Healthy Life Ad
International

နံနက်တိုင်း သံပရာရေနွေးသောက်ခြင်းက သွားများကို ဆိုးရွားစွာ ထိခိုက်စေနိုင်

၊ ကိုထက် ၊

နံနက်ခင်းအစာမရှိချိန် သံပရာရေနွေးတစ်ဖန်ခွက်သောက်တာက အစာကြေညက်စေပြီး ရေဓာတ်ပြည့်ဝစေပေမယ့်လည်း သွားတွေကို ဆိုးရွားစွာထိခိုက်စေနိုင်တယ်လို့ သွားဘက်ဆိုင်ရာဆရာဝန်ဒေါက်တာရာဟာက ဆိုလိုက်ပါတယ်။

မနက်ခင်း အစာမရှိချိန်မှာ သံပရာရေနွေးတစ်ခွက်သောက်တာက သွားကြွေလွှာတွေကို ပါးစေပြီး သွားကျဉ်တာနဲ့ သွားဝါတာတို့ကို ဖြစ်စေပါတယ်။ အကြောင်းကတော့ သံပရာသီးရဲ့အက်စစ်ဂုဏ်သတ္တိကြောင့် သွားကြွေလွှာထိခိုက်ရတာ ဖြစ်ပါတယ်။

အစာ ဒါမှမဟုတ် အရည်ရဲ့ အက်စစ်ဓာတ်နဲ့ မကြာခဏထပ်တလဲလဲ ထိခိုက်မှုကြောင့် သွားနှစ်လွှာအထိ သက်ရောက်မှုရှိပြီး သွားကျဉ်တာနဲ့ သွားဝါတာကိုဖြစ်စေနိုင်ကြောင်း ဒေါက်တာရာဟာက ပြောပါတယ်။

ပိုဆိုးတာက နံနက်ခင်းသံပရာရေနွေးသောက်ပြီးချိန်မှာ သွားတိုက်လိုက်တာပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကျန်းမာရေးအတွက် သံပရာရေနွေးသောက်မယ်ဆိုရင်သွားကျန်းမာရေးအတွက် အထူးဂရုစိုက်သင့်တဲ့အဆင့်တွေကို လိုက်နာဖို့ ဒေါက်တာရာဟာက သတိပေးထားပါတယ်။ အဲဒါတွေကတော့-

သံပရာရေနွေးသောက်ပြီး ချက်ချင်းသွားတိုက်တာကို ဘယ်တော့မှ မလုပ်ပါနဲ့။ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီကြာမှ သွားတိုက်သင့်ပါတယ်။

သွားတိုက်တဲ့အခါ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို မဖြစ်မနေသုံးရပါမယ်။

သံပရာရေနွေးကို ပိုက်နဲ့သောက်ရင် သွားနဲ့ တိုက်ရိုက်ထိတွေ့မှုမဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် သင့်တော်ပါတယ်။

သံပရာရေနွေးသောက်ပြီးချိန်မှာ ရေနဲ့ပလုတ်ကျင်းပေးတာက သံပရာသီးရဲ့ အက်စစ်ဂုဏ်သတ္တိကိုဖယ်ရှားရာရောက်လို့ အဆင်ပြေပါတယ်။

“ဒီအလေ့အထတွေလိုက်နာတာတောင် သွားကျဉ်ပြီး သွားကြွေလွှာပါးရင် သွားဆရာဝန်နဲ့ပြသဖို့ လိုအပ်တယ်”လို့ ဒေါက်တာရာဟာက အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top