Healthy Life Ad
Life Style

ခွဲစိတ်မှုမတိုင်မီ ခဏတာ အစားအသောက်ဖြတ်ရခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ခွဲစိတ်မှုမတိုင်ခင်မှာ အစားအသောက်တွေကို ခဏတာ ရပ်ထားတဲ့အကြောင်း သိပါရစေ ဆရာ။

ဖြေ. လူနာတွေ မခွဲခင် နာရီပိုင်းအလိုမှာ အစာမစားရဘူး။ အထူးသဖြင့် မေ့ဆေး (General Anaes-thesia) ပေးတာပဲ ဖြစ်ဖြစ်၊ ထုံဆေး (Local Ana-esthesia) ပေးတာပဲဖြစ်ဖြစ် အစိုးရဆေးရုံတွေမှာဆိုရင် ည ၁၀ နာရီနောက်ပိုင်း အစာမစားရဘူးဆိုပြီး စာလိုက်ကပ်ထားတာ ရှိပါတယ်။ ပြီးရင် လူနာတွေကို မနက်ပိုင်းမှာ အလှည့်ကျ ခွဲစိတ်ကုသမှု ပေးလေ့ရှိပါတယ်။

အပြင်ဆေးရုံ၊ ဆေးခန်းတွေမှာဆိုရင် အဖတ်ကို မခွဲစိတ်ခင် ခြောက်နာရီအလိုမှာ မစားရဘူး၊ အရည်ကို မခွဲစိတ်ခင် လေးနာရီအလိုမှာ မသောက်ရဘူးလို့ သတိပေးထားတာ ရှိပါတယ်။ နိုင်ငံခြားမှာတော့ အဖတ်ကို မခွဲစိတ်ခင် လေးနာရီအလိုမှာ မစားရဘူး၊ အရည်ကို မခွဲစိတ်ခင် နှစ်နာရီအလိုမှာ မသောက်ရဘူးဆိုပြီး နည်းနည်းလျှော့ပြီး သတိပေးထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ဆရာတို့ ခွဲစိတ်ဆရာဝန်တွေကတော့ လူနာကို မခွဲစိတ်ခင် အဖတ်ကို ခြောက်နာရီအလိုမှာ မစားရဘူး၊ အရည်ကို လေးနာရီအလိုမှာ မသောက်ရဘူးလို့ ပြောလေ့ရှိပါတယ်။

မေး. ဘာကြောင့် ခွဲစိတ်မှုမတိုင်ခင် အစားအသောက်တွေကို ဖြတ်ထားရတာပါလဲ ဆရာ။

ဖြေ. မေ့ဆေးပေးတဲ့အခါ အန်မှာစိုးလို့ပါ။ လူနာကို မေ့ဆေးပေးပြီး ခွဲစိတ်ကုသမှုပေးနေတုန်းမှာ အန်လို့မဖြစ်ပါဘူး။ အဲဒီအချိန်မှာ အစာစားထားလို့ အန်လိုက်ရင် အန်ဖတ်ဆို့ မှာစိုးလို့ ဖြစ်ပါတယ်။

မေး. သာမန်အချိန်မှာ အန်တာနဲ့ မေ့ဆေးပေးထားချိန်အန်တာ ဘာကွာခြားမှုရှိပါသလဲ ဆရာ။

ဖြေ. သာမန်လူတွေ သာမန်အချိန်မှာ အစာစားပြီး အန်လိုက်ရင် လေပြွန်ထဲမရောက်အောင် ခန္ဓာကိုယ်က ကာကွယ်ထားပေးပါတယ်။ ဒါပေမဲ့ မေ့နေတဲ့အချိန်မှာတော့ လူနာက အန်လို့မဖြစ်ပါဘူး။ အန်ဖတ်ဆို့နိုင်ပါတယ်။

မေး. ထုံဆေးပေးပြီး ခွဲစိတ်မှုခံယူနေချိန်မှာ အန်ရင်ကော ဘာဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. လူနာက မမေ့ဘဲ ထုံနေမယ်ဆိုရင်လည်း လှဲလျောင်းနေရတာကြောင့် လူနာက လှုပ်လို့မရပါဘူး။ ဒါကြောင့် မခွဲစိတ်ခင်မှာ လူနာတွေရဲ့ အစာအိမ်ထဲ အစာမရှိအောင် ခဏတာ ဖြတ်ထားရတာဖြစ်ပါတယ်။

မေး. အရေးပေါ် ခွဲစိတ်ရတဲ့အခါဆိုရင် အန်ဖတ်မဆို့အောင် ဘယ်လိုလုပ်ရပါသလဲ ဆရာ။

ဖြေ. အရေးပေါ်ခွဲစိတ်ရတဲ့အခါတွေမှာဆိုရင် နှာခေါင်းထဲ ပိုက်ထည့်ရပါတယ်။ ကြိုတင်ပြီး ခွဲစိတ်ဖို့ သတ်မှတ်ထားတယ်ဆိုရင် နှာခေါင်းထဲ ပိုက်ထည့်စရာမလိုအောင် အစားအသောက်တွေကို ကြိုပြီးဖြတ်ထားတာ ဖြစ်ပါတယ်။

မေး. မခွဲစိတ်ခင် အစာနဲ့အရည်ကို ခဏတာ ဖြတ်ထားတာနဲ့ပတ်သက်ပြီး လူနာတွေရဲ့ နားလည်မှုအလွဲ အမှားလေးတွေကို သိပါရစေ ဆရာ။

ဖြေ. လူနာအတော်များများကတော့ မခွဲစိတ်ခင် အစားအသောက် မစားသောက်ရဘူးဆိုတာကို သိကြပါတယ်။ ဒါပေမဲ့ တချို့လူနာတွေကတော့လာပြလို့ ခွဲစိတ်ရမယ့်ကိစ္စဆိုရင် ခွဲစိတ်ရမယ့် အချိန်သတ်မှတ်ပေးထားပြီး မခွဲစိတ်ခင် ခြောက်နာရီအတွင်း ဘာအစာမှမစားနဲ့၊ လေးနာရီအတွင်း ဘာအရည်မှမသောက်နဲ့ဆိုပြီး မှာလိုက်ပါတယ်။ ဒါပေမဲ့ လူနာတွေက လာပြပြီဆိုတာနဲ့မနက်က ဘာစားခဲ့လဲလို့ မေးလိုက်ရင် “မနက်ကတော့ ဘာမှမစားပါဘူး။ ဒါပေမဲ့ အခုနလေးတင် အစာသွားစားခဲ့တယ်”လို့ ဖြေကြပါတယ်။ “ဘာဖြစ်လို့ သွားစားတာလဲ”လို့ မေးလိုက်ရင် ခွဲစိတ်ကုသမှုပြီးရင် ဘာမှမစားရမှာ စိုးလို့ဆိုပြီး ပြန်ဖြေတတ်ကြပါတယ်။

တချို့လူနာတွေကျတော့ မခွဲစိတ်ခင် ခြောက်နာရီအတွင်း ဘာမဖတ်မှ မစားထားဘူး၊ လေးနာရီအတွင်း ဘာအရည်မှ မသောက်ထားဘူး . . အဆင်ပြေပြီ၊ ခွဲတော့မယ်ဆိုပြီး နာရီဝက်လောက် ပြင်ဆင်နေတုန်း လူနာက လှစ်ခနဲ ပျောက်သွားပါတယ်။ လူနာဘယ်သွားတာလဲလို့ မေးလိုက်ရင် ခွဲပြီး ဘာမှမစားရမှာစိုးလို့ တစ်ခုခုသွားစားတာလို့ ပြောတတ်ပါတယ်။ မကွေးက လူအတော်များများ၊ ပညာတတ်တွေတောင် ဒါကိုသိပ်မသိကြဘူး။ မခွဲခင် ခြောက်နာရီအတွင်း အဖတ်မစားနဲ့၊ လေးနာရီအတွင်း အရည်မသောက်နဲ့၊ ဒါတွေကို လိုက်နာခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း ခွဲတော့မယ်ဆိုကာမှ အစားအသောက်ကို သွားစားသောက်တတ်ကြပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို ဆရာခွဲစိတ်မှုပေးနေတဲ့ အခုတလောမှာ အတော်များများ တွေ့နေရပါတယ်။

လူနာက ခွဲခါနီး အစားအသောက်စားထားတော့ နောက်ထပ် အချိန်ခြောက်နာရီ ပြန်စောင့်ရပါတယ်။ နယ်မှာဆိုရင် လူနာက မနက်စောစောရောက်လာပြီး ခွဲစိတ်ကုသမှုပြီးတဲ့အခါ ညနေပြန်လို့ရပါတယ်။ ဒါပေမဲ့ ဒီလို အစားအသောက်ကို ခွဲခါနီး သွားစားလိုက်တော့ ခွဲဖို့ တစ်ခါပြန်စောင့်ရနဲ့ ညနေစောင်းသွားပါတယ်။

မေး. လူနာက အစားအသောက် စားထားတော့ ဆရာတို့ခွဲစိတ်ကုသတဲ့ ကိစ္စကို ဘယ်လိုပြောင်းလဲရပါသလဲ ဆရာ။

ဖြေ. လူနာက ခွဲခါနီး အစားအသောက်စားထားတော့ နောက်ထပ် အချိန်ခြောက်နာရီ ပြန်စောင့်ရပါတယ်။ နယ်မှာဆိုရင် လူနာက မနက်စောစော ရောက်လာပြီး ခွဲစိတ်ကုသမှုပြီးတဲ့အခါ ညနေပြန်လို့ရပါတယ်။ ဒါပေမဲ့ ဒီလိုအစားအသောက်ကို ခွဲခါနီး သွားစားလိုက်တော့ခွဲဖို့ တစ်ခါပြန်စောင့်ရနဲ့ ညနေစောင်းသွားပါတယ်။ လူနာတွေအတွက်လည်း အချိန်ကုန်ပြီး ဆရာဝန်တွေအတွက်လည်း အလုပ်များသွားပါတယ်။

မေး. ဘယ်လို ခွဲစိတ်မှုမျိုးမဆို မခွဲခင်အစားအသောက် ခဏဖြတ်တာကို လက်ခံရတာပါလား ဆရာ။

ဖြေ. ဘယ်ခွဲစိတ်ကုသမှုမျိုးမဆို Major ခွဲစိတ်မှုတွေ ချည်းပါပဲ။ ဒါကြောင့် ဘာခွဲခွဲ၊ ကုတင်ပေါ် လှဲနေရတာပဲဆိုတော့ အစာအိမ်ထဲ အစာမရှိထားတာ ပိုကောင်းပါတယ်။ တကယ်လို့ ခွဲစိတ်နေတုန်း အစားအသောက်ရှိထားလို့ အော့အန်နေရင် ထလို့မရ၊ လှုပ်လို့မရနဲ့ အန်ဖတ်ဆို့တတ်ပါတယ်။ အစာအိမ်မှာ အစာရှိနေရင် တုန့်ပြန်မှု (Reflex) လုပ်တဲ့အနေနဲ့ အစာတွေ ပြန်အန်ထွက်နိုင်ပါတယ်။

မေး. မခွဲခင် အစာစားထားတာကြောင့် အန်ဖတ်ဆို့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါသလား ဆရာ။

ဖြေ. ဟိုးအရင်က နိုင်ငံခြားမှာ ကိုယ်ဝန်ဆောင်တွေကို ဗိုက်ခွဲပြီး ကလေးမွေးတဲ့အခါ အစာစားထားတဲ့အတွက် အန်တာကြောင့် ဗိုက်ထဲ ဖိအား (Pressure) များလာပြီး ဗိုက်ကြီး ဖောင်းထွက်ကာ အစာအိမ်က အစာတွေ ထွက်လာပါတယ်။ အစာတွေက လေပြွန်မှာပိတ်ရင်း အန်ဖတ်ဆို့ သေတယ်ဆိုတာမျိုး ဖြစ်ဖူးပါတယ်။ ဒါတွေကနေစပြီး မခွဲစိတ်ခင်အချိန် ခြောက်နာရီအတွင်း အစာမစားရ၊ အချိန်လေးနာရီ အတွင်းအရည်မသောက်ရဆိုပြီး စတင် သတ်မှတ်လာကြတာဖြစ်ပါတယ်။ ဒါကို Aspiration Pneumonia လို့ ခေါ်ပါတယ်။ လူကောင်းဆိုရင် အန်လို့သီးတဲ့အခါ ထွေးထုတ်လို့ရပေမယ့် မေ့နေတဲ့အခါ ထွေးထုတ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါကြောင့် လေပြွန်မှာ အန်ဖတ်ဆို့တာ ဖြစ်ပါတယ်။

မေး. ဒါနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. လူနာတွေက ခွဲစိတ်ကုသမှုပြီးရင် အစာမစားရမှာစိုးလို့ ဆိုပြီး ခွဲခါနီးမှ အစာကို အပြေးအလွှား သွားစားတတ်ကြပါတယ်။ တကယ်တော့ခွဲပြီး သတိကောင်းကောင်းရတယ်ဆိုရင် အစာစားရပါတယ်။ အရင်တုန်းက မခွဲခင် အစာမစားရဘူးဆိုတာ ရောဂါပေါ်မူတည်ပြီး သတ်မှတ်ခဲ့ကြတာ ရှိပါတယ်။ အခုကတော့ ဘာကိုပဲ ခွဲခွဲ မခွဲခင် အစားအသောက်ကို ခဏဖြတ်ထားရတာ ဖြစ်ပါတယ်။ ဒါက အရေးကြီးလို့ သတိပေးတာဖြစ်ပါတယ်။ လူနာအတွက် အန္တရာယ်ဖြစ်နိုင်လို့ အစားအသောက်ကို ခဏရှောင်ခိုင်းထားတာဖြစ်ပါတယ်။ ဒါကို လူနာတွေကို သိစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top