Healthy Life Ad
Life Style

အစာအိမ်ရောဂါ ဘယ်နှမျိုးရှိသလဲ . . .

မေး. ကျွန်တော်က သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ပါတယ်။ အစာအိမ်ရောဂါ ဘယ်နှမျိုးရှိပါသလဲ၊ ဘာလက္ခဏာတွေ ပြတတ်ပါသလဲ၊ ဘယ်လို လက္ခဏာတွေပြရင် နေထိုင်ကောင်းအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အစာအိမ်မှာ သတိထားရမှာ သုံးမျိုးရှိပါတယ်။ ပထမဆုံးတစ်ခုကတော့ အစာအိမ်အနာဖြစ်တာပါ။ အစာအိမ်နာတယ် ဆိုတာမှာလည်း အစာအိမ်နာနဲ့ အူသိမ်နာနှစ်မျိုးရှိပါတယ်။ အစာအိမ်နာက အစာစားလိုက်ရင် အောင့်တတ်တာပါ။ အူသိမ်နာက ဗိုက်ဆာတဲ့အခါမှာ အောင့်တတ်တာပါ။ စားလိုက်လို့ အောင့်တယ်ဆိုရင် သိပ်မစားဖြစ်တော့ဘူး၊ များသောအားဖြင့် အဲဒီလူတွေက ပိန်တတ်ပါတယ်။ ဆာရင်အောင့်တဲ့သူတွေကျတော့ မကြာမကြာစားဖြစ်ပါတယ်။ အဲဒါကြောင့် ဝတတ်ပါတယ်။ အဲဒီနှစ်ခုမှာ အစာအိမ်နာက ကြောက်ရပါတယ်။ သူက ၅ ရာခိုင်နှုန်း ကင်ဆာဖြစ်တတ်ပါတယ်။ အစာအိမ်နာတယ်ဆိုရင် အကောင်းဆုံးနည်းက မိုက်ခရိုစကုပ်ကြည့်တာပဲဖြစ်ပါတယ်။ ဗိုက်အောင့်တယ်ဆိုရင် အစာအိမ်နာလား၊ အူသိမ်နာလားသိဖို့ စကုပ်ကြည့်ခိုင်းပါတယ်။ စကုပ်ကြည့်လို့ အစာအိမ်နာဆိုရင် ၅ ရာခိုင်နှုန်းကင်ဆာဖြစ်နိုင်တဲ့အတွက်ကြောင့် နောက်တစ်နှစ်-နှစ်နှစ်ကြာရင် တစ်ခါပြန်ကြည့်ခိုင်းရပါတယ်။ အူသိမ်နာဆိုရင်တော့ အဲဒီလိုလုပ်ဖို့မလိုပါဘူး။

ဒုတိယတစ်မျိုးကတော့ အစာအိမ်ရောင်တာပါ။ အစာအိမ်ရောင်တာကတော့ တစ်ခါဖြစ်ပြီး ထပ်ဖြစ်တတ်တာမျိုးလည်း မရှိပါဘူး။ နောက်တစ်ခုကတော့ အစာအိမ်ညှစ်အားနည်းလို့၊ အစာမကြေလို့ ဗိုက်အောင့်တာလည်းရှိပါတယ်။ ထမင်းစားလိုက်ရင် အစာအိမ်ထဲမှာ အစာက ၆ နာရီပဲနေပါတယ်။ ၆ နာရီအတွင်းမှာ အက်ဆစ်ထွက်လာမယ်။ အစာချေမယ်၊ ပြီးရင် အောက်ကိုတွန်းချလိုက်ပြီး ဝမ်းအဖြစ်ညှစ်ညှစ်ပြီး တွန်းပို့လိုက်တယ်။ တချို့လူတွေမှာ အကြောင်းကြောင်းကြောင့် အစာအိမ်ညှစ်အားက ကျနေတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် ထမင်းစားလိုက်ပြီးတဲ့အခါမှာ အစာအိမ်ထဲ အစာက ၆ နာရီနေရမယ့် အစားပိုကြာကြာရှိနေပါတယ်။ အဲဒီအခါမှာ အစာတွေက ပိုနေနေရတဲ့အတွက် မနက် ၆ နာရီမှာ စားတယ်၊ နေ့လယ် ၁၂ နာရီအထိ ဗိုက်ကမဆာသေးဘူး။ နည်းနည်းလောက် စားလိုက်ရင်လည်း ဗိုက်ကအင့်ပြီး ပြန်အန်ချင်တာတွေဖြစ်လာပါတယ်။ စားလိုက်ရင် အန်ချင်တာပဲဖြစ်နေတတ်ပါတယ်။ Dyspesia လို့ခေါ်တဲ့ အစာမကြေရောဂါဖြစ်ပါတယ်။ အဲဒီလိုလူတွေကို ဆေးတွေပေးပြီး ကုသရပါတယ်။

နောက်ထပ်တစ်ခုကတော့ အစာအိမ်ကင်ဆာဖြစ်ပါတယ်။ လူတစ်ယောက် အစာအိမ်ကင်ဆာဖြစ်ပြီဆိုရင် အစာမကြေတာ ဖြစ်လာနိုင်ပါတယ်။ အစာအိမ်အောင့်နိုင်ပါတယ်။ အစာအိမ်နေရာမှာ အလုံးကြီးပေါ်လာတတ်ပါတယ်။ သွေးအားနည်းတတ်ပါတယ်။ ဘာမှန်းမသိဘဲ သွေးအားနည်းနေတယ်ဆိုရင် သတိထားသင့်ပါတယ်။ အသက် ၄၀ လောက် အမျိုးသမီး၊ အမျိုးသား ဘာမှန်းမသိဘဲ သံဓာတ်အားနည်းတဲ့ ရောဂါဖြစ်နေတယ်ဆိုရင် အစာအိမ်ကင်ဆာကို သတိထားသင့်ပါတယ်။

အစာအိမ်မှာ ရောဂါဖြစ်တာက အက်ဆစ်များလို့ ဖြစ်တတ်တာနဲ့၊ ပိုးကြောင့်ဖြစ်တာနဲ့လို့ အကြမ်းဖျင်းခွဲလို့ရနိုင်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး ကုသမှုတွေကို ပေးပါတယ်။ အက်ဆစ်များရင် အက်ဆစ်က အစာအိမ်နံရံကို တိုက်ခိုက်တတ်ပါတယ်။ အစာအိမ်နံရံကို အက်ဆစ်မတိုက်ခိုက်နိုင်အောင် Mucosa က ကာပေးထားပါတယ်။ အက်ဆစ်များပေမယ့် Mucosa ကောင်းရင် ဘာမှမဖြစ်ပါဘူး။ အက်ဆစ်များပြီး Mucosa မကောင်းတော့ရင်တော့ အစာအိမ်အနာ ဖြစ်နိုင်ခြေများလာပါတယ်။ Mucosa ကို ပျက်စီးစေတာက အရက်၊ ဆေးလိပ်၊ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကြောင့်ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို မလိုလားအပ်ဘဲ မသောက်သင့်ပါဘူး။ နောက်တစ်ခုက အပူအစပ်လွန်ကဲတဲ့ အစားအသောက်တွေနဲ့၊ အစာမကြေတဲ့ ကောက်ညှင်းလို အစားအသောက်တွေကို ရှောင်ရပါမယ်။ အဲဒီအစားအသောက်တွေက အက်ဆစ်တွေကို အများကြီးထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

နောက်ထပ်သတိထားရမယ့် အချက်ကတော့ အစာကိုအချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။ နေ့လယ်၁၂နာရီမှာ အစာအိမ်က အက်ဆစ်ထွက်နေကျမှာ ဘာအစာမှမစားထားရင် အက်ဆစ်က Mucosa ကို တိုက်စားသွားတတ်ပါတယ်။ နည်းနည်းနဲ့ အကြိမ်များများစားပေးတာက အကောင်းဆုံးပါ။ ဗိုက်တွေအောင့်နေတဲ့အခါမှာ အစာကြေလွယ်တဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်တွေပဲ သောက်ပေးပြီး ဗိုက်အောင့်ပျောက်မှ ထမင်းပြန်စားပေးပါ။

အစာစားပြီးရင် GERD ဆိုတာရှိပါတယ်။ အဲဒါက အစာတွေက အစာလမ်းကြောင်းအတိုင်း အပေါ်ကိုပြန်တတ်တာမျိုး ဖြစ်တာပါ။ အစာအိမ်ထဲကို အစာဝင်တဲ့လမ်းကြောင်းမှာ အဆို့ရှင်တခုရှိပါတယ်။ အဲဒါလေးက ပိတ်ထားပေးတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေက အပေါ်ကိုပြန်မတက်လာနိုင်ပါဘူး။ အဲဒီအဆို့လေးလျော့သွားရင် အက်ဆစ်တွေအပေါ်ပြန်တက်ပြီး Acid Burn ဖြစ်တတ်ပါတယ်။ အစာစားပြီးတာနဲ့ ရင်ထဲမှာပူနေတယ်။ အက်ဆစ်ကပူလွန်းရင် နောက်ကျောတွေပါနာတယ်။ ရင်ခေါင်းတစ်ခုလုံးလည်း ပူနေတာတွေက အဲလိုဖြစ်တာပါ။ အဲလိုမျိုးဖြစ်တာကတော့ ဝတဲ့သူတွေနဲ့ အစာကို အချိန်မှန်မစားတဲ့သူတွေမှာ အဖြစ်များပါတယ်။ စိတ်ဖိစီးမှုများရင်လည်း အစာအိမ်ရောဂါ ပိုဖြစ်စေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top