Healthy Life Ad
Life Style

ဆားစားသုံးမှုလွန်ကဲခြင်းအန္တရာယ်

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ လူတစ်ယောက်ဟာ တစ်နေ့ကို ဆားဘယ် လောက်ပမာဏ စားသင့်ပါသလဲ ဆရာ။
ဖြေ ။ လူတစ်ယောက်က တစ်နေ့ကို ဆား ၂ ဒသမ ၄ ဂရမ်ပဲစားသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။ ဒီပမာဏက လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ နှစ်ဇွန်းစာကြား ပမာဏလောက်ပဲ ရှိပါတယ်။

မေး ။ မြန်မာလူမျိုးတွေရဲ့ တစ်နေ့တာ ဆားစားသုံးမှုက ပျမ်းမျှအားဖြင့် ဘယ်လောက်ပမာဏ ရှိနေပါသလဲ ဆရာ။
ဖြေ ။ အကြမ်းဖျင်းအားဖြင့် မြန်မာတွေက တစ်နေ့ကို ဆားပမာဏ ၁၀-၁၂ ဂရမ်လောက် စားနေတယ်လို့ သိရပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်ကမ္ဘာလုံးက လူတွေ ဆားစားသုံးမှုကလည်း ၁၀-၁၂ ဂရမ်လောက်ရှိနေတယ်။ တကယ်စားသင့်တဲ့ အတိုင်းအတာက ၂ ဒသမ ၄ ဂရမ်ဆိုတော့ လေးဆနဲ့ ငါးဆ နီးပါး ပိုစားနေကြပါတယ်။

မေး ။ ဆားပါဝင်မှုများတဲ့ အစားအသောက်တွေကို သိပါရစေ ဆရာ။
ဖြေ ။ ဆား(Salt)ဆိုတာ ဆိုဒီယမ်တွေပါတယ်။ ဆိုဒီယမ်တင်မကဘဲ Sodium Monoglutamate ဆိုတဲ့ အချိုမှုန့်တွေထဲမှာလည်း ဆားပါတယ်။ Baking Sodaဆိုတဲ့ ဆော်ဒါမှုန့်တွေထဲမှာလည်း ဆားပါတယ်။

မေး ။ ဆားစားသုံးမှု လွန်ကဲတာကြောင့် ဘယ်လို ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါသလဲ ဆရာ။
ဖြေ ။ ဆားစားသုံးမှု လွန်ကဲတဲ့အတွက်ကြောင့် ကျန်းမာရေးပြဿနာတွေအနေနဲ့ သွေးတိုးရောဂါတွေ ဖြစ်တတ်တယ်။ သွေးတိုးရောဂါနောက်မှာ လေဖြတ်တာတွေလည်း ပါလာတယ်။ အဓိကက သွေးတိုးတာနဲ့ လေဖြတ်တာအပြင် နှလုံးရောဂါတွေလည်း ဖြစ်လာတတ်တယ်။ ဒါတွေက ဆားစားသုံးမှု လွန်ကဲတဲ့အတွက် အကြီးအကျယ် ဒုက္ခပေးနိုင်တာတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုဆိုးတာက ဆားကို မျိုးစုံစားတယ်။ ဘယ်လို မျိုးစုံစားသလဲဆိုရင်-

(၁) ဆားအနေနဲ့၊ အိမ်သုံးဆားအနေနဲ့ စားတယ်။ အချိုမှုန့်အနေနဲ့ စားတယ်။

(၂) ငပိ၊ ငါးခြောက်အနေနဲ့ စားတယ်။

(၃) ငံပြာရည်၊ ငပိရည်အနေနဲ့ စားတယ်။

(၄) မြန်မာ့ရိုးရာအစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ခေါက်ဆွဲတွေမှာလည်း ဆားပမာဏများတယ်။

(၅) ပုစွန်ခြောက်၊ ဆားပေါ့ခြောက်စတာ တွေထဲမှာ လည်း ဆားတွေ ပါနေတာပဲ။

ဆိုဒီယမ် (ဆား)ကို ဘယ်ကနေရသလဲဆိုတဲ့ အရာကို သူများနိုင်ငံတွေမှာ အကုန်တွက်ထားတယ်။ အိမ်သုံးဆားကနေဘယ်လောက်၊ ငံပြာရည်ကဘယ်လောက်ဆိုပြီး တွက်ထားပေမယ့် ဆရာတို့ နိုင်ငံမှာတော့ အဲဒီလိုတွက်ထားတာ မရှိသေးပါဘူး။

မေး ။ ဆားပါဝင်မှု များပေမယ့် လူတွေ အသိနည်းနေတဲ့ အစားအသောက်တွေကို ပြောပြပေးပါ ဆရာ။
ဖြေ ။ လူတွေ မသိဘဲ ဆားပါဝင်မှုများတဲ့ အစာတွေက ဆားပေါ့ခြောက်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ သရက်သီးသနပ်လို လက်လုပ်ချဉ်တွေနဲ့ အာလူးကြော် စတာတွေ ဖြစ်တယ်။ ဆားပေါ့ခြောက်ဆိုတာကလည်း စားသုံးရမယ့် ဆားပမာဏထက်ကို များနေပါတယ်။ လူတစ်ယောက်က တစ်နေ့မှာ ဆား ၂ ဒသမ ၄ ဂရမ်ပဲ စားသင့်ပေမယ့် ခေါက်ဆွဲခြောက်တစ်ထုပ်မှာ ပါတဲ့ ပမာဏကကို အဲဒီလောက် ဖြစ်နေပြီ။ တစ်နေ့ မှာ ခေါက်ဆွဲခြောက်ထုပ် နှစ်ထုပ်စားရင် စားသင့်တဲ့ ပမာဏထက် ကျော်နေပြီ။

အိုင်အိုဒင်းဆားထဲမှာလည်း ဆားက ပါနေပါတယ်။ လည်ပင်ကြီးရောဂါကို ကာကွယ်ဖို့အတွက် အိုင်အိုဒင်းဆားက လိုအပ်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ဆားတစ်မျိုးပဲဖြစ်တဲ့အတွက် အသင့်အတင့်ပဲ စားသင့်ပါတယ်။

မေး ။ ဆား(ဆိုဒီယမ်)စားသုံးမှုများတာကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်က ပိုတက်စီယမ်ကို များများစားပေးရင် လျော့နည်းစေတယ်လို့ တချို့ကဆိုပါတယ်။ မှန်ပါသလား ဆရာ။
ဖြေ ။ ဒီလိုတော့မဟုတ်ပါဘူး။ သူများနိုင်ငံတွေမှာ တစ်ခုရှိတာက ဆိုဒီယမ်ဆားကို အစားထိုးစားသောက် နိုင်ဖို့ ပိုတက်စီယမ်ဆား(Potassium salt)ဆိုပြီး လုပ်ထားပါတယ်။ ဆိုဒီယမ်စားလိုက်ရင် ရေကိုဆွဲတဲ့ အာနိသင်ရှိတဲ့အတွက် အဆင်မပြေတော့ ဆိုဒီယမ်ကို အစားထိုးဖို့အတွက် ပိုတက်စီယမ်ဆား (Potassium salt)ဆိုပြီး နိုင်ငံခြားမှာ အစားထိုးပြုလုပ်ထားတယ်။

ဆရာတို့ WHO ရဲ့ ဖိတ်ကြားချက်အရ သွားခဲ့စဉ်က စင်ကာပူနိုင်ငံက ပိုတက်စီယမ်ဆားတွေကို ပြသခဲ့ပါတယ်။ ဒီလို ဆိုဒီယမ်အစားထိုး ဆားတွေကိုလုပ်လိုက်တဲ့အခါ အရသာကတော့ ပြောင်းသွားပါတယ်။ လူတွေက ဆားစားရတဲ့ အရသာကို လိုချင်ကြတဲ့အတွက် ပိုတက်စီယမ်ဆားကို သုံးတဲ့အခါ သိပ်မအောင်မြင်ကြဘူး။ ဈေးကလည်း ပိုကြီးတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ စင်ကာပူမှာရှိတဲ့ ပိုတက်စီယမ်ဆားက အရသာကို တတ်နိုင်သမျှ ဆားနဲ့မကွာအောင်လုပ်ထားတယ်။ ပြီးတော့ ပြည်သူလူထုကို ပညာပေးတယ်။ အတော်ဆုံး စားဖိုမှူးတွေ ခေါ်ပြီး ပိုတက်စီယမ်ဆားနဲ့ ချက်ထားတဲ့ ဟင်းလျာတွေချက်ပြတယ်။ ဆိုဒီယမ်ဆားနဲ့ ချက်တဲ့ ဟင်းလျာတွေနဲ့ယှဉ်ပြီး စင်ကာပူဝန်ကြီးချုပ်ကို ဖိတ်ခေါ်ပြီး မြည်းကြည့်ခိုင်းတယ်။ အရသာက အတူတူပဲဆိုတာ ပြည်သူတွေသိပြီး လက်ခံကျင့်သုံးလာအောင် တီဗီအစီအစဉ်တွေကနေ ပြသပါတယ်။

မေး ။ ဆားဟာလူ့ခန္ဓာကိုယ်မှာ ဘယ်လို ကောင်းကျိုးပြု နိုင်ပါသလဲ ဆရာ။
ဖြေ ။ ဆိုဒီယမ်က လူ့ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့ အတွက် လိုအပ်တာ မှန်ပါတယ်။ ဆဲလ်အပြင်ဘက် (Extracellular Fluid)မှာ ဆိုဒီယမ်ရှိဖို့လိုပြီး ဆဲလ်အတွင်းဘက်(Intracellular Fluid)မှာ ပိုတက်စီယမ်ရှိဖို့လိုပါတယ်။ ဆားမရှိရင် Hyponatremia ဆိုတဲ့ ဆိုဒီယမ်ဓာတ်နည်းတဲ့ အခြေအနေကြောင့် မူးမေ့တာတို့၊ လဲကျတာတို့ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အတွက် ဆားက မရှိမဖြစ် လိုအပ်တာမှန်တယ်။ ဆေးကုသတဲ့အခါ လူတစ်ယောက်က သတိနည်းနည်း မေ့ချင်တယ်၊ သတိလက်လွတ်ဖြစ်ချင်တယ်၊ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုရင် ဆိုဒီယမ် တွေနည်းနေတာ တွေ့ရတယ်။ အဲဒီအခါ ဆိုဒီယမ် ကို ပြန်ဖြည့်ရပါတယ်။ ဒါမှ လူနာက သတိပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ ဆားကို လိုအပ်တာထက် ပိုမစားမိဖို့တော့ အရေးကြီးပါတယ်။

မေး ။ ဘယ်လို ရောဂါဝေဒနာတွေ ရှိရင် ဆားစားသုံးမှု ကို လျှော့ချသင့်ပါသလဲ ဆရာ။
ဖြေ ။

ဖောနေတဲ့ လူနာတွေ၊ နှလုံးရောဂါကြောင့် ဖောတယ်၊ ကျောက်ကပ်ရောဂါကြောင့် ဖောတယ်၊ သွေးတိုးရောဂါကြောင့် ဖောတယ်..အဲဒီလို လူနာတွေ မှာ ဆားကို လျှော့စားလိုက်တာနဲ့ ဖောတာက သိသိသာသာ သက်သာသွားပါတယ်။ သွေးတိုးနေတဲ့သူတွေ ဆားလျှော့စားလိုက်ရင်

သွေးပေါင်က 5mmHg လောက် ကျသွားတယ်လို့ သီအိုရီတွေ ရှိပါတယ်။

မေး ။ ဆားစားသုံးမှု လွန်ကဲခြင်းနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။
ဖြေ ။ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ သွေးတိုးရောဂါ၊ လေဖြတ်တာတွေ ကာကွယ်နိုင်ဖို့ဆားကို လျှော့စားဖို့ တကယ်လို အပ်ပါတယ်။ ဆားဆိုတဲ့ နေရာမှာ ဆားတစ်မျိုးတည်းတင်မက အချိုမှုန့်စားတာကိုလည်း လျှော့ချရပါမယ်။ အချိုမှုန့်တွေက သွေးတိုးရောဂါကို တော်တော်ဒုက္ခပေးပါတယ်။ ကိုယ်စားရမယ့် ဆားပမာဏက လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျော်-နှစ်ဇွန်းနီးပါးလောက်ပဲရှိပါတယ်။ ဒါကြောင့် ပိုပြီး မစားမိပါစေနဲ့။ ဆားကို ပိုစားလိုက်ရင် သွေးတိုးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။

မြန်မာလူမျိုးတွေက ငါးခြောက်ကြော်၊ ငပိကြော် စတာတွေကိုများများစားလေ့ရှိတယ်။ ဒါတွေကို ဆင်ခြင်ဖို့လိုပါတယ်။ ဆားစားသုံးမှုကို ထိန်းချုပ်ဖို့ဆိုရင် ဆားကုန်သည်ကို ပိတ်လို့လည်း မရဘူး။ အိမ်မှာ ငါးခြောက်လှန်းတာ၊ ငပိလုပ်တာတွေ ရှိနေတော့ ပိတ်ပင်လို့မရဘူး။ ဒီတော့ လူတွေကိုပဲ ပြောရမယ်။ အဓိကက မြန်မာလူမျိုးတွေ အဓိကစားတဲ့ငပိ၊ ငါးခြောက်တွေမှာ ဆားဘယ်လောက်ပါသလဲဆိုတာကို အတိအကျမသိကြဘူး။ ဒီတော့ ဆားလျှော့စားပါလို့ပြောနေပေမယ့် ဘယ်လောက်လျှော့စားရမလဲဆို တာကိုလည်း မသိဘူးဖြစ်နေတယ်။ ဒီတော့ ပြည်သူလူထုကိုဆားနဲ့ဆားပါဝင်မှုများတဲ့ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့်စတာတွေကို လျှော့စားဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top