Healthy Life Ad
Life Style

ခြင်ကိုက်ခံရခြင်းနှင့် အရေပြားပြဿနာများ

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ခြင်ကိုက်ရင် အရေပြားမှာ ဘယ်လိုပြောင်းလဲတတ်ပါသလဲ ဆရာမ။

ဖြေ. ခြင်ကိုက်တဲ့အခါ အရေပြားက ဓာတ်မတည့်မှုဖြစ်ပြီး ရောင်လာတတ်ပါတယ်။ မိနစ်ပိုင်းအတွင်း ခြင်ကိုက်တဲ့အရေပြားမှာ အနီဖုလေးတွေ၊ အရည်ကြည်ဖုလေးတွေ တွေ့နိုင်ပါတယ်။ အရေပြားမှာ အနီပြင်၊ အနီဖု၊ ရည်ကြည်ဖု၊ ကုတ်ရာ အမာရွတ်တွေ တွေ့နိုင်ပါတယ်။ ခြင်ကိုက်တဲ့အခါ ယားလာမယ်၊ အရေပြားမှာ အနီဖုပေါ်လာမယ်၊ သွေးခြေဥမယ်၊ အရေပြားရောင်မယ်။ အင်ပြင်လို အနီဖုလေးတွေ ဖြစ်တတ်ပါတယ်။

မေး. ခြင်ကိုက်ဖုအနာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာမ။

ဖြေ. ကိုယ်ခံစွမ်းအားစနစ်က ခြင်ကိုက်တာကို တုံ့ပြန်လို့ဖြစ်ရတာပါ။ အပြင်ကနေ ဓာတ်မတည့်မှုဖြစ်စေမယ့် လှုံ့ဆော်မှုတစ်မျိုးဝင်လာတော့ ခန္ဓာကိုယ်ကတုံ့ပြန်ပြီး ယားလာတာပါ။

မေး. ခြင်ကိုက်တာကြောင့် လူတစ်ဦးနဲ့တစ်ဦး ယားတာတူပါသလား ဆရာမ။

ဖြေ. တချို့လူတွေက ခြင်ကို ပိုဆွဲဆောင်နေတတ်သလို ဖြစ်နေပါတယ်။ သူတိုကိုပဲ ပိုကိုက်တယ်လို့ ထင်ရလောက်အောင် ခြင်ကိုက်ရာတွေ များနေတတ်ပါတယ်။ သူတို့က ပိုလည်းယား၊ ပိုလည်း ကုတ်တတ်ကြပါတယ်။ တချို့ကတော့ ကိုယ်ခံစွမ်းအားစနစ်ကိုက ခြင်ကိုက်တာကို တုံ့ပြန်မှုများပါတယ်။ တချို့ဆို ခြင်ကိုက်လိုကိုက်မှန်း မသိကြပါဘူး။ တချို့ကလေးတွေက ကြီးလာလေလေ၊ ခြင်ကိုက်တာကို ပိုယားလေလေဖြစ်တာကို တွေ့ရပါတယ်။ ခြင်မတည့်တဲ့စွမ်းရည်က ပိုများလာလို့ပါ။ အသက်တစ်နှစ်ကနေ ငါးနှစ်အရွယ်အထိ ကလေးငယ်တွေက ခြင်ကိုက်တာကို ပိုယားတတ်ပါတယ်။ တချို့လူတွေမှာ ခြင်ကိုက်တာကို အဖုအင်ပြင် (Papular Urticaria)အနေနဲ့ မြင်ရပါတယ်။ တချို့လူတွေခြင်ကိုက်တဲ့အခါ ကုတ်လိုက်ရင် အရေပြားမှာ အင်ပြင်လို အနီပြင်တွေ ထွက်တတ်ပါတယ်။ ခြင်က ပိုဝသူတွေ၊ အိုသွေးအုပ်စုပိုင်ရှင်တွေကို ပိုကိုက်တတ်တယ်လို့တော့ ပြောကြပါတယ်။ အဝတ်အရောင်ရင့် ဝတ်ထားတဲ့သူကို ရွေးပြီးပိုကိုက်တတ်ပါတယ်။

မေး. ခြင်ကိုက်ဖုတွေဖြစ်ရင် အမြန်ဆုံး သက်သာပျောက်ကင်းအောင် ဘယ်လိုကုသရမလဲ ဆရာမ။

ဖြေ. ခြင်ကိုက်ဖုတွေဖြစ်ရင် ကုသပုံက ယားစကတည်းကမကုတ်ဘဲ ရေအေးဖတ်လေး တင်ထားရင်၊ ရေအေးအေးနဲ့ ဆေးလိုက်ရင် သက်သာပါတယ်။ ဒါမှအဆင်မပြေရင် အယားပျောက်ဆေးလိမ်ရပါမယ်။ ဆက်ကုတ်ရင်းခြင်ကိုက်ဖုက နီနေပြီဆိုရင် အရောင်ကျဆေးလိမ်းသင့်ပါတယ်။

မေး. ခြင်ကိုက်ဖုတွေကို ကုတ်တာကြောင့် အနာတွေဖြစ်တတ်ပါလား ဆရာမ။

ဖြေ. ခြင်ကိုက်တာလေးပါ ဆိုပေမယ့် ခြင်ကိုက်တာမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိတတ်ပါတယ်။ ကုတ်ရင်းကုတ်ရင်းကနေ ပြည်ဝင်၊ ပိုးဝင်၊ ပြည်တည်နာဖြစ်ပြီး အနာရင်းတတ်ပါတယ်၊ ခြေထောက်မှာ အနာဖြစ်ရင် ပေါင်ကျိတ်ကြီးလာတတ်ပါတယ်။ ကုတ်ရာနက်ရင်၊ ခြေသလုံးနဲ့လက်တွေမှာ အမာရွတ်ကျန်တတ်ပါတယ်။ အရေပြားထိခိုက်ပြီး အရေပြားအရောင် ညိုလာ၊ မည်းလာတတ်ပါတယ်။ တချို့ကတော့ အရေပြားကို ဖဲ့ကျင့်ပါနေလို့ ယားယား၊ မယားယား ဖဲ့တတ်တဲ့အကျင့်ဖြစ်သွားပြီး၊ နာတာရှည် နှင်းခူအနာလုံးတွေဖြစ်ကာ ရုပ်ဆိုးနေတော့ပါတယ်။

မေး. ခြင်ကိုက်ဖုကနေဖြစ်တဲ့ အနာတွေပျောက်အောင် ဘာလုပ်သင့်ပါသလဲ ဆရာမ။

ဖြေ. ခြင်ကိုက်တဲ့အခါမကုတ်ရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ အနာဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းပြသသင့်နေပါပြီ။ ခြင်ကိုက်ဖုပေါ်မှာ အရောင်ကျဆေးနဲ့ အယားပျောက်ဆေးတွေ လိမ်းရပါမယ်။ သောက်ဆေးတွေသောက်ရပါမယ်။ ခြင်က အရေပြားတစ်နေရာကို ကိုက်လိုက်ရင် တခြားနေရာဟောင်းတွေကလည်း ယားလာတတ်တာကို သတိထားရပါမယ်။

ခြင်ကိုက်ရာ အနာမပျောက်ရင် ခြင်ကိုက်ရာမှ ဟုတ်ရဲ့လား၊ ရောဂါတစ်ခုခု ရှိနေလားဆိုတာ စစ်ဆေးသင့်ပါတယ်။ ဥပမာ- ကိုယ်ခံစွမ်းအားကျတဲ့ AIDS ဝေဒနာရှင်တွေမှာ ယားနာတွေဖြစ်တတ်ပါတယ်။ ခြင်ကိုက်ရာကို အရေပြားကတုံ့ပြန်ပြီး ပိုယားနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ . . .

မေး. ခြင်ကိုက်ဖုနဲ့ တွဲဖြစ်တတ်တဲ့ တခြားကျန်းမာရေး ပြဿနာတွေရှိရင် သိပါရစေ ဆရာမ။

ဖြေ. ခြင်ကိုက်ရာ အနာမပျောက်ရင် ခြင်ကိုက်ရာမှဟုတ်ရဲ့လား၊ ရောဂါတစ်ခုခု ရှိနေလားဆိုတာ စစ်ဆေးသင့်ပါတယ်။ ဥပမာ- ကိုယ်ခံစွမ်းအားကျတဲ့ AIDS ဝေဒနာရှင်တွေမှာ ယားနာတွေ ဖြစ်တတ်ပါတယ်။ ခြင်ကိုက်ရာကို အရေပြားက တုံ့ပြန်ပြီး ပိုယားနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြင်ရဲ့တံတွေးကို သာမန်ထက်ပိုပြီး ပြင်းထန်စွာတုံ့ပြန်ပြီး ယားစေတာကြောင့်ပါ။ ဒါကြောင့် ခြင်ကိုက်တာဆိုးလာရင်၊ မပျောက်ရင်၊ အချိန်တိုအတွင်းဖြစ်လာရင် AIDS ရောဂါကို စစ်ကြည့်ဖို့လိုပါတယ်။

– ဆီးချိုသွေးချိုရောဂါရှင်တွေကတော့ ခြင်ကိုက်ရာကိုပဲ ကုတ်လိုက်ရင် ပိုးဝင်လွယ်ပြီး၊ ပြည်တည်နာ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ခြင်ကိုက်တဲ့အခါ ပြည်တည်နာဖြစ်လွယ်ရင် ဆီးချိုသွေးချိုရောဂါကို စစ်ကြည့်ဖို့ လိုအပ်ပါတယ်။

– ဒါ့အပြင် ခြင်ကိုက်ဖုနဲ ့တူတဲ့ ဝဲယားနာ၊ ကာလသားရောဂါ၊ ဆေးဓာတ်မတည့်တာ၊ မွေးညင်းပေါက်ရောင်တာ၊ ဓာတ်မတည့် နှင်းခူရောဂါတို့ကို သတိထားရပါတယ်။

– လှေး၊ လောက်၊ ကြမ်းပိုး၊ ခွေးသန်း၊ ကြောင်သန်း၊ အိမ်ဖုံကောင်တို့ကြောင့် ယားပြီး၊ ကုတ်ရင်း အနီဖုလေးတွေနဲ့ ခြင်ကိုက်ရာက အလွန်တူတာကြောင့် ဘာကြောင့်ယားသလဲဆိုတာကိုလည်း သေသေချာချာ စစ်ဆေးဖို့လိုပါတယ်။

– ခြင်ကိုက်ရာ သေချာပြီဆိုရင် ခြင်ကိုက်ကာကွယ်ဖို့ ပညာပေးပြောပြရပါတယ်။

မေး. ခြင်မကိုက်အောင် ကာကွယ်ဖို့ ဘာတွေလိုက်နာသင့်ပါသလဲ ဆရာမ။

ဖြေ. ခြင်မကိုက်အောင်-

– ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် ဝတ်ရပါမယ်။ လုံခြည်ရှည်ရှည် ဝတ်ရပါမယ်၊ ခြေစွပ်စွပ်ရမယ်။ အဝတ်အစားကို ခြင်ကိုက်မယ့်အချိန်မှာ အရောင်ရင့်ရင့်မဝတ်ဘဲ အရောင်နုတာ ရွေးဝတ်ရပါမယ်၊ ခြေသလုံး၊ လက်မောင်း၊ ခြေဖမိုး၊ လက်အထိ အဝတ်ဖုံးထားရပါမယ်။ ခြင်သိပ်ကိုက်တဲ့ နေရာတွေမှာဆိုရင် မျက်နှာဖုံးတောင် စွပ်ထားပါလို့ပြောကြတယ်။ အဝတ်အစားတွေကို ခြင်မကိုက်စေမယ့် ဆေးတို့ရမယ်၊ ဖြန်းရပါမယ်။

– ခြင်ကိုက်တာကို ကာကွယ်တဲ့ဆေးတွေ ဥပမာ – Permethrin ကို အရေပြားပေါ် တိုက်ရိုက်လိမ်းတာရှောင်ရပါမယ်။

– ခြင်အကိုက်ဆုံးအချိန်က ညနေစောင်းနဲ့ မနက်အရုဏ်တက်အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ညနေစောင်းလာရင် အိမ်အပြင်မှာထိုင်တတ်တာ ရှောင်ရမယ်။

– အိမ်ထဲကို ခြင်မဝင်အောင်ထားရမယ်။ ရေဝပ်ရင် ခြင်ဥနိုင်လို့ ခြင်ပေါက်ပွားနိုင်တဲ့ ရေနုတ်မြောင်းတွေကို သန့်ရှင်းရေး ပြုလုပ်ရမယ်။ ခြုံပုတ်ရှင်းရမယ်၊ အိမ်ပြတင်းပေါက်မှာ ခြင်သံဆန်ခါတွေ တပ်ရမယ်။

– ကျောင်းသားတွေ စာကျက်ရင် ခြင်ထောင်အကြီးကြီးထဲမှာ ထိုင်ကျက်တာက ခြင်မကိုက်နိုင်တော့ပါဘူး။ ကျောင်းသွားရင် ပုဝါလိုချုပ်ထားတဲ့ အရောင်နုနုအဝတ်ကို ခြေထောက်မှာပတ်ထားပြီး စာရေး၊ စာဖတ်လုပ်သင့်ပါတယ်။ ဒါမှ ခြင်မကိုက်နိုင်တော့မှာ ဖြစ်လို့ပါ။

– ခြင်ပေါက်ပွားမယ့် နေရာတွေကို သန့်ရှင်းရေးပြုလုပ်ရပါမယ်။ ဥပမာ- ရေဟောင်း၊ ရေညစ်တွေသွန်တာတို့၊ ပန်းအိုးကို ရေမှန်မှန်လဲတာတို့ ပြုလုပ်ရပါမယ်။ ရေမြောင်းတွေပိတ်ဆို့နေတာ သန့်ရှင်းရပါမယ်။

– ခြင်ဝင်နိုင်တဲ့ အိမ်အပေါက်တွေကို ပြင်ရမယ်။ ခြင်ကြောက်တဲ့ ရနံ့ကိုသုံးရမယ်။ အားလုံးသိတဲ့အတိုင်း လိမ္မော်ခွံမီးရှို့တာ၊ ဆနွင်းမီးရှို့တာနဲ့ ခြင်ဆေးထွန်းတာတို့ကို ပြုလုပ်ရပါမယ်။

မေး. ခြင်ကိုက်ဖု၊ ခြင်ကိုက်အနာတွေနဲ့ပတ်သက်ပြီး မလုပ်သင့်တဲ့ အယူအဆတွေရှိရင် ပြောပြပေးပါ ဆရာမ။

ဖြေ. ခြင်ကိုက်ရာဖြစ်ရင် အရေပြားပေါက်ပြဲနေလို့ ပိုးဝင်လွယ်ပါတယ်။ သန့်ရှင်းအောင်မနေဘူးဆိုရင် ပိုးဝင်တတ်ပါတယ်။

– ခြင်ကိုက်ရာရှိနေတဲ့ အရေပြားကို ဆုတ်ဆွ၊ ဖဲ့ခြစ်တာမျိုး မလုပ်သင့်ပါဘူး၊ အရေပြား ပျက်စီးတတ်ပါတယ်။

– အရေပြားကို စားစေမယ့် ဆေးမျိုးမလိမ်းသင့်ပါဘူး။ အမာရွတ်ကျန်တတ်ပါတယ်။

မေး. ခြင်ကိုက်ဖုအနာတွေကြောင့် အမာရွတ်မထင်အောင် ဘာလုပ်သင့်ပါလဲ ဆရာမ။

ဖြေ. ခြင်ကိုက်ခံရရင် တတ်နိုင်သလောက် ကုတ်ချင်စိတ်ကိုထိန်းပါ၊ သိပ်ကုတ်ချင်လာရင် ဖိထားပါ၊ အာရုံပြောင်းပြီး ကုတ်ချင်စိတ်ပျောက်သွားပါလိမ့်မယ်။ ခြင်ကိုက်ရာကို ရေဆေးလိုက်ပါ၊ ရေခဲဖတ်ကပ်ပါ။ အယားပျောက်ဆေးလိမ်းပါ။

မေး. ခြင်ကိုက်ဖုနဲ့ပတ်သက်ပြီး အများပြည်သူကိုထပ်မံ အသိပေးလိုတာရှိရင် သိပါရစေ ဆရာမ။

ဖြေ. ခြင်ကိုက်တဲ့အခါ အသက်အန္တရာယ်မထိခိုက်တတ်ဘူးဆိုပေမယ့်၊ အသက်အန္တရာယ် ထိခိုက်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ငှက်ဖျားရောဂါတို့လည်း ဖြစ်တတ်ပါသေးတယ်။ အဖျားရောဂါတစ်မျိုး (Yellow Fever)နဲ့ ဦးနှောက်အမြှေးရောင်ရောဂါတွေလည်း ဖြစ်တတ်ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top