Healthy Life Ad
International

စမတ်ဖုန်း အလွန်အကျွံအသုံးပြုခြင်းက ဆယ်ကျော်သက်များကို ပျော်ရွှင်မှု လျော့ကျစေနိုင်

၊ ကိုထက် ၊

အမေရိကန် ဂျော်ဂျီယာတက္ကသိုလ်မှ လေ့လာသူတွေက အမေရိကန်ဆယ်ကျော်သက် တစ်သန်းကျော်ကို စစ်တမ်း ကောက်ယူခဲ့ရာ အထူးသဖြင့် စမတ်ဖုန်းနဲ့ တက်ဘလက် အသုံးပြုတာက ဆယ်ကျော်သက်တွေအကြား အလွန်အမင်း ကြီးထွားလာနေပြီး ကျန်းမာရေးကို သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။
ဆယ်ကျော်သက် အရွယ်တွေအကြား စမတ်ဖုန်း အလွန်အမင်းသုံးစွဲတာကြောင့် အိပ်ရေးပျက်တာ၊ အိပ်မပျော်တာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါ်တာ စတာတွေ ဖြစ်ပေါ်တယ်လို့ လေ့လာမှုအများအပြားကဆိုထားပြီး အခုလေ့လာမှုအသစ်အရ စမတ်ဖုန်းအလွန်အကျွံအသုံးပြုတာက ဆယ်ကျော်သက်အရွယ်တွေကို မပျော်ရွှင်စေဘူးလို့ သိရပါတယ်။

အထူးသဖြင့် စမတ်ဖုန်းတွေကို လက်နဲ့ကော်ကပ်ထားသလို စွဲစွဲမြဲမြဲသုံးလေ့ရှိတဲ့ ဆယ်ကျော်သက်တွေက လိုအပ်မှသုံးစွဲသူ ဆယ်ကျော်သက်တွေထက် မပျော်ရွှင်မှု ပိုဖြစ်စေတယ်လို့ လေ့လာမှုအရသိရပါတယ်။
အမေရိကန်ဂျော်ဂျီယာတက္ကသိုလ်မှ လေ့လာသူတွေ က အမေရိကန်ဆယ်ကျော်သက် တစ်သန်းကျော်ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ပြီး ဆယ်ကျော်သက်တွေကို ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျုတာကို ဘယ်လောက်ကြာကြာ အချိန် ပေးအသုံးပြုသလဲ၊ လူမှုကွန်ရက်နဲ့ ပျော်ရွှင်မှုအဆင့် ဘယ်လိုဆက်စပ်နေသလဲ စတာတွေကို မေးမြန်းခဲ့ပါတယ်။

ယေဘုယျအားဖြင့် ကွန်ပျူတာဂိမ်းကစားတာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ ဗီဒီယိုချက်တင်ပြောတာ၊ ဖုန်းမက် ဆေ့ချ်ရိုက်တာစတာတွေကိုအချိန်များများပေးတဲ့ ဆယ် ကျော်သက်တွေက အားကစားလုပ်တာ၊ သတင်းစာနဲ့ စာစောင်တွေဖတ်တာ၊ လူတွေနဲ့ လူလူချင်းတွေ့ဆုံတာ စတာ တွေကိုလုပ်ဆောင်တဲ့ ဆယ်ကျော်သက်တွေထက် ပျော်ရွှင်မှု ပိုနည်းတာကို လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ စမတ်ဖုန်းလို နည်းပညာ အသုံးပြုတာနဲ့ မပျော်ရွှင်မှုကြား ဆက်စပ်မှုရှိနေတာကြောင့် တစ်နေ့မှာ ဒီဂျစ်တယ် နည်းပညာကို အချိန်နှစ်နာရီထက်ပိုပြီး အသုံးမပြုဖို့၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံချိန်ကို တိုးမြှင့်ဖို့နဲ့ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဖို့ လေ့လာသူတွေက အကြံပြုခဲ့ပြီး ဒီနည်းလမ်းတွေကသာ ဆယ်ကျော်သက်တွေကို တကယ့်ပျော်ရွှင်မှုရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top