Healthy Life Ad
Life Style

မိခင်တို့၏ နုပျိုအောင် ထိန်းသိမ်းနည်းများ

၊ ငွေကြယ်စင်ယံ ၊

အိုမင်းတာ၊ နေရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင်အကြောင်းအချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးလာပေမယ့် အသားအရေတောက်ပမြဲ တောက်ပနေအောင် မိခင်တွေထိန်းသိမ်းလေ့ရှိတဲ့ သဘာဝအသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင်္ဘောသီး

သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်းအင်ဇိုင်း ပါဝင်မှုများတာကြောင့် သဘာဝအသားအရေချောမွေ့စေတဲ့ အစိုဓာတ်ထိန်းခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကိုပါးပါးလှီးပြီး ပုံမှန်လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီးအစက်အပြောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ်ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့တောက်ပစေပါတယ်။

ဘယ်လိုလိမ်းသင့်သလဲ

သင်္ဘောသီးက အသုံးပြုရလွယ်ပါတယ်။ သင်္ဘောသီးအနှစ်ကို ကြေညက်အောင်ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံလှည့်ပြီး တိုက်ရိုက်လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲကုန်မှာဖြစ်တာကြောင့် ကျန်တဲ့သင်္ဘောသီးကို စားပေးနိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင်တာကြောင့် အကျိုးရှိပါတယ်။

(၂) ထောပတ်သီး

အသားအရေက နူးညံ့ချောမွတ်နေစေဖို့အတွက် ဗီတာမင်တွေ လိုအပ်နေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် အေ၊ ဘီ၊ ဒီနဲ့ အီးတွေပါဝင်မှု များပါတယ်။ ငှက်ပျောသီးတစ်လုံးမှာထက် ပိုတက်စီယမ်ပါဝင်မှုပိုများပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါတာကြောင့် သဘာဝအစိုဓာတ်ထိန်းပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေးကြောင်းထင်တာနဲ့ ပါးရေတွန့်တာတွေလို အိုမင်းတဲ့လက္ခဏာတွေကို လျော့ကျစေပါတယ်။ ထောပတ်သီးမှာပါတဲ့ သဘာဝအဆီဓာတ်က မျက်နှာပြင်က အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ်ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံးကုသနည်းဖြစ်ပါတယ်။

ဘယ်လိုလိမ်းသင့်သလဲ

ထောပတ်သီးကို မျက်နှာပေါင်းတင်ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုးမရှိဘဲ အဆင်ပြေတဲ့နည်းပါ။ ပြုလုပ်နည်းကတော့ ထောပတ်သီး အမှည့်တစ်လုံးကို နုညက်တဲ့အထိ ကြိတ်ချေပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာလိမ်းပေးပါ။ အချိန် ၁၀မိ နစ်လောက်ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့သုတ်ပေးပါ။ ပိုပြီး အစိုဓာတ်ရစေဖို့အတွက် နွားနို့အနည်းငယ် ဒါမှမဟုတ် ပျားရည်လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက်ထည့်ပြီး မျက်နှာပေါ်လိမ်းပေးနိုင်ပါတယ်။

(၃) ပျားရည်

ပျားရည်ထဲမှာ အရေပြားကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေပါဝင်တဲ့အပြင် ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်းရှိပါတယ်။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင်ပစ္စည်းအနေနဲ့ နေ့စဉ်သုံးပေးသင့်တာ ဖြစ်ပါတယ်။

ဘယ်လိုသုံးသင့်သလဲ

ပျားရည်အနည်းငယ်ကို ရေနွေးအနည်းငယ်ရောထည့်ကာ ချောမွတ်တဲ့ထိမွှေပါ။ ဆံပင်တွေကို အကုန်စုသိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင်ပေးပါ။ ကြေးချွတ်တဲ့အာနိသင်ရလိုရင် အဆိုပါအရည်ထဲကို အညိုရောင်သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပြီး သန့်စင်သင့်ပါတယ်။ ပြီးမှ ရေနဲ့ဆေးကြောချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top