ကပ်တွေက အပြန်အလှန် မှီတည်နေပါတယ်။ ကျောက်ကပ်မှာ သေးငယ်တဲ့ နဖရွန်လေးတွေရှိပြီး သွေးထဲက စွန့်ပစ်ပစ္စည်းနဲ့ အရည်ပိုတွေကို စစ်ထုတ်ပါတယ်။ သွေးကြောထိခိုက်တဲ့အခါ နဖရွန်က အောက်ဆီဂျင်နဲ့ အာဟာရကို အလုံအလောက် မရရှိတော့ပါဘူး။ အဲဒီအခါ သွေးတိုးတတ်ပါတယ်။
သတိပေးလက္ခဏာ သွေးတိုးရတဲ့အကြောင်းရင်းကို ဆန်းစစ်ပြီး ထိန်းချုပ်ပါ။ ဖောလစ်အက်စစ် ပါဝင်မှုများတဲ့ အစာကိုစားပါ။


(၁၀) ဆီးသွားရာတွင် အပြောင်းအလဲဖြစ်ခြင်း
ကျောက်ကပ်ဟာ ဆီးစွန့်ထုတ်ဖို့နဲ့ စွန့်ပစ်ပစ္စည်း စွန့်ထုတ်ဖို့ တာဝန်ရှိပါတယ်။ ဆီးအရောင်၊ အနံ့နဲ့ အသွင်အပြင်ပြောင်းလဲတာကို လျစ်လျူမရှူသင့်ပါဘူး။ ပြောင်းလဲမှုတွေမှာ-

ညဘက်မှာ ဆီးသွားချင်စိတ် များလာပါတယ်။ တစ်နေ့မှာ ၄-၁၀ ကြိမ်ကြား ဆီးသွားတတ်ပါတယ်။

ဆီးထဲ သွေးပါတတ်ပါတယ်။ ကျောက်ကပ်ကျန်းမာတာဟာ သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ဖို့ပါ။

ဆီးထဲ အမြှုပ်ထတာလည်း ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top