Healthy Life Ad
Life Style

ဒူးအဆစ်တီဘီရောဂါ

ပါမောက္ခဦးနေဝင်း အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အဆစ်မှာ ဖြစ်တတ်တဲ့ တီဘီရောဂါအကြောင်း သိပါရစေဆရာ။

ဖြေ. လူအများသိတာက အဆုတ်မှာဖြစ်တဲ့ တီဘီရောဂါပါ။ ဒါပေမဲ့ တီဘီရောဂါက တစ်ကိုယ်လုံးကို ပျံ့နှံ့ ပြီးဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာ အရိုးနဲ့ အဆစ်တွေကို လည်း ပျံ့နှံ့ပြီး တီဘီရောဂါ ဖြစ်နိုင်ပါတယ်။ အဆစ် မှာ တီဘီအဖြစ်များတာက ပေါင်အဆစ်တီဘီဖြစ်ပြီး ဒုတိယအဖြစ်များတာက ဒူးအဆစ်မှာဖြစ်တဲ့ တီဘီ ရောဂါဖြစ်ပါတယ်။

မေး. ဒူးအဆစ်တီဘီက ဘယ်လိုဖြစ်ရတာပါလဲ ဆရာ။

ဖြေ. အဆစ်မှာဖြစ်တဲ့ တီဘီတွေက အများအားဖြင့် အဆုတ်ကဖြစ်ဖြစ်၊ အူလမ်းကြောင်းကဖြစ်ဖြစ် လာ တဲ့ တီဘီတွေ များပါတယ်။ တီဘီပိုးတွေက သွေးက နေတစ်ဆင့် ပါလာပြီး အဆစ်ကို ရောက်လာလို့ ဒူးအဆစ်မှာ တီဘီဖြစ်ရတာပါ။

မေး. ဒူးအဆစ်တီဘီက ဘယ်အသက်အရွယ်တွေမှာ ဖြစ်လေ့ရှိပါသလဲ ဆရာ။

ဖြေ. ဒူးအဆစ်တီဘီက လူငယ်တွေမှာ ဖြစ်တာများပါ တယ်။ ဒါပေမဲ့ လူကြီးတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒီရောဂါက တခြားရောဂါတွေလို ဝုန်းဒိုင်းထ ဖြစ်တာမျိုးမဟုတ်ပါဘူး။ တဖြည်းဖြည်း ဖြစ်လာတာ မျိုးပါ။ အများအားဖြင့် လူတွေက တော်ရုံတန်ရုံနာရင် ဆေးခန်းကို မလာနိုင်တဲ့အတွက်ကြောင့် ဒူးအဆစ် တီဘီရောဂါကလည်း များသောအားဖြင့် နောက်ကျပြီးမှ တွေ့လေ့တွေ့ထရှိပါတယ်။ တီဘီရောဂါကလည်း ဒူးနာတာထဲမှာ အကြောင်းရင်း တစ်ခုပါပဲ။ ဒါကြောင့် ဒီရောဂါကို တီဘီဒူးနာရောဂါလို့လည်း ခေါ်ပါတယ်။

မေး. ဒူးအဆစ်တီဘီရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာ တွေကို တွေ့ရတတ်ပါသလဲ ဆရာ။

ဖြေ.

ဒူးအဆစ်တီဘီရောဂါဖြစ်ရင် ပြည်ပိုးဝင်တာတို့လို တအားနာတာမျိုး မရှိပါဘူး။ အစပိုင်းမှာ နည်းနည်း အောင့်တာ၊ နည်းနည်းနာတာ၊ နည်းနည်းရောင်တာ တွေ ဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း ပိုဆိုးလာ တတ်ပါတယ်။ ဒီလိုနာတာ၊ ရောင်တာတွေဖြစ်ရင် ဒူးတစ်ဖက်တည်းမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါရဲ့ သဘောတရားက နာတာတွေ၊ ရောင်တာတွေ ဆက်တိုက်ဖြစ်တတ်ပြီး ပြန်ကျသွားတယ်ဆိုတာ မရှိပါဘူး။ ဝေဒနာပျောက်သွားတယ်ဆိုတာလည်း မရှိပါဘူး။ တဖြည်းဖြည်း ပိုဆိုးလာတဲ့သဘောပဲ ရှိပါတယ်။

ဒါက ဒီရောဂါရဲ့ ထူးခြားချက်ပါ။ ဖြစ်တာ ကြာလာရင် ခြေထောက်ကို အသုံးချတာ နည်းလာပါတယ်။ ပေါင်ကြွက်သားတွေ သိမ်လာပါတယ်။ နောက်ပိုင်း အဆင့်တွေ ရောက်လာလို့ ရောဂါအဆင့် တိုးလာရင် ဒူးက ပုံပျက် လာတတ်ပါတယ်။ ဒူးက နွေးနွေးလေး ဖြစ်နေတတ်ပြီး အဆစ်ပုံပျက်တာ၊ ယိုယွင်းတာတွေ ဖြစ်တတ်ပါတယ်။ တချို့အဆစ်နာရောဂါတွေလို တစ်ဖက်ပြီး တစ်ဖက်နာတာမျိုး၊ တခြားအဆစ်တွေပါလိုက်ပြီး နာတာမျိုးတွေ မရှိပါဘူး။ ကြာလာရင် အဆစ်လွဲတာ၊ အဆစ်ဝန်းကျင်မှာ တီဘီပြည်ဖုတွေ (Cold Abscess)တို့ ထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။ ပြည်တွေ ပေါက်ပြီး အနာတွေ ဖြစ်လာတတ်ပါတယ်။ ဖြစ်လာတဲ့ အနာတွေကလည်း တော်တော်နဲ့ မကျက်ပါဘူး။ ဒါကို Tuberculous Sinus ခေါ်ပါတယ်။ ဒူးလည်း နည်းနည်းကွေးလာပါတယ်။ အဆစ်လည်း နည်းနည်း လွဲလာပါတယ်။ သိပ်ဆိုးတဲ့ အဆင့်မှာ ကောင်းကောင်း လမ်းမလျှောက်နိုင်တော့တာမျိုး ဖြစ်လာတတ်ပါတယ်။

မေး. ခန္ဓာကိုယ်မှာရော တခြား ဘယ်လို လက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

ဖြေ. ဒီလက္ခဏာတွေအပြင် တီဘီပိုးဝင်တာကြောင့် ဖြစ်တဲ့လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ အစားအသောက် ပျက်လာမယ်၊ ပိန်လာမယ်၊ ညနေဘက် မှာ အဖျားတက်လာမယ်၊ ရွှင်ရွှင်လန်းလန်းမရှိဘူး အစ ရှိတဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ အဆုတ် ကို ဓာတ်မှန်ရိုက်ကြည့်ရင် အဆုတ်မှာလည်း တီဘီ ဖြစ်တဲ့ လက္ခဏာရှိနေနိုင်ပါတယ်။

မေး. ဒူးအဆစ်တီဘီရောဂါဖြစ်နေမှန်း ဘယ်လိုစစ် ဆေးသိရှိနိုင်ပါသလဲ ဆရာ။

ဖြေ. ဒီရောဂါဖြစ်မှန်း သေချာအောင် သွေးစစ်ပြီး ESR စစ်ရပါတယ်။ ESR တက်နေရင်၊ Mantoux Test u Positive ဖြစ်နေရင် တီဘီပိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။ သေချာအောင် တစ်ခါတလေ အဆစ်ကို အသားစယူစစ်ဆေးမှု (Biopsy) လုပ်ကြည့်ရပါတယ်။ အများအားဖြင့် ဓာတ်မှန်ရိုက်ကြည့်ရင် အဆစ် တီဘီ လက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဖြစ်ခါစမှာတော့ ကြီးကြီးကျယ်ကျယ်မတွေ့ရပါဘူး။ နောက်ပိုင်း အဆစ်ပတ်ပတ်လည်မှာ အရိုးပါးလာတာ၊ အရိုးစား လာတာ၊ အရိုးပြည်တည်တာစတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေကို တွေ့ရင် တီဘီသေချာပြီဆိုတာ သိနိုင်ပါတယ်။

မေး. ဒူးအဆစ်တီဘီရောဂါကို ဘယ်လိုကုသမှုပေးလေ့ ရှိပါသလဲ ဆရာ။

ဖြေ. တီဘီသေချာရင် ပထမဆုံးအနေနဲ့ တီဘီဆေး ပေးပြီး ကုသရပါတယ်။ တီဘီဆေးကို စိတ်ချရအောင် အနည်းဆုံး တစ်နှစ်လောက်ပေးပြီး ကုသရပါတယ်။ တစ်နှစ်အတွင်းမှာ ဆေးပမာဏကို အတိုးအလျှော့ လုပ်ရပါတယ်။
ရောဂါကို စောစောစီးစီးတွေ့လို့ အဆစ်မျက်နှာပြင် မပျက်စီးသေးဘူးဆိုရင်တော့ ပြန်ကောင်းသွား နိုင်ပါတယ်။ ဒါပေမဲ့ အနားယူဖို့တော့ လိုပါတယ်။ ခြေထောက်ဆန့်ပြီး နားပေးရပါမယ်။ ခြေထောက်တွေ ကွေးနေရင် လမ်းလျှောက်ရမှာ ခက်နေတဲ့အတွက်ကြောင့် ဆန့်သွားအောင်ကျောက်ပတ်တီး စည်းသင့်ပါက စည်းပြီးကုသမှုပေးပါတယ်။ လိုအပ်ရင် Tract­ion ဆွဲပြီး ကုသပေးပါတယ်။ ဒီလို ကုသမှုပေးတဲ့ အတွက် ဖြစ်နေတဲ့အဆစ်ကို အနားပေးတဲ့သဘော ဖြစ်သွားပါတယ်။ တီဘီဆေးပေးပြီး ကုသမှု ပေးပါတယ်။ များသောအားဖြင့် အဆစ်က သိပ်မပျက်စီးသေးဘူးဆိုရင် ပြန်ကောင်းဖို့ အလားအလာများပါတယ်။
ဒါပေမဲ့ ရောဂါစတွေ့ကတည်းက ဓာတ်မှန်အရ အဆစ်တွေက စားသွားပြီ၊ ပုံပျက်ပြီး နာနေတဲ့ အခြေအနေ၊ ပြန်အသုံးပြုလို့ မရတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုရင် ဒူးကို ခိုင်သွားအောင် ခွဲစိတ် ကုသမှုပေး ရပါတယ်။ ဒီနည်းကို Knee Fusion လုပ်တယ်လို့ ခေါ်ပါတယ်။ ဒီနည်းက ဒူးအဆစ်ကို ဖြတ်ပြီး အရိုးတွေ ကို ဆက်ပေးတဲ့နည်းပါ။ ဒူးအဖြောင့်ပုံစံအတိုင်း ဆက်ပေးလိုက်ရင် လမ်းလျှောက်လို့ရပါတယ်။ ပေါင်ကိုတော့ ကွေးလို့ ရပေမယ့် ထိုင်တဲ့အခါ ဒူးကို ကွေးလို့ မရပါဘူး။ ဒူးက အဖြောင့်အတိုင်းပဲ ဖြစ်နေပါမယ်။အများအားဖြင့် ဒီလို ခွဲစိတ်ကုသမှုကို ခံယူပြီးတဲ့ လူနာ တွေက ကျေနပ်မှု ရရှိသွားတတ်ကြပါတယ်။ အရင်တုန်းက လမ်းလည်းလျှောက်လို့မရဘူး၊ နာလည်း နာနေတယ်၊ တစ်ချိန်လုံး ဒုက္ခပေးနေတဲ့ အဆစ်ဟာ ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ သက်သာသွားပါတယ်။ လမ်းလျှောက်နိုင်ပါတယ်။ ဒူးကွေးလို့ မရပေမယ့် လူ နာတွေအနေနဲ့ ကျေနပ်သွားတတ်ကြပါတယ်။ ခွဲစိတ်ပြီးရင်လည်း ချက်ချင်းတော့ ပြန်မကောင်းနိုင်ပါဘူး။ အချိန်နှစ်လ၊ သုံးလလောက် အနားယူပေးဖို့ လိုပြီး နောက်ပိုင်းမှာတော့ ကောင်းသွားပါလိမ့်မယ်။

မေး. ဒူးအဆစ်တီဘီရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. တီဘီရောဂါမဖြစ်အောင် ကာကွယ်ရပါမယ်။ အနီးအနားမှာ တီဘီရောဂါသည်ရှိရင် ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံစွမ်းအား ကောင်းအောင် ဂရုစိုက်သင့်သလို ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ လက်နဲ့ အုပ်ထား ဖို့လည်းလိုပါတယ်။ ချောင်းဆိုးတာ ကြာလာရင်၊ ပိန်လာရင်၊ အစားအသောက်ပျက်လာရင်၊ ညနေဘက် ဖျားလာရင် အဆုတ်ကို ဓာတ်မှန်ရိုက်သင့်ရင် ရိုက်ပေး ရပါမယ်။ ဒူးအဆစ်တီဘီက အဆုတ်နဲ့ အူလမ်းကြောင်းက တစ်ဆင့်ပျံ့နှံ့ပြီး ဖြစ်တာဆိုတော့ အဲဒီ နေရာတွေမှာ တီဘီမဖြစ်အောင် ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။

_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top