Healthy Life Ad
Health Tips

ဆောင်းတွင်းအဖြစ်များတဲ့ အသားအရေပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ . . .

၊ မီမိုးမေ(ဆးဝါးတက္ကသိုလ်) ၊

ဆောင်းတွင်းကာလမှာ သင့်အသားအရေကကြမ်းတမ်း ခြောက်သွေ့ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေပါသလား။ အရေပြား အထူးကုဆရာဝန်တွေက သင့်အသားအရေကို ဆောင်းရာသီမှာ ဘယ်လို ထိန်းသိမ်းသင့်တယ်ဆိုတာ လမ်းညွှန်ဖော်ပြထားပါတယ်။

(၁) အရေပြား ကြမ်းတမ်းပြီး အသားပပ်ခြင်း
အရေပြားကို အလွန်အမင်း သန့်စင်ဆေးကြောတာကြောင့် အရေပြားကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မျက်နှာသစ်ဆေးကိုပျော့ပျောင်းတဲ့ အမျိုးအစား Mild formula သုံးပါ။ “ဆောင်းရာသီမှာ အရေပြားကို အကာအကွယ်ပေးတဲ့ အဆီ တွေကိုထိန်းသိမ်းဖို့လိုပါတယ်။ ဒါကြောင့် အရေပြားကိုအ လွန်အမင်းဆေးကြောမပစ်ပါနဲ့”လို့ အရီဇိုးနားက အရေပြား အထူးကု ဆူဆန်ကဆိုပါတယ်။

ဖြေရှင်းနည်း ။ အသားအရေထိန်းသိမ်းမှုကို တိုးပြီးလုပ်ဆောင်ပါ။ မျက်နှာသစ်ပြီးချိန်မှာ Hyaluronic Acid ပါဝင်တဲ့အစိုဓာတ်ထိန်းခရင်မ်ကိုလိမ်းပြီး အိုင်းခရင်မ်လိမ်းပါ။ နေရောင်ကာကွယ်နိုင်တဲ့အစွမ်းပါဝင်ဖို့လည်း လိုပါတယ်။ အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီး ညလိမ်းခရင်မ်လိမ်းပေးပါ။

(၂) လက်ချောင်းများခြောက်သွေ့ခြင်
ရေနဲ့ လက်ဆေးဆပ်ပြာတွေသုံးပြီး မကြာခဏလက်ဆေးတာကြောင့် လက်တွေခြောက်သွေ့နေနိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပြီးတိုင်း လက်လိမ်းခရင်မ်လိမ်းပေးပါ။

ဖြေရှင်းနည်း ။ အိမ်အပြင်မထွက်ခင်မှာ လက်တွေကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ လက်ဆေးဆပ်ပြာဝယ်တဲ့အခါ မွှေးရနံ့ကင်းတဲ့ အပျော့စားဆပ်ပြာမျိုးကို ဝယ်သင့်ပါတယ်။

(၃) နှုတ်ခမ်းအက်ကွဲခြင်း
သင့်လက်ကိုင်အိတ်ထဲမှာ အမျိုးအစားကောင်းတဲ့နှုတ်ခမ်းဆိုးဆေးအဆီ (Lip Balm)ကို ထည့်ထားပေးပြီး နှုတ်ခမ်းတွေခြောက်သွေ့နေတယ်ထင်တိုင်း နှုတ်ခမ်းကို ဆိုးပေးသင့်ပါတယ်။ နှုတ်ခမ်းခြောက်သွေ့နေတာကို လျှာနဲ့လျက်တဲ့ အကျင့်မလုပ်ပါနဲ့။ ရေဓာတ်ပိုမိုခမ်းခြောက်ပြီး နှုတ်ခမ်းပိုအက် ကွဲနိုင်ပါတယ်။

ဖြေရှင်းနည်း ။ တာရှည်ခံတဲ့ နှုတ်ခမ်းနီကိုဆိုးပြီး အပေါ်ကနှုတ်ခမ်းဆိုးဆေးအဆီကို ထပ်မံဆိုးပေးပါ။ နှုတ်ခမ်းအက်ကွဲနေရင် စိုစွတ်တဲ့အဝတ်စ ဒါမှမဟုတ် နူးညံ့တဲ့နှုတ်ခမ်းကြေးချွတ်ဆေးကို သုံးပြီးနှုတ်ခမ်းသားကို ပွတ်တိုက်ပေးပါ။ နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေ ကင်းစင်သွားပါလိမ့်မယ်။ အဲဒီအခါမှာ ချက်ချင်း အစိုဓာတ်ထိန်းပေးပါ။ သံလွင်ဆီ၊ အလှဆီစတဲ့ အဆီတစ်မျိုးမျိုး သုတ်လိမ်းပေးပါ။

(၄) ခြေဖနောင့်ကြမ်းတမ်းအက်ကွဲခြင်း
ခြေဖနောင့်နေရာတွေ ကြမ်းတမ်းအက်ကွဲနေရင် ဗက်ဆလင်းအလှဆီ (vaseline) လိမ်းပြီး ချည်သားခြေအိတ်ကို ဝတ်ထားသင့်ပါတယ်။

ဖြေရှင်းနည်း ။ ပုံမှန်အစိုဓာတ်ထိန်းတာနဲ့ ကြေးချွတ်တာတွေကိုမလုပ်ရင် ခြေထောက် အသားမာတက်နိုင်ပါတယ်။ ညတိုင်း ခြေထောက်ကို ခရင်မ်(Foot Cream) လိမ်းပေးပါ။ တစ်ပတ် တစ်ကြိမ်ခြေထောက်ကို ကြေးချွတ်သန့်စင်ပေးပါ။ လုပ်ရမယ့်နည်းက အရင်ဆုံးခြေထောက်ကို ရေထဲစိမ်ပြီး ကြေးတွန်းကျောက်နဲ့ ညင်ညင်သာသာတိုက်ကာ ကြေးချွတ်ပေးပါ။ ပြီးရင် ခြေထောက်ကိုခြောက်သွေ့အောင်ထားပြီး ဂလိုင်ကောလစ် အက်စစ် (Glycolic Acid)နဲ့ ယူရီးယား(Urea)ပါတဲ့ ခရင်မ် လိမ်းကာ ကြမ်းတမ်းနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပါ။

(၅) လက်မောင်းနှင့် ခြေသလုံးများ ကြမ်းတမ်းခြောက်သွေ့ ခြင်း
ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ အရေပြားတွေက မျက်နှာပေါ် ဖုံးအုပ်ထားတဲ့ အရေပြားတွေထက် အဆီဂလင်း ပိုနည်းပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အရေပြားကို အစိုဓာတ်ပိုထိန်းဖို့လိုပါတယ်။ ဂလစ်ဆရင်း၊ Petroleum, Shea Butter နဲ့ Ceramide တို့ ပါဝင်တဲ့ ခရင်မ်လိမ်းပြီး အစိုဓာတ်ထိန်းသင့်ပါတယ်။

ဖြေရှင်းနည်း ။ တစ်ပတ်မှာ တစ်ကြိမ်ပဲကြေးချွတ်ပါ။ ကြေးချွတ်တာကြောင့် ဆဲလ်သေတွေ ကွာကျသွားပါလိမ့်မယ်။ ရေနွေးနဲ့ ရေချိုးတာကို အချိန် ၁၀ မိနစ်လောက်ပဲထားပါ။ ပူလွန်းတဲ့ရေနဲ့ ချိုးတာကြောင့် အရေပြားရဲ့ သဘာဝအဆီဓာတ်တွေ လျော့ပါးသွားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top