Healthy Life Ad
Health Tips

ကွန်ပျူတာသုံးရသူတို့ မျက်စိညောင်းညာစေတတ်သော အချက်ခုနစ်ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကွန်ပျူတာရှေ့မှာ အလုပ်ထိုင်လုပ်ရင်း မျက်စိညောင်းညာနေပြီလား။ ဒါဆိုရင် ဘာကြောင့်ဖြစ်ရသလဲဆိုတာ ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။

(၁) ဆေးညွှန်းစာအဟောင်းသုံးထားသည့် မျက်မှန်ကိုတပ်ခြင်း

ဆေးညွှန်းစာအဟောင်းနဲ့ လုပ်ထားတဲ့မျက်မှန်ကို မတပ်သင့်တော့ပါဘူး။ မျက်စိက သက်သောင့်သက်သာရှိရှိ ကြည့်နိုင်ဖို့ဆိုရင် ကွန်ပျူတာတပ်တဲ့အခါ အဆင်ပြေနိုင်မယ့် မျက်မှန်ကို မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြုလုပ်သင့်ပါတယ်။

(၂) မော်နီတာအဟောင်းနှင့် ကြည်လင်ပြတ်သားမှုနည်းသည့် စကရင်ကိုကြည့်ခြင်း

ကွန်ပျူတာမော်နီတာအဟောင်းနဲ့ ကြည်လင်ပြတ်သားမှုနည်းတဲ့ စကရင်ကိုကြည့်တာကြောင့် မျက်စိအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။ ကြည်လင်ပြတ်သားမှုအားကောင်းတဲ့ ကွန်ပျူတာစကရင်ကို ကြည့်တာကြောင့် မျက်စိဒဏ်ဖြစ်နှုန်း လျော့နည်းတတ်ပါတယ်။

(၃) ကွန်ပျူတာစကရင်နှင့် အနီးကပ်ထိုင်လွန်းခြင်း

ကွန်ပျူတာစကရင်နဲ့ ကပ်ပြီးထိုင်တာကြောင့် မျက်စိညောင်းညာစေပြီး အမြင်အာရုံ ဝေ၀ါးစေနိုင်ပါတယ်။

(၄) အလင်းစူးလွန်းခြင်း

အလင်းရောင်များလွန်းတာကြောင့် မျက်စိဒဏ်ဖြစ်နိုင်ပါတယ်။ ခေါင်းပေါ်မှာကျနေတဲ့ အလင်းရောင်က သင့်စကရင်အလင်းရောင်ထက်ပိုပြီး မတောက်ပသင့်ပါဘူး။

(၅) ကွန်ပျူတာ သြကျန က ဝေးလွန်းခြင်း

မောက်စ် Mouse က သင်နဲ့ဝေးလွန်းတယ်ဆိုရင် အဲဒီကိုလက်လှမ်းနေရတာကြောင့် ခန္ဓာကိုယ်က ကွန်ပျူတာစကရင်ဆီကို ငိုက်ကျသွားတတ်ပါတယ်။ အဲဒီအခါ မျက်စိညောင်းညာစေနိုင်ပါတယ်။

(၆) ခန္ဓာကိုယ် ကွေးလိမ်နေခြင်း

ခန္ဓာကိုယ်ကွေးလိမ်ပြီး ကွန်ပျူတာကို အနီးကပ်စိုက်မကြည့်ပါနဲ့။ ခါးကို တည့်မတ်အောင်ထားပြီး မေးစေ့က ရှေ့ကို ချွန်နေတဲ့အနေအထားနဲ့ စကရင်ကိုကြည့်သင့်ပါတယ်။ ခန္ဓာကိုယ်အနေအထားမှန်မှန်နဲ့ စကရင်ကို ကြည်ကြည်လင်လင် မကြည့်နိုင်ရင် မျက်စိဆရာဝန်ထံ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

(၇) ထောက်ပံ့မှုအားနည်းသော ထိုင်ခုံတွင်ထိုင်ခြင်း

အလုပ်လုပ်တဲ့အခါ ထိုင်ခုံကလည်း အရေးပါပါတယ်။ ခါးကိုတည့်မတ်နေအောင် ထောက်ပံ့ပေးပြီး ကွန်ပျူတာစကရင်ကို သက်သောင့်သက်သာကြည့်နိုင်တဲ့ အနေအထားမျိုးဖြစ်ဖို့ လိုပါတယ်။

ကွန်ပျူအသုံးများသူတို့ လိုက်နာရန်

– မျက်စိစစ်ဆေးမှု ခံယူပါ

မျက်စိဆရာဝန်က သင့်အမြင်အာရုံကို ဆန်းစစ်ပြီး ကွန်ပျူတာသုံးတဲ့အခါ အဆင်ပြေမယ့် မျက်မှန်ကို ညွှန်ကြားပေးပါလိမ့်မယ်။

– ကွန်ပျူတာကို စိုက်မကြည့်ပါနှင့်

ကွန်ပျူတာကို စိုက်ကြည့်တဲ့အခါ မျက်တောင်ခတ်ဖို့ မေ့နေတတ်ပါတယ်။ မကြာခဏ မျက်တောင်ခတ်ဖို့ သတိရပါ။ ဒါမှသာ မျက်စိစွတ်စိုပြီး သက်သောင့်သက်သာရှိနေမှာပါ။

– ၂၀-၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာပါ

မျက်စိဟာ ကွန်ပျူတာစကရင်နဲ့ လက်မ ၂၀ အနည်းဆုံး အကွာမှာရှိဖို့လိုပြီး မိနစ် ၂၀ ကြာတိုင်း စက္ကန့် ၂၀ ကြာ အနားပေးကာ အနည်းဆုံး ပေ ၂၀ အကွာက အရာတစ်ခုခုကို ကြည့်ပေးဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top