Healthy Life Ad
Q & A

ခြေလက်ကျဉ်ထုံခြင်း

မေး ။ ခြေလက်ထုံကျဉ်တာက ဘယ်လိုကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဒေါ်ကြင်၊ ရေနံချောင်း။

ဒေါက်တာကျော်စွာဦး(ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ခြေတွေ၊ လက်တွေ ထုံတယ်၊ ကျဉ်တယ်ဆိုတာက အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေက ခြေထောက်တွေ ထုံတယ်၊ ကျဉ်တယ်လို့ အပြောများကြသလို ခြေထောက်တွေမှာ စူးနဲ့ ထိုးထားသလို နာတယ်ဆိုပြီးတောင် ပြောကြပါတယ်။ နောက်တစ်ခုက ခြေလက်ထုံကျဉ်တာဟာ အရက်သောက်နှုန်းများတာနဲ့လည်း ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။ အရက်အများကြီး သောက်တဲ့အခါ ဗီတာမင်ဘီချို့တဲ့တာ၊ အထူးသဖြင့် ဗီတာမင်ဘီဝမ်းချို့တဲ့တာနဲ့လည်း ဆက်စပ်နေပါတယ်။ တစ်ခါတလေ အာရုံကြောဆိုင်ရာ လက္ခဏာတွေနဲ့လည်း ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။ လက္ခဏာတွေက ခြေလက်ကျဉ်ထုံတယ်၊ ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး၊ အားနည်းတယ်၊ ခန္ဓာကိုယ်ဟန်ချက် (Balance)က မကောင်းဘူး . .တချို့ဆိုရင် လဲသွားနိုင်တဲ့ အနေအထား ရှိတယ် . .ဒါတွေက ဘာနဲ့ ဆက်စပ်တတ်သေးသလဲ ဆိုတော့ ခါးကျီးပေါင်းဖြစ်တာနဲ့လည်း ဆက်စပ်တတ်ပါတယ်။ ပြောရရင် ခြေလက်ထုံကျဉ်စေတဲ့ အခြေခံ အကြောင်းတရားတွေက အများကြီး ရှိပါတယ်။ တစ်ခါတလေကျရင် အကြာကြီးထိုင်တယ်၊ တရားထိုင်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရင်းထိုင်တာပဲဖြစ်ဖြစ်ကြာသွားရင် ခြေထောက်ကျဉ်တတ်တယ်။ ဒါကတော့ ခဏတာပဲ ဖြစ်တတ်တာပါ။ ဆီးချိုသမားဆိုရင် အာ ရုံကြောထိသွားတဲ့အခါ ခြေလက် ထုံကျဉ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတချို့က ခြေထောက်ကို ထိခိုက်လို့ ထိခိုက်မိမှန်းမသိကြဘူး၊ ခလုတ်တိုက်မိတယ်၊ ခြေထောက် အနာဖြစ်တယ် . .ဒါပေမဲ့ မသိဘူး . . မကုသမိရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေဆိုရင် အိမ်ထဲမှာဆိုလည်း အဝတ်ဖိနပ်စီးဖို့၊ အပြင်သွားရင် ဖိနပ်စီးဖို့ အမြဲမှာရပါတယ်။ အနာမရအောင် ဂရုစိုက်ဖို့၊ အနာရသလားဆိုတာကို နေ့စဉ်မှန်မှန် စစ်ဆေးဖို့နဲ့ အနာဖြစ်ပေါ်ခဲ့ရင် ဆရာဝန်နဲ့ စောစီးစွာ ပြသဖို့ သေချာမှာရပါတယ်။

ခြေထောက်ထုံကျဉ်တဲ့ဝေဒနာရခဲ့ရင် ဗီတာမင်ဘီအုပ်စုပါတဲ့ အားဆေးတိုက်ပါတယ်။ အရက် သောက်တဲ့သူဆိုရင် ဗီတာမင်ဘီဝမ်းပါတဲ့ အားဆေး ကို အထူးသဖြင့် တိုက်ပါတယ်။ အသား၊ ငါး၊ နွားနို့၊ ကြက်ဥ၊ အသီးအနှံ စတာတွေထဲမှာလည်း ဗီတာမင်ဘီဝမ်းပါဝင်ပါတယ်။ ဒီအစားအသောက်တွေကို နေ့စဉ်မျှတအောင် စားပေးရင်တော့ အာဟာရပြည့်ဝမှာ ဖြစ်ပါတယ်။

ကြာကြာထိုင်ရလို့၊ တစ်ခုခုထိခိုက်မိလို့ ခြေထောက်ထုံကျဉ်တယ်ဆိုရင် ပြဿနာမရှိပေမယ့် အခြေခံအကြောင်းတရားတွေကြောင့် ခြေထောက်ထုံကျဉ်တယ်ဆိုရင် အစားအသောက်ကို သေချာစားသောက်ပြီး ကုသမှုကို စနစ်တကျ ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top